COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှာ ကူးစက်မှုတွေ ရှိနေဆဲဆိုရင်တောင် ကျင်းပသွားမှာဖြစ်တယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဒုဥက္ကဋ္ဌ John Coates က ပြောကြားလိုက်ပါတယ်။
နှစ်စဉ် ကျင်းပတဲ့ အိုလံပစ်ပွဲတော်ကို ကမ္ဘာ့စစ်ပွဲ အချိန်တွေကလွဲလို့ ဘယ်လို အကြောင်းရာနဲ့မှ ဖျက်သိမ်းလေ့ မရှိခဲ့ဘူးလို့ ဒုဥက္ကဋ္ဌ John Coates က ပြောခဲ့တာပါ။ “COVID-19 ကူးစက်မှုတွေ ရှိနေသေးသည်ဖြစ်စေ၊ ကင်းစင်သွားသည်ဖြစ်စေ သတ်မှတ်ထားတဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာ ကျင်းပသွားမှာပါ” လို့ သူက ဆိုပါတယ်။

“ဆူနာမီ အပျက်အစီးပုံတွေ ကြားထဲကတောင် ပြန်ထပြီး ပွဲတွေ ကျင်းပနိုင်ခဲ့သေးတာပဲ။ အခုလည်း COVID-19 ကို အနိုင်ယူပြီး ကျင်းပသွားမှာပါ။ အမှောင်ပြီးရင် အလင်းရောက်လာစမြဲပါပဲ” လို့ ၂၀၁၁ ခုနှစ်မှာ Tohoku ဒေသကို ဝင်ရောက် တိုက်ခတ်သွားတဲ့ ငလျင်နဲ့ ဆူနာမီအပြီး ပြန်လည် နှိုးထလာတဲ့ အကြောင်းကို Coates က ဥပမာထား ပြောပြသွားပါတယ်။
၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် မတ်လက ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ COVID-19 ကူးစက်မှုတွေကြောင့် လာရောက် ယှဉ်ပြိုင်မယ့် ကစားသမားတွေရဲ့ ဝင်ခွင့်ဗီဇာ အခက်အခဲတွေအပြင် လာရောက် အားပေမယ့် ပရိသတ်အတွက်လည်း အခက်အခဲရှိနေတာကြောင့် ၂၀၂၁ နွေရာသီကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။
ဂျပန်အိုလံပစ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီကလည်း နောက်ထပ်တကြိမ် ထပ်ရွှေ့ဆိုင်းဖို့ မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဂျပန်လူမျိုးတွေရဲ့ သဘောထားကို မေးမြန်းခဲ့ရာ ၄ ယောက်မှာ ၁ ယောက်က နောက်နှစ် နွေရာသီမှာ ကျင်းပဖို့ ဆန္ဒရှိကြပေမယ့် တော်တော်များများကတော့ နောက်ထပ်တခါ ထပ်ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် အိုလံပစ်ပွဲတော်ကို ဖျက်သိမ်းဖို့ ဆန္ဒပြုကြပါတယ်။
ကပ်ရောဂါမဖြစ်ခင် အိုလံပစ် ဥက္ကဋ္ဌက တိုကျိုအိုလံပစ်နဲ့ ပတ်သက်ပြီး ကျေနပ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ “လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံရဲ့ပြင်ဆင်မှုက တကယ့်ကို အားရစရာပါ။ ကစားသမားတွေနေမယ့် နေရာတွေလည်း ပြီးသလောက်ရှိပြီ။ သွားရေးလာရေးကအစ အကုန်အဆင့်သင့် ဖြစ်နေပြီ။ ကျနော် တွေ့ခဲ့ဖူးသမျှ အိုလံပစ်တွေထဲမှာ အကောင်းဆုံးပြင်ဆင်မှုပဲ”လို့ ချီးမွမ်းစကား ပြောခဲ့တဲ့အကြောင်း Coates က ပြန်ပြောခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲကို တနှစ် နောက်ဆုတ်လိုက်ရတဲ့အတွက် ချုပ်ဆိုထားတဲ့ ဟိုတယ်၊ ရုပ်သံလွှင့်ခွင့် စတာတွေကို နောက်ထပ် သက်တမ်းတိုးရတဲ့အပြင် ပြိုင်ပွဲကျင်းပရာ အဆောက်အဦတွေကိုလည်း ပြန်လည်ပြင်ဆင်ရတာမျိုးတွေ ရှိပါတယ်။
အိုလံပစ်ပွဲတော်ကို လာရောက် ယှဉ်ပြိုင်မယ့် ကစားသမားတွေထဲမှာ COVID-19 ထိန်းချုပ်နိုင်ထားတဲ့ နိုင်ငံတွေ ရှိသလို၊ ကူးစက်မှု များနေဆဲ နိုင်ငံတွေလည်းရှိတာကြောင့် အသင်းပေါင်း ၂၀၆ သင်းကို အိမ်ရှင် ဂျပန်နိုင်ငံအနေနဲ့ ကိုင်တွယ်ရ ခက်ခဲနိုင်တယ်လို့ IOC က ပြောကြားလိုက်ပါတယ်။
တိုကျိုအိုလံပစ် စီအီးအို Toshiro Muto က ဂျပန်နိုင်ငံမှာ အားကစားပွဲတွေကို ပရိသတ် လာရောက်အားပေးဖို့ ကန့်သတ်ထားနေဆဲ အခြေအနေကြောင့် ကျင်းပရေးအဖွဲ့ကတော့ ပရိသတ် မပါဘဲ ကျင်းပရမယ့် ပြိုင်ပွဲတွေ ရှိလာမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ နွေရာသီအိုလံပစ်ပွဲတော်အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားသလို ရွှေ့ဆိုင်းလိုက်တာကြောင့် အပိုကုန်ကျစရိတ်တွေပါ တိုးမြင့်နေပါတယ်။
Ref: Japan Times
You may also like these stories:
PSG အသင်းသား ဘရာဇီးတိုက်စစ်မှူး နေမာ COVID-19 ကူးစက်ခံရ
ချဲလ်ဆီး ကစားသမား အများစု ကိုဗစ် ကူးစက်ခံနေရ
ကမ္ဘာ့အပြေးမြန်ဆုံး တာတိုအပြေးသမား အူစိန်ဘော့ COVID-19 ကူးစက်