Forbes မဂ္ဂဇင်းကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဝင်ငွေအများဆုံး ကစားသမားစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အားကစားပွဲ တော်တော်များများ ရပ်နားထားလိုက်ရာ ဝင်ငွေ စုစုပေါင်းလည်း ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဝင်ငွေအများဆုံး ကစားသမား အယောက် ၁၀၀ ရဲ့ စုစုပေါင်း ဝင်ငွေဟာ ၃ ဒဿမ ၆ ဘီလီယံ ရှိခဲ့တာဖြစ်လို့ ၂၀၁၉ ခုနှစ်ထက်စာရင် ၉ ရာခိုင်နှုန်းလောက် လျော့နည်းသွားပါတယ်။ ဒီနှစ်ရဲ့ ဝင်ငွေအများဆုံးကတော့ တင်းနစ် ကစားသမား ရော်ဂျာဖက်ဒယ်ရာဖြစ်ပြီး မနှစ်က ဝင်ငွေအများဆုံး ဖြစ်ခဲ့တဲ့ စီရောနယ်ဒိုကို ဖြတ်ကျော်သွားခဲ့တာ ဖြစ်ပါတယ်။
ရော်ဂျာဖက်ဒယ်ရာရဲ့ ဝင်ငွေစုစုပေါင်းကတော့ ၁၀၆ သန်းရှိပြီး လွန်ခဲ့တဲ့ ၄ နှစ်အတွင်း သုံးကြိမ်ဆက်တိုက် ပထမနေရာကို ရယူထားနိုင်ခဲ့တဲ့ စီရော်နယ်ဒို နဲ့ လီယွန်နယ် မက်ဆီကတော့ ဒီနှစ်မှာ ဝင်ငွေအများဆုံး ဒုတိယနဲ့ တတိယနေရာမှာပဲ ရှိနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ပေါင်း ဝင်ငွေ ၂၀၉ သန်းပဲရှိခဲ့ပြီး ဒါဟာမနှစ်က ထက်စာရင် ၂၈ သန်း လျော့နည်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဥရောပတိုက်ရှိ ဘောလုံးကစားပွဲတွေကို မေလကစ ရပ်နားထားခဲ့ရသလို၊ လစာလျော့ချတာတွေကြောင့် ဝင်ငွေလျော့နည်းသွားခဲ့ရတာဖြစ်ပါတယ်။
ရော်ဂျာဖက်ဒယ်ရာဟာ နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ Uniqlo, Credit Suisse နဲ့ Mercedes-Benz အပါအဝင် လုပ်ငန်း ၁၀ ခုကနေ ကြော်ငြာဝင်ငွေ ရရှိနေသူပါ။ တင်းနစ်လောကမှာ နှစ် ၃၀ အတွင်း ဝင်ငွေ သန်း ၁၀၀ ကျော်နဲ့ နံပါတ် ၁နေရာ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမား အယောက် ၁၀၀ ကို အမျိုးအစားပေါင်း ၁၀ မျိုးကနေ ရွေးချယ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ အယောက် ၁၀၀ ထဲမှာ အမျိုးသမီး ၂ ဦးသာ ပါဝင်လာခဲ့ပါတယ်။
တင်းနစ်ကစားမယ် နာအိုမီ အိုဆာကာနဲ့ ဆီရီနာ ဝီလျံတို့ဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ဝင်ငွေအများဆုံး စာရင်းမှာ တယောက်ထက်ပိုတဲ့ အရေအတွက်အဖြစ် ပါဝင်လာတာလည်း ဖြစ်ပါတယ်။ ဝင်ငွေအများဆုံးစာရင်းမှာ တကျော့ပြန် ဂေါ့ဖ်အကျော်အမော် တိုက်ဂါးဝုဒ်လည်း နံပါတ် ၈ မှာ ပါဝင်လာသလို၊ Formula One ကား မောင်းသမား လူးဝစ် ဟယ်လ်မီတန်လည်း နံပါတ် ၁၃ နေရာမှာ ရှိနေပါတယ်။
ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ အရေအတွက် အများဆုံးအဖြစ် NBA ဘတ်စ်ကတ်ဘော ကစားသမား ၃၅ ယောက်ထိပါဝင်လာပြီး အမေရိကန်ဘောလုံးအားကစားကနေ ၃၁ ယောက်၊ ဘောလုံးအားကစားကနေ ၁၄ ယောက်၊ တင်းနစ်ကနေ ၆ ယောက် စသဖြင့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမား အယောက် ၁၀၀ စာရင်းမှာ ပါဝင်လာခဲ့ကြပါတယ်။
Ref: Forbes
You may also like these stories:
ပရိသတ် မပါဘဲ ကျင်းပခဲ့တဲ့ သြစတြေးလျက ကုလားအုတ်ပြိုင်ပွဲ
ဆူမို နပန်းသမားတဦး COVID-19 ကြောင့် သေဆုံး