ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို နိုင်ငံတကာ အားကစား ပရိသတ်တွေ မပါဘဲ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောဆိုလိုက်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာ ဆိုပေမယ့် ကပ်ရောဂါကာလအတွင်း ပြိုင်ပွဲကို အန္တရာယ် အကင်းဆုံး ကျင်းပပေးနိုင်အောင် စီစဉ်ပေးတာလို့ ဆိုပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ဟာ ပြည်တွင်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့၊ နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းပြိုင်ပွဲ ကော်မတီ၊ ဂျပန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဆွေးနွေးမှုအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။ လက်ရှိ ဂျပန် အပါအဝင် နိုင်ငံတကာမှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေတွေကြောင့် ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ အနေနဲ့လည်း ဒီနှစ်နွေရာသီမှာ ပွဲတော်ကို လာမယ့် နိုင်ငံတကာက ပရိသတ်တွေကို နိုင်ငံအတွင်း ပေးဝင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် နိုင်ငံတကာ အားကစား ပရိတ်သတ်တွေကို တားမြစ်လိုက်ရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ထုတ်ပြန်ချက် မထွက်လာခင်အချိန်ကတည်းက ဂျပန်အစိုးရပိုင်းကလည်း နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကို ဝင်ခွင့်ပေးဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ ကူးစက်လာနိုင်တဲ့ အသွင်ပြောင်းဗိုင်းရပ်စ် အန္တရာယ်ကြောင့်လည်း ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်ခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အကြီးအကဲတဦးဖြစ်တဲ့ Seiko Hashimoto ကလည်း အခုလို ဆုံးဖြတ်ချက် ထုတ်ပြန်နိုင်ဖို့ မလွယ်ကူခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

“ကျမ ကိုယ်တိုင်လည်း အရင်က အားကစားသမား တဦးပါ။ အိုလံပစ်ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ပရိသတ် မပါဘဲ ကျင်းပရတာ တကယ့်ကို စိတ်ပျက်စရာ အခြေအနေပါ။ ဒါပေမဲ့ လာရောက် ယှဉ်ပြိုင်မယ့် အားကစားသမားတွေနဲ့ အုပ်ချုပ်သူအဖွဲ့အားလုံး အန္တရာယ်ကင်းကင်းနဲ့ စိတ်ချရဖို့ လုပ်ဆောင်ပေးသွားမှာပါ” လို့ ဆိုပါတယ်။
နိုင်ငံတကာ အိုလံပစ် ကော်မတီဘက်ကလည်း အဆိုပါ ထုတ်ပြန်ချက်ဟာ စိတ်ပျက်စရာ ဆိုပေမယ့် လက်ခံပေးနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် အိုလံပစ်အဖွဲ့ကတော့ သူတို့ မျှော်လင့်ထားတဲ့ သတင်းမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် ပရိသတ်တွေ ကိုယ်တိုင် လိုက်ပါအားပေးနိုင်အောင် ထောက်ခံ ပြောဆိုသွားမယ်လို့ ဆိုပါတယ်။
တိုကျိုအိုလံပစ် ကျင်းပရေးအဖွဲ့ဟာ ယခင်က နိုင်ငံတကာ အားကစား ပရိသတ်တွေအတွက် လက်မှတ် ၆၃၀,၀၀၀ ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ပွဲနီးကပ်လာတာနဲ့အမျှ မဖြစ်နိုင်တော့တာကြောင့် ပိတ်ပင်လိုက်ရတာ ဖြစ်ပါတယ်။
“၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကတော့ ယခင်ပွဲတွေနဲ့မတူ တမူကွဲပြားနေပါလိမ့်မယ်။ ဒါပေမဲ့လည်း အိုလံပစ် ဆိုတဲ့ အနှစ်သာရကတော့ ကျန်ရှိနေဦးမှာပါ။ အားကစားသမားတွေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ မြင်တွေ့ခွင့်ရကြဦးမှာပါ” လို့ Hashimoto က ပြောပြသွားပါတယ်။
Ref: Japan Times
You may also like these stories:
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ
လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ