Travel

ယူနက်စကို အသိအမှတ်ပြု ဟန်လင်းပျူရှေးဟောင်းမြို့တော်

This article has been converted from Zawgyi One to Unicode

ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဟန်လင်းပျူယဉ်ကျေးမှု နယ်မြေကို စာဖတ်သူ မိတ်ဆွေ ရောက်ဖူးပါသလား။ မရောက်ဖူးပါက အရောက်သွားဖို့တိုက်တွန်းပါတယ်။ ဟန်လင်းမြို့ဟောင်းကို ဘာကြောင့်သွားသင့်သလဲ။ ဘယ်နေရာမှာရှိသလဲ။ ဘယ်လိုသွားရမှာလဲ။ အဲ့ဒီမှာ ဘာတွေရှိလဲ။ ဘယ်နေရာတွေသွားသင့်သလဲ ဆိုတာတွေကို အကြံပေးလိုပါတယ်။

ဘာကြောင့်သွားသင့်သလဲ

ဟန်လင်းပျူရှေးမြို့ဟောင်းမှာ သမိုင်းမတင်မီခေတ်( ကျောက်ခေတ် ကြေးခေတ်၊ သံခေတ်)က ယဉ်ကျေးမှုဆိုင်ရာ လက်ရာအထောက်အထားများ များစွာတည်ရှိနေသလို ပျူခေတ်မြို့ဟောင်းများထဲမှာ ဟန်လင်းဟာ မြို့ပြယဉ်ကျေးမှု မတိုင်မီကာလကတည်းက လူနေထိုင်မှုရှိခဲ့တဲ့ ယဉ်ကျေးမှုအထောက်အထား အကြွယ်ဝဆုံး ဒေသတစ်ခုဖြစ်နေပါတယ်။ ဟန်လင်းမြို့ဟောင်းဟာ သက်တမ်းနှစ်ပေါင်း ၅၀၀၀ ကနေ ၁၀၀၀၀ ခန့်ကြားရှိနေပြီလို့ ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။ ဟန်လင်းမှာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုကုန်း ၃၈ ကုန်း၊ တူးဖော်ဆဲကုန်းတွေနဲ့ မတူးဖော်ရသေးတဲ့ ကုန်းဟောင်းတွေ အပြင် နှောင်းခေတ်လက်ရာ စေတီပုထိုးလက်ရာများ၊ ကျောင်းသင်္ခန်းများ ပေါများစွာ တည်ရှိပါတယ်။

ဂုဏ်ယူစရာအနေနဲ့ ၂၀၁၄ ခု ဇွန်လမှာပြုလုပ်တဲ့ ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံကနေ ဟန်လင်းမြို့ဟာ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းတွေနဲ့အတူ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တကယ်တော့ ယူနက်စကို အသိအမှတ်ပြုစာရင်းဝင်ခံရဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးတွေကို အထောက်အထား အပြည့်အစုံတင်သွင်းရတာဖြစ်ပါတယ်။ ယူနက်စကိုကအသိမှတ်ပြုထားတဲ့၊ ရှားပါလှတဲ့ ယဉ်ကျေးမှုဆိုင်ရာစံနှုန်းတွေ၊ အမွေအနှစ် လက်ရာပစ္စည်းတွေ၊ အဆောက်အဦတွေ၊ အထောက်အထားတွေကို လေ့လာကြည့်ရှုဖို့ အတွက် ဟန်လင်းပျူရှေးဟောင်းမြို့တော်ကို သွားသင့်တာဖြစ်ပါတယ်။

ဘယ်နေရာမှာရှိတာလဲ၊ ဘယ်လိုသွားရမှာလဲ

ဟန်လင်းပျူရှေးမြို့ဟောင်းဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းမှာတည်ရှိပါတယ်။ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့် အကွာအဝေးမှာ ရှိတာဖြစ်ပါတယ်။ မန္တလေးမြို့ကနေ ဟန်လင်းကို ကားနဲ့ သွားမယ်ဆိုရင် နှစ်နာရီကျော်ကျော် ကြာမြင့်ပါတယ်။ မန္တလေး -ရွှေဘို ကားလမ်းအတိုင်းလာပြီး ရွှေဘိုမြို့မရောက်ခင် စိုင်နိုင်ကွေ့ကနေ မုဆိုးခြုံဘူတာကိုဖြတ်ကာ( ၁၂ မိုင်ခန့်) နာရီဝက်လောက် ကြာမြင့်ရင် ဟန်လင်းကို ရောက်ပါတယ်။ စိုင်နိုင်-ဟန်လင်းလမ်းဟာ ကတ္တရာလမ်းဖြစ်ပြီး ဆိုင်ကယ်တွေနဲ့လည်း အလွယ်တကူသွားနိုင်ပါတယ်။ ဒါမှမဟုတ် ရွှေဘိုမြို့ကို အရင်သွားရောက်ပြီး ရွှေဘိုကမှတဆင့် ဟန်လင်းပျူမြို့ဟောင်းသို့ ဆည်မြောင်းဘောင်ရိုးအတိုင်းလည်း သွားရောက်နိုင်ပါတယ်။ ရွှေဘိုကနေ ဟန်လင်းထိ ၁၂ မိုင်ခန့်ရှိပြီး လမ်းက ဂျင်းကျောက်အမျိုးအစားလမ်းဖြစ်ပါတယ်။

မန္တလေးမြို့ကနေ ကားငှားသွားရင် တရက်ကို လိုက်ထရပ်ကားဆို ကျပ် ၄၅၀၀၀ ခန့်၊ ၇ယောက်စီး စူပါကာစတန်ဆို ကျပ် ၆၀၀၀၀ ခန့်၊ ၁၂ ယောက်စီး စူပါကာစတန်ဆို ကျပ် ၈၀၀၀၀ ခန့် ကျသင့်ပါတယ်။ ကားတွေရဲ့ထုံးစံအရ လမ်းဖိုးကျသင့်ငွေနဲ့ ကားဆီဖိုးကို ငှားရမ်းသူက ကျခံရမှာဖြစ်ပါတယ်။ လမ်းဖိုးက ကျပ် ၅၀၀၀ ခန့်၊ ဆီဖိုးက ကျပ် ၂၀၀၀၀ နဲ့ ၂၅၀၀၀ ကြားလောက်ကျသင့်ပါတယ်။

ဘာတွေရှိတာလဲ

ဟန်လင်းပျူရှေးမြို့ဟောင်းမှာ တူးဖော်ပြီး တူးဖော်ဆဲ ရှေးဟောင်းသုတေသနဆိုင်ရာ ကုန်းဟောင်းတွေ၊ တူးဖော်ရာကနေတွေ့ရှိတဲ့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ် စတဲ့ ခေတ်အဆက်ဆက်က ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဆိုင်ရာ အထောက်အထား လက်ရာ ပစ္စည်းတွေ ပြသထားတဲ့ ပြတိုက်တွေ၊ ရေပူစမ်းတွေ၊ ရဟန္တာလို့ သမုတ်ခံရပြီး ရွှေချထားတဲ့ ပြဿဒ်ကျောင်းတိုက်ဆရာတော်၊ ဟန်လင်းရှိ မိရိုးဖလားဆားချက်လုပ်ငန်းတွေကို လေ့လာနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုအကြံပေးချင်တာက ဟန်လင်းမှာ မိမိအစီစဉ်နဲ့ လေ့လာတာထက် ဟန်လင်းရွာခံတွေ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဟန်လင်းဌာနစုက ဝန်ထမ်းအချို့ကို အကူအညီတောင်း လေ့လာတာက ပိုမိုအဆင်ပြေပါတယ်။ ဒါမှသာ နေရာပြည့်ပြည့်စုံစုံကို အလွယ်တကူသွားနိုင်မှာဖြစ်ပြီး သိချင်တာတွေကိုလည်း သူတို့ကသာ ပြည့်စုံစွာ ရှင်းလင်းစွာ ရှင်းပြနိုင်မှာဖြစ်တယ်။ အကူညီတောင်းတဲ့အတွက် ဘယ်လောက်ပေးရမယ်ဆိုတာတော့ မရှိပါဘူး။ စေတနာပါပါ ကူညီကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် တစ်ရက်ဘယ်လောက်ဆိုတာ သတ်မှတ်မယ်ဆိုရင် ပိုအဆင်ပြေမှာဖြစ်ပါတယ်။

ပြတိုက်

ဟန်လင်းမှာ ပြတိုက်နှစ်ခုရှိပါတယ်။ တစ်ခုက ယဉ်ကျေးမှုဝန်ကြီးဌာန ဖွင့်လှစ်ထားတဲ့ ပြတိုက်နဲ့ နောက်တစ်ခုက ညောင်ကိုးပင်ဘုန်းကြီးကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ပြတိုက်တို့ပဲဖြစ်ပါတယ်။ ပြတိုက်နှစ်ခုစလုံးကို ရောက်အောင်သွားသင့်ပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဖွင့်လှစ်ထားတဲ့ ပြတိုက်မှာတော့ ဟန်လင်းအနီးတဝိုက်က တူးဖော်ရရှိတဲ့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နဲ့ ပျူခေတ် ရှေးဟောင်းလက်ရာတွေ၊ ပစ္စည်းတွေကို တခုချင်းစီ အဆင့်ဆင့် ပြသထားပါတယ်။ ဘုန်းကြီးကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက်ကတော့ ခပ်ကျဉ်းကျဉ်းပဲဖြစ်ပါတယ်။ ဟန်လင်းမြို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းစာအုပ်ကြီးသဖွယ် ဖြစ်နေပါတယ်။ နေရာကျဉ်းတယ်ဆိုပေမယ့် ပြသထားတဲ့ ပစ္စည်းတွေက ဝန်ကြီးဌာနကဖွင့်ထားတဲ့ ပြတိုက်ထက် အမယ်ပိုစုံလင်စွာ ပြသထားပါတယ်။ ပျူခေတ် အိုးတွေ၊ ပုတီးတွေ၊ နားဋောင်းတွေ၊ ဒင်္ဂါးတွေ၊ လက်ကောက်တွေကမှအစ ပျူခေတ်က လူအချို့ရဲ့ အရိုးခေါင်းတွေကိုပါ ပြသထားတာဖြစ်ပါတယ်။ ယူနက်စကိုကနေ ဟန်လင်းကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်တာကြောင့် အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုလက်ရာ သမိုင်းအထောက်အထားတွေကို အဆင့်မြင့်စွာ ထိန်းသိမ်းပြသထားဖို့လိုနေပြီ ဖြစ်ပါတယ်။

ဓလေ့ထုံးတမ်းဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦ

နောက်ထပ်လေ့လာဖို့ကောင်းတဲ့နေရာတွေကတော့ မြို့ဟောင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ဘက်ခြမ်းတို့မှာရှိတဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦးတည်ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီအဆောက်အဦဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ ခန့်(အေဒီ ၂၀၀) ခန့်က အဆောက်အဦးပါ။အဆောက်အဦထဲမှာ ကိုးကွယ်ယုံကြည်မှုအရ ဒါမှမဟုတ် သေဆုံးသူတို့ရဲ့ မှတ်တိုင်သင်္ကေတအဖြစ် ကျောက်တိုင်တွေ စိုက်ထူထားပါတယ်။ ကျောက်တိုင်တွေဟာ အရပ်မျက်နှာ သုံးခုမှာ ၈တိုင် ၉ တိုင် ၁၀ တိုင် စသဖြင့် ကျောက်ခေတ်ကာလကတည်က စိုက်ထူထားပြီး ပျူခေတ်မှာ အဲ့ဒီကျောက်တိုင်တွေကို အုတ်ရိုးတွေနဲ့ အလုံပိတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူထုခန်းမဆောင်

လူထုခန်းမဆောင်ဟာ ဟန်လင်းမြို့ဟောင်း နန်းတော်ရာရဲ့ အရှေ့တောင်ထောင့်မှာရှိပါတယ်။ မှတ်တမ်းတွေအရ ၁၉၆၅ ခုတုန်းက တူးဖော်တွေ့ရှိခဲ့တာပါ။ အဆောက်အဦ အတွင်းပိုင်းကို တိုင်ပေါင်း ၈၄ တိုင်နဲ့ စနစ်တကျ တည်ဆောက်ထားတာကို လေ့လာတွေ့ရှိရပါတယ်။ ရေဒီယိုကာဗွန် သက်တမ်းတွက်ချက်မှုတွေအရ အေဒီ ၇၀၀ ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး တူးဖော်မှုကနေတွေ့ရှိတဲ့ သစ်သားတိုင်တွေနဲ့ မီးသွေးစတွေကို လေ့လာချက်အရ မီးလောင်ကျွမ်းပျက်စီးခဲ့တာဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒီခန်းမဆောင်ရှိရာကုန်းမှာ တူးဖော်ရရှိတဲ့ သစ်သားတိုင်းအစအနတွေကို ထိန်းသိမ်းဖို့ ခက်ခဲတာကြောင့် မြေပြန်ဖို့ထားရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟန်လင်းမှာ တူးဖော်ထားရှိတဲ့ ကုန်းဟောင်း ၈ ခုလောက်ကို ထိန်းသိမ်းရန် အခက်အခဲအမျိုးမျိုးကြောင့် မြေနဲ့ ပြန်ဖို့ထားရှိနေရတာတွေလည်းရှိနေပါတယ်။

ပျူမြို့ရိုးတောင်ဘက်မြို့ဝင်ပေါက်

ပျူမြို့ရိုး တောင်ဘက်မြို့ဝင်ပေါက်ဟာ ကုန်းအမှတ် ၁၇ မှာ တည်ရှိပြီး အဲ့ဒီနေရာမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြု ကျောက်တုံးကို ခန့်ငြားစွာ စိုက်ထူထားပါတယ်။ ပျုမြို့ဟောင်းရဲ့ အဝင်ပေါက် တည်ဆောက်ထားပုံကို လေ့လာနိုင်ပြီး ဟန်လင်းရောက်အမှတ်တရ အဖြစ် ကမ္ဘာ့အမွေအနှစ် ရေးထိုးထားတဲ့ ကျောက်တုံးကြီးနဲ့ တွဲဖက်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။

ခေတ်အဆက်ဆက် သချိုၤင်းနေရာ

သချိုၤင်းနေရာဟာ မြို့ဟောင်းရဲ့တောင်ဘက်ပိုင်းမှာ တည်ရှိပြီး ၂၀၀၅ ခုမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တူးဖော်တွေ့ရှိချက်အရ အဲ့ဒီ သချိုၤင်းနေရာမှာပဲ ရုပ်အလောင်းတွေကို ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ် အဆက်ဆက် မြုပ်နှံခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ရုပ်အလောင်းတွေနဲ့အတူ ကျောက်ပုတီးစေ့တွေ၊ ကျောက်ချောလက်နက်တွေ၊ ကြေးခလောက်တွေ၊ အိုးတွေ၊ လက်ဝတ်ရတနာတွေပါ ထည့်သွင်းမြုပ်နှံထားတာဖြစ်ပါတယ်။ သချိုၤင်းနေရာဟာ နှစ်ပေါင်း ၂၀၀၀ ကနေ ၅၀၀၀ ခန့်က ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ပြဿဒ်ကျောင်းတိုက်

ဒီကျောင်းတိုက်မှာ ရဟန္တာအဖြစ် သမုတ်ခံထားရတဲ့ အရှင်နန္ဒန မဟာထေရ်ရဲ့ ရုပ်ကလပ်တော်ရှိပါတယ်။ ဆရာတော်ရုပ်ကလပ်ဟာ ယခုအချိန်ထိ မပုတ်မသိုးသေးပဲ ရှိနေကာ ရွှေချထားပါတယ်။ အရှင်နန္ဒန မဟာထေရ်ဟာ မြန်မာနှစ် ၁၂၆၄ ခုမှာ မွေးဖွားကာ သက်တော် ၉၃နှစ် ဝါတော် ၇၃ ဝါ ၁၃၅၈ ခုမှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတိုက်ထဲမှာ နှစ်ပေါင်း ၁၆၀ နီးပါးရှိပြီဖြစ်တဲ့ ကျွန်းသစ်သား ကျောင်းဆောင် အအိုကြီးကိုလည်း လေ့လာနိုင်ပါတယ်။ အဲ့ဒီကျောင်းဆောင်အအိုကြီးက ပြုတ်ထွက်နေတဲ့ ပစ္စည်းအချို့ကိုတော့ သေချာထိန်းသိမ်းထားပေမယ့် ကျောင်းဆောင်ကြီးကတော့ ထိန်းသိမ်းမှု ကင်းမဲ့နေပါတယ်။ တိုင်တွေနဲ့ အကာအရံအချို့သာ ကျန်နေပြီး ပျက်စီးလုနီးပါးဖြစ်နေပါပြီ။

ရေပူစမ်းတွင်း

ဟန်လင်းမြို့ဟောင်းမှာ ရေပူစမ်းတွင်းတွေ ရှိပါတယ်။ အချို့တွင်းတွေဟာ ကြက်ဥပြုတ်လို့ရတဲ့အထိ အပူချိန်ပြင်းပါတယ်။ ရေပူစမ်းတွင်းတွေကို အမျိုးသမီး နဲ့ အမျိုးသား သီးသန့်စီအသုံးပြုနိုင်အောင် ခွဲခြားထားပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေ၊ ထိန်းသိမ်းသူတွေ စနစ်မကျတာရယ်၊ ရေစီးဆင်းမှု လိုအပ်ချက်တွေကြောင့် သန့်ရှင်းမှု အားနည်းပါတယ်။ စနစ်တကျ ထိန်းသိမ်း ခွင့်ပြုမယ်ဆိုရင် အင်မတန် ချိုးလို့ကောင်းမယ့် ရေပူစမ်းတွင်းတွေဖြစ်မှာပါ။

ဆားချက်လုပ်ငန်း

ဆားချက်လုပ်ငန်းဟာ ရှေးခေတ်ကတည်းက ဟန်လင်းအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သဘာဝကပေးထားတဲ့ ဆားဓာတ်ပါတဲ့မြေကို ထွန်ယက်ခြင်း တူးဆွခြင်းတွေပြုလုပ်ပေးပြီး ရေနဲ့ဖျော်ကာ ရေကြည်ကို စစ်ယူရပါတယ်။ စစ်ယူထားတဲ့ရေကိုမှ စပါးခွံမီးနဲ့ ကျိုချက်ကာ ဆားကို အဆင့်ဆင့်ထုတ်ယူရပါတယ်။ ယခုအချိန်ထိ တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် တည်ရှိနေပါသေးတယ်။ ကုန်းတွင်းပိုင်း ဆားချက်လုပ်ငန်းအဖြစ် ထူးခြားတာကြောင့် မဖြစ်မနေလေ့လာသင့်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ နေရာတွေက လေ့လာစရာ အကုန်မဟုတ်သေးပါဘူး။ ဟန်လင်းနဲ့ဟန်လင်းတဝိုက်မှာ လေ့လာစရာတွေ စိတ်ဝင်စားစရာတွေ များစွာကျန်ပါသေးတယ်။ ဟန်လင်းမြို့ဟောင်းဟာ သမိုင်းမတင်မီခေတ်ကနေစပြီး ခေတ်အဆက်ဆက်ကို မှတ်တမ်းတင်ထားတဲ့ မြို့ဟောင်းတမြို့ဖြစ်တာကြောင့် တမူထူးခြားနေပြီး သွားရောက် လည်ပတ် လေ့လာသင့်တဲ့နေရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Loading