MMA ချန်ပီယံ ကစားသမား အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ယခုအခါ ၂ ပတ်အကြာမှာတော့ ရောဂါပိုး ကင်းစင်သွားပြီလို့ သိရပါတယ်။
အောင်လအန်ဆန်းက ယနေ့၊ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ ရောဂါပိုး ကင်းစင်သွားပြီဖြစ်ကြောင်း သူ့ရဲ့ ကျန်းမာရေး ဆေးစစ်ချက်အဖြေ ရလာဒ်ကို လူမှုကွန်ရက် မီဒီယာကတဆင့် ပရိသတ်တွေကို အခုလိုပဲ အသိပေးခဲ့ပါတယ်။
“အားလုံးကို သတင်းကောင်းတခု ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ စနေနေ့က စစ်ဆေးထားတဲ့ ကျနော့်ရဲ့ COVID-19 စစ်ဆေးချက် အဖြေအရ ကျနော် ရောဂါကင်းစင်သွားပါပြီ။ အခု ကျနော် အရင်ကလိုပဲ လေ့ကျင့်မှုတွေ၊ လုပ်ငန်းဆောင်တာတွေကို ပုံမှန် ပြန်လည် လုပ်ဆောင်သွားတော့မှာပါ”လို့ အောင်လအန်ဆန်းက ဆိုပါတယ်။
ဆက်လက်ပြီး အောင်လအန်ဆန်းက “ကျနော်တို့ အားလုံးလည်း ဒီအိပ်မက်ဆိုးကို မကြာခင် ကျော်လွှားနိုင်တော့မှာပါ”လို့ ဆိုပါတယ်။
MMA ချန်ပီယံ ကစားသမား အောင်လအန်ဆန်းဟာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပြီး လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်။ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ အောင်လအန်ဆန်းကို မြန်မာနိုင်ငံသားတိုင်း ချစ်ခင်ကြပြီး သူ့မွေးရပ်မြေ ကချင်ပြည်နယ်မှာလည်း ကြေးရုပ်တု စိုက်ထူကာ ဂုဏ်ပြုထားပါတယ်။
အမေရိကန်နိုင်ငံဟာ လက်ရှိ ကမ္ဘာမှာ COVID-19 ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း လူ ၃ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိပြီလို့ သိရပါတယ်။
You may also like these stories:
အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံရ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ONE Championship ပရိတ်သတ် မပါ ကွင်းပိတ်ပွဲ ကျင်းပမည်