ချဲလ်ဆီး ကစားသမားတွေကို COVID-19 စမ်းသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကစားသမားအများစု ရောဂါကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကစားသမားတွေအနေနဲ့ လာမယ့် ရာသီအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်မှာ မဟုတ်သေးဘူးလို့ ဗြိတိန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရိုက်တာသတင်းဌာနက ရောဂါကူးစက်ခံရတဲ့ ကစားသမားတွေရဲ့ နာမည်ကို ထုတ်ဖော် ပြောကြားပေးဖို့ တောင်းဆိုခဲ့ပေမယ့် ချဲလ်ဆီးဘက်က ပြန်လည် တုန့်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း ရောဂါကူးစက်သူတွေရဲ့ နာမည်ကို သတင်းတွေမှာ ဖော်ပြနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရောဂါ ကူးစက်ခံထားရတဲ့ ကစားသမားတွေကို ၁၀ ရက် သီးခြားခွဲ နေခိုင်းထားပြီး ရောဂါကင်းရှင်း သွားမှသာ လေ့ကျင့်ရေး ပြန်ဆင်းခိုင်းဖို့ ချဲလ်ဆီးဘက်က စီစဉ်ထားပါတယ်။ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး အသင်းကစားသမားတွေပဲ COVID-19 ရောဂါ ကူးစက်ခံနေရတာ မဟုတ်ပါဘူး။
ကျန်တဲ့ အသင်းတွေ ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်း ယူနိုက်တက် အပါအဝင် တခြား ပရီးမီးယားကလပ် အသင်းကစားသမားတွေလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း COVID-19 ကူးစက်မှုတွေ ရှိနေတယ်လို့ လန်ဒန်အခြေစိုက် နေ့စဉ်ထုတ် The Times သတင်းစာမှာဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ် ကစားသမားတွေ COVID-19 ကူးစက်ရတဲ့ အကြောင်းကတော့ ရာသီကုန်ချိန်မှာ ကစားသမားတွေ ပြည်ပကို ထွက်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ Daily Mail မှာ ရေးသားထားပါတယ်။ ချဲလ်ဆီးကြယ်ပွင့်တွေဖြစ်တဲ့ Mount, Abraham, Pulisic နဲ့ Tomori တို့ကိုတော့ ဂရိနိုင်ငံရဲ့ Mykonos ကျွန်းကို သွားရောက် လည်ပတ်ပြီး ကလပ်ကို ပြန်လာချိန်မှာ Quarantine ထားထားတယ်လို့ သိရပါတယ်။
Ref: CAN, theirishsun
You may also like these stories:
ကမ္ဘာ့အပြေးမြန်ဆုံး တာတိုအပြေးသမား အူစိန်ဘော့ COVID-19 ကူးစက်
တကျော့ပြန် ကိုဗစ်ကြောင့် တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ပိတ်
လူပေါင်း ၄ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ရုရှား စမ်းသပ်မည်