စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာ ၂၄ ရက်ညက ကျင်းပခဲ့တဲ့ “Mobile Legend: Bang Bang (MLBB) M2” ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံက Bren Esports အသင်းက အနိုင်ရပြီး ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာပါ။
နောက်ဆုံး ချန်ပီယံပြိုင်ပွဲကြီးမှာ Bren Esports နဲ့ Burmese Ghouls တို့ ၇ ပွဲဆက်တိုက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Bren Esports ဘက်က ပထမနဲ့ ဒုတိယ ပွဲစဉ်တွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် Burmese Ghouls က ၃ ပွဲဆက်တိုက် ပြန်အနိုင်ယူနိုင်ခဲ့ပြီး အသာရခဲ့ပြန်ပါတယ်။ နောက်ဆုံး ပွဲစဉ် ၆ နဲ့ ၇ မှာတော့ နှစ်ဘက်လုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး M2 ကမ္ဘာ့ချန်ပီယံကို Bren Esports က ရယူသွားနိုင်ခဲ့တာပါ။
ဒုတိယ ရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls ဟာ Upper Bracket ပွဲစဉ်မှာ Bren Esports အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ဖူးသလို၊ ဖိုင်နယ်ပွဲစဉ်မှာတော့ MLBB လောကရဲ့ နာမည်အကြီးဆုံးအသင်း ဖြစ်တဲ့ အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi အသင်းကို ယှဉ်ပြိုင်ကစားပြီး အနိုင်ယူကာ နောက်ဆုံး ချန်ပီယံရှစ် Grand Final ပွဲစဉ်ကြီးကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Bren Esports ကလည်း RRQ Hoshi အသင်းကို ၃ ပွဲ ၁ ပွဲနဲ့ ဖြုတ်ချခဲ့ပြီး ဖိုင်နယ် ပွဲစဉ်ကြီးကို တက်ရောက်လာခဲ့တာပါ။ အနိုင်ရရှိသွားတဲ့ ချန်ပီယံ ဖိလစ်ပိုင်ကိုယ်စားပြု Bren Esports ကတော့ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ ရယူသွားနိုင်ခဲ့သလို အသင်းအတွက် Champion skin နဲ့ ကိုယ်ပိုင်တံဆိပ်ပါ ဟီရိုးတယောက် ရရှိမှာ ဖြစ်ပါတယ်။
ဖိုင်နယ်ပွဲစဉ်ကြီးကို တက်ရောက်လာခဲ့တဲ့ Bren Esports နဲ့ Burmese Ghouls ၂ သင်းလုံးဟာ Upper Bracket ပွဲစဉ်မှာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက Burmese Ghouls က ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
Bren Esports ရဲ့ Star player တယောက်ဖြစ်တဲ့ “KarlTzy” Karl Gabriel က ဖိုင်နယ်မှာ အသင်းအောင်နိုင်ရေးအတွက် အကောင်းဆုံး ယှဉ်ပြိုင်ပေးနိုင်ခဲ့လို့ တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၃,၀၀၀ ရရှိပါတယ်။ အနိုင်ရရှိသွားတဲ့ Bren Esports အသင်းဟာ နောက်ဆုံးပွဲစဉ်မှာ MLBB ရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တခုအဖြစ် ၁၄ မိနစ်အကြာမှာ Burmese Ghouls ရဲ့ Base ကို ဖျက်ဆီးပြီး အနိုင်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ပေမယ့် မြန်မာ ပရိသတ်တွေကတော့ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls အသင်းကို ချီးကျူးသံတွေ ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ကြပါတယ်။
Burmese Ghouls ရဲ့ Facebook စာမျက်နှာမှာလည်း “M2 World Championship ခရီးစဉ်ကို 1st runner up နဲ့ သာ ကျေနပ်ခဲ့ရပြီး ပွဲစဉ် ၇ ထိ အကြိတ်အနယ် ကြိုးစားခဲ့ပေမယ့် Bren Esports က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ အားပေးကြတဲ့ ပရိသတ် တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း” ရေးသား ထားပါတယ်။
Ref: Yahoo Singapore News
You may also like these stories:
“လမ်းဘေး” ကော်ဖီရဲ့ Logo အကြောင်း ရှင်းပြခဲ့တဲ့ ကျော်ကျော်ဗို
လမ်းဘေး လက်ဖက်ရည်ဆိုင်ကို လွမ်းလို့ ကော်ဖီ ထုတ်ဖြစ်ခဲ့တဲ့ ကျော်ကျော်ဗို
အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း