ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပေါ်တူဂီအသင်း တိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုဟာ COVID-19 ကျန်းမာရေး စည်းကမ်းတွေကို ဖောက်ဖျက်ပြီး အီတလီကို ပြန်သွားတာဖြစ်နိုင်တယ်လို့ ပေါ်တူဂီအားကစား ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့အတူ အောက်တိုဘာ ၁၄ ရက်မှာ ကန်မယ့် ဆွီဒင်ပွဲအတွက် ပေါ်တူဂီနိုင်ငံကို ရောက်နေချိန်မှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရတာကြောင့် တယောက်တည်း သီးသန့်ခွဲနေပြီး ကုသနေရာက ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အီတလီနိုင်ငံ၊ တူရင်မြို့ကို ပြန်သွားခဲ့တာပါ။
ပေါ်တူဂီအားကစားဝန်ကြီးက ရေဒီယိုအင်တာဗျူးတခုမှာ ရော်နယ်ဒိုဟာ ကျန်းမာရေးစည်းကမ်းတွေကို ချိုးဖောက်ခဲ့သလားဆိုတဲ့ မေးခွန်းကို “ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေက ခွင့်ပြုပေးတာမျိုး မရှိဘူးထင်တာပဲ” လို့ ဖြေသွားပါတယ်။
ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌ Andrea Agnelli ကတော့ အီတလီက အိမ်မှာပဲ Quarantine သီးသန့်ခွဲနေဖို့ ပြန်လာခဲ့တာဖြစ်တာဖြစ်ပြီး ဘာစည်းကမ်းမှ ချိုးဖောက်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဂျူဗင်တပ်စ် အသင်းကလည်း ရော်နယ်ဒိုဟာ ကျန်းမာရေးတာဝန်ရှိသူတွေ ခွင့်ပြုပေးထားတဲ့ ဆေးဘက်ဆိုင်ရာခရီးစဉ်အနေနဲ့ ပြန်လာတာဖြစ်တယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ စပိန်အသင်း၊ ပြင်သစ်အသင်းတို့နဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ပေမယ့် အောက်တိုဘာ ၁၄ ရက်က ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ဆွီဒင်ပွဲစဉ်မှာတော့ COVID-19 ကူးစက်ခံထားရလို့ မပါဝင်နိုင်ခဲ့ပါဘူး။
ပေါ်တူဂီနဲ့ အီတလီ မီဒီယာတွေကတော့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သီးသန့်ခွဲနေရမယ့်ရက် ပြီးသွားလို့ “Ambulance Plane” နဲ့ လစ္စဘွန်းကနေ တူရင်မြို့ကို ပြန်သွားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ မှတ်တမ်း ဓာတ်ပုံတွေအရတော့ ရော်နယ်ဒိုဟာ လေယာဉ်ပေါ်မှာ ဆွီဒင်ကို ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ပွဲကို ကြည့်ရှုနေတာပါ။ သူကိုယ်တိုင်လည်း Instagram မှာ လေယာဉ်ပေါ်က ပုံကို တင်ခဲ့ပါသေးတယ်။
ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းမှာလည်း ဝန်ထမ်း ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် သီးသန့်ခွဲ နေထိုင်နေရပေမယ့် တိုက်စစ်မှူး ရော်နယ်ဒို အပါအဝင် ကစားသမား ၆ ယောက်ကို နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ မိခင်နိုင်ငံတွေဆီ ပြန်လွှတ်ခဲ့ပါတယ်။
ဘောလုံးနာမည်ကျော်တွေထဲမှာ ခရစ္စတီရာနို ရော်နယ်ဒို အပြင် နေမာ၊ ပေါ့ဂ်ဘာ၊ ဇလာတန် အီဘရာမိုဗစ်၊ ဒီရေဂို ကော်စတာ စတဲ့ ဘောလုံးသမားတွေလည်း COVID-19 ကူးစက်ခံထားရပါတယ်။ ပေါ်တူဂီအစိုးရက နိုင်ငံအတွင်း ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် တင်းကျပ်တဲ့ စည်းကမ်းအသစ်တွေ အောက်တိုဘာ ၁၄ ရက်ကစလို့ ထုတ်ပြန်လိုက်ပါတယ်။
Ref: ESPN
You may also like these stories:
ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒို COVID-19 ကူးစက်ခံရ
ဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနဲ့ ကျေနပ်လိုက်ရတဲ့ စီရော်နယ်ဒို