ပြင်သစ်ဘောလုံးကလပ် Paris Saint-Germain (PSG) မှာ ကစားနေတဲ့ ရှေ့တန်းတိုက်စစ်မှူး နေမာ COVID-19 ရောဂါ ကူးစက်ခံရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပြင်သစ်လိဂ် ချန်ပီယံ PSG အသင်းမှာ ကစားသမား ၃ ဦး ကူးစက်ခံထားရတာပါ။
PSG အသင်းရဲ့ တိုက်စစ်မှူး နေမာ အပါအဝင် ဘောလုံးသမား ၃ ဦး COVID-19 ကူးစက်ခံရတယ်လို့ ဆိုပါတယ်။ အသင်းရဲ့ Twitter အကောင့်မှာ ဖော်ပြချက်အရ ကစားသမားတွေကို ကိုဗစ် ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကူးစက်ခံနေရတဲ့ ကစားသမားတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး ကျန်အသင်းသားတွေနဲ့ ဝန်ထမ်းတွေကိုပါ လာမယ့်ရက်မှာ စစ်ဆေးသွားဖို့ရှိတယ်လို့ ရေးသားထားပါတယ်။
ဘယ်သူ ကူးစက်ခံရကြောင်းကို အသင်းဘက်က တရားဝင်ထုတ်ဖော် မပြောထားပေမယ့် ပြင်သစ်အားကစား သတင်းတွေမှာ ဖော်ပြချက်အရ ဘရားဇီးကစားသမားတွေဟာ စပိန်နိုင်ငံ Lbiza ကို သွားရောက် လည်ပတ်ခဲ့ကြပြီးအပြန် ဆေးစစ်ရာမှာ ကူးစက်ကြောင်း တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ နောက်ထပ် ၁၄ ရက်ကြာ Quarantine ဝင်နေပါပြီ။
ပြင်သစ် ပြည်တွင်းကစားပွဲတွေ စတင်နေပေမယ့် PSG အသင်းက Champion League ဖိုင်နယ် ကစားနေရတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှသာ ပထမဆုံးအဖြစ် စတင်ကစားသွားဖို့ ရှိပါတယ်။ ၂၀၂၀/၂၀၂၁ ပြင်သစ် ပြည်တွင်းပွဲစဉ်အဖြစ် PSG ဟာ Lens အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိပေမယ့် ဥရောပပွဲစဉ် ကစားထားရတာကြောင့် ၁၂ ရက်ကြာ အနားယူ ပြင်ဆင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ပြင်သစ် ဘောလုံးကလပ်တွေအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအရ အသင်းမှာ ကိုရိုနာဗိုင်းရပ်စ် အနည်းဆုံး ၄ ယောက် ကူးစက်ခံရမယ်ဆိုရင် လေ့ကျင့်ရေး အစီအစဉ်တွေ ၈ ရက်ကြာ ရပ်နားထားရမှာဖြစ်သလို ကစားမယ့် ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားရမှာ ဖြစ်ပါတယ်။
သတင်းတွေမှာ ဖော်ပြချက်အရ ကူးစက်ခံထားရတဲ့ ကစားသမား ၃ ဦးဟာ Leandro Paredes, Angel di Maria နဲ့ နေမာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ကူးစက်မှု သတင်းကြောင့်လည်း PSG အသင်းဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
မနှစ်က ပြင်သစ် ပြည်တွင်းပြိုင်ပွဲတွေကို COVID-19 ကူးစက်မှုတွေကြောင့် ရာသီ မပြီးဆုံးခင် ၁၀ ပွဲအလိုမှာ ရပ်နားခဲ့ပြီး သြဂုတ်လမှ ရာသီအသစ်ကို ပြန်လည်စတင်ခဲ့တာပါ။ ဒါပေမဲ့လည်း အသင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် သြဂုတ် ၂၁ ရက်မှာ ကျင်းပမယ့် အဖွင့်ပွဲစဉ်အဖြစ် မာဆေးလ်အသင်းနဲ့ Saint-Etienne ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။
Ref: France 24
You may also like these stories:
ချဲလ်ဆီး ကစားသမား အများစု ကိုဗစ် ကူးစက်ခံနေရ
ကမ္ဘာ့အပြေးမြန်ဆုံး တာတိုအပြေးသမား အူစိန်ဘော့ COVID-19 ကူးစက်
အောင်လအန်ဆန်း COVID-19 ရောဂါ ပျောက်ကင်းပြီ