တောကြမ်းလမ်း ခရီးသွားခြင်းလို့ အဓိပ္ပါယ်ရတဲ့ Trekking( ထရက်ကင်း)ဆိုတဲ့ အင်္ဂလိပ်စကားလုံးနဲ့ အသားကျနေတဲ့မြို့ကလေး။ ဒီစကားလုံးဟာ တမြို့လုံးမှာရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ် အမျိုးသား အမျိုးသမီးမရွေး အကုန်လုံးနီးပါးနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတယ်။ တောင်တွေပတ်လည်ဝန်းရံထားပြီး ချိုင့်ခွက်ကလေးလိုဖြစ်နေတာကြောင့် တောတောင်ရှုခင်းရော၊ ရာသီဥတုကပါ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို စွဲဆောင်နိုင်စွမ်း အပြည့်ရှိတဲ့မြို့ကလေး။ ဒီမြို့လေးကို ထင်းရှူးမြေ(pine land)လို့လည်း ခေါ်ဝေါ်လေ့ရှိကြတယ်။
မြို့လေးနာမည်ကတော့ ကလောမြို့လေးပါ။ ကလောမြို့ကို ဗဟိုပြုပြီး ထရက်ကင်း တောကြမ်းခရီးထွက်တဲ့ နိုင်ငံခြားခရီးသွားတွေ တနှစ်ထက် တနှစ် ပိုများလာနေတယ်။ မူလကတည်းက ကလောမြို့နဲ့ ထရက်ကင်းခရီးစဉ်တွေဟာ ပုံမှန်ရှိနေပေမယ့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာမှ နိုင်ငံခြားသားတွေကြားမှာ ပိုပြီး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကလောမြို့လေးပေါ်မှာ နိုင်ငံခြားသားတွေကို တောလမ်းခရီးသွားဝန်ဆောင်မှုပေးတဲ့ အေဂျင်စီသေးသေးလေးတွေဟာ မှိုကျင်းလိုပဲ အုံနဲ့ကျင်းနဲ့ အများကြီးရှိနေပြီ။ ဒါတွေနဲ့ဆက်စပ်ပြီး ဟိုတယ်တွေ၊ ရီဆော့တွေ၊ စားသောက်ဆိုင်တွေကလည်း အပြိုင်အဆိုင်ပဲဖြစ်နေပါပြီ။
ကလောမြို့ကို လာတဲ့ နိုင်ငံခြားသားတွေအတွက်ကတော့ ထရက်ကင်းဆိုတဲ့ စကားလုံးကို မသိတဲ့လမ်းခရီးကို သွားတာ၊ မစားဖူးတဲ့ ဒေသအစားအစာကို စားတာလို့အဓိပ္ပါယ်ဖော်ကြတယ်။ ထရက်ကင်းထွက်တဲ့ နိုင်ငံခြားသားအများစုဟာ တောင်ဆိုလည်း တက်ချင်လိုက်တာပဲ၊ ရွာသားတွေကိုလည်း ကြည့်ချင်လိုက်တာပဲ၊ မစားဖူးတာတွေ မမြင်ဖူးတာတွေ အားလုံး အားလုံးကို ထရက်ကင်းခရီးစဉ်အတွင်းမှာပဲ အကုန်လုပ်ကြတယ်။
ကလောမြို့ကနေ တောလမ်းခရီးသွားနိုင်တဲ့ နေရာတွေကတော့ ရွာငံ၊ ပင်းတယ၊ အင်းလေး အစရှိတဲ့နေရာတွေပါ။ တညအိပ် ၂ ရက်ခရီး၊ ၂ ညအိပ် ၃ ရက်ခရီး အစရှိသဖြင့် ဆန္ဒရှိသလို အပင်ပန်းခံနိုင်ရင်ခံနိုင်သလို စိတ်ကြိုက်ရွေးချယ်သွားနိုင်တယ်။ ကလောကနေ အင်းလေးအထိ ၄၂ မိုင်၊ ပင်းတယအထိ ၄၁ မိုင်၊ ရွာငံအထိ ၃၄မိုင် အသီးသီးရှိပါတယ်။ တချို့အချိန်မပေးနိုင်သူတွေကျတော့လည်း တရက်နေ့ချင်းပြန် ခရီးထွက်ကြတယ်။ ခရီးစဉ်တွေအတွက် နိုင်ငံခြားသားတယောက်ကို ၁၅ ဒေါ်လာကနေ ၂၀ ဒေါ်လာအထိ ပျမ်းမျှ ကုန်ကြပါတယ်။
တရက်ကင်းသွားသူတွေဟာ တောလမ်းတလျှောက်မှာရှိတဲ့ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး ဓနုတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေ ကို ငေးရင်းမောရင်း လေ့လာသွားကြတယ်။ ဓာတ်ပုံတွေ အဝရိုက်ကြတယ်။ အိပ်တော့လည်း ဒေသခံတိုင်းရင်းသားတွေရဲ့နေအိမ်တွေမှာပဲ အခကြေးငွေပေးပြီး အိပ်ကြတယ်။ တညအတွက် ငွေကျပ် သုံးထောင်ကနေ ငါးထောင်အကြား ပေးကြရတယ်။ စားဖို့အတွက်လည်း သူတို့ကို စီစဉ်ခိုင်းနိုင်ပါသေးတယ်။
အဲဒီပအိုဝ်း၊ ပလောင်၊ တောင်ရိုးဓနုတိုင်းရင်းသားတွေဟာ ကလောမြို့အတွက် သိပ်ကို အကျိုးများလှတယ်။ ဒီရွာတွေကြောင့်သာ ကလောမြို့လေးကို အခြေပြုတဲ့ ထရက်ကင်းလုပ်ငန်းတွေ အခုချိန်ထိ အောင်မြင်နေရတာဖြစ်တယ်။ ဒီရွာတွေသာမရှိရင် ဒီတောလမ်းခရီးစဉ်တွေလည်း ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ နှစ်ပေါင်းလေးဆယ်ကျော်ကြာ ထရက်ကင်းတိုးဂိုက်အဖြစ်လုပ်ခဲ့တဲ့ အသက်ခြောက်ဆယ်ကျော်အရွယ် ကလောမြို့ခံ ဦးဇော်ကပြောတယ်။
ဦးဇော်တိုးဂိုက်စလုပ်ခါစ လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်တုန်းကတော့ ထရက်ကင်ခရီးစိတ်ဝင်စားတဲ့ခရီးသည် အရေအတွက် ဒီလောက် အများကြီး မရှိသေးပါဘူး။ တိုးဂိုက် အရေအတွက်ကလည်း အခုလောက် အများကြီး မဟုတ်သေးပါဘူး။ လက်ရှိအချိန် ကလောမြို့ပေါ်မှာ တောလမ်းခရီးကြမ်းတိုးဂိုက်အနေနဲ့ အလုပ်လုပ်နေသူဦးရေ အနည်းဆုံး ၂၀၀ ကျော်ရှိနေတယ်။ အမျိုးသမီးတွေရော အပါအဝင်ပါ။ ဒီလိုအယောက် ၂၀၀ လောက်ရှိနေလို့ ကလောမြို့မှာ တိုးဂိုက်တွေပုံနေပြီး အလုပ်တွေ လုနေကြရတယ်လို့ ထင်နေရင်တော့ မှားသွားပါမယ်။ ဒီလူဦးရေ ၂၀၀ ကျော်နဲ့တောင် နိုင်ငံခြားဧည့်သည်တွေ ပို့ဖို့ မလောက်မငဖြစ်နေရလို့ ညောင်ရွှေတို့အင်းလေးတို့ဘက်က တိုးဂိုက်တွေကိုတောင် တခါတခါ ခေါ်နေရသေးတယ်လို့ ဦးဇော်က ပြောတယ်။
အခုလို နိုင်ငံခြားခရီးသွားရာသီတွေဖြစ်တဲ့ အောက်တိုဘာလောက်ကနေ ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်အထိ ထရက်ကင်းတောကြမ်းခရီးသွားဖို့အတွက် ကလောမြို့လေးကို နေ့စဉ်နိုင်ငံခြားသား ၁၀၀ ဝန်းကျင်လောက် ပျမ်းမျှဝင်ရောက်နေပါတယ်။ ကလောမြို့ကို လာလည်ကြတဲ့ နိုင်ငံခြားသားတွေကတော့ နိုင်ငံအစုံကပါပဲ။ တချို့နိုင်ငံတွေဆို ကြားတောင်မကြားဖူးလို့ ကမ္ဘာ့မြေပုံထဲကို ပြန်ရှာကြည့်ရတာမျိုးတွေရှိတယ်လို့ ဆိုကြတယ်။ သူတို့အားလုံးကြီးငယ်မရွေးဟာ ထရက်ကင်းတက်ဖို့ပဲ ကလောကို အဓိကလာကြတာပါ။
တချို့ဧည့်သည်တွေကတော့ ငှက်ကြည့်တာလည်း လုပ်ကြတယ်။ ငှက်ကြည့်ဖို့အတွက်ဆိုရင်တော့ ထရက်ကင်းခရီးထက် ပိုပြီးအချိန်ပေးရပါတယ်တဲ့။ ငှက်တွေမနိုးခင် အစောကြီးလည်း ထသွားရတယ်။ ညမိုးချုပ်မှ ပြန်လာကြရပါတယ်။ ထရက်ကင်းခရီးစဉ်ကျတော့ သွားတဲ့လမ်းပိုင်းပေါ်မူတည်ပြီး ဘယ်နေရာမှာ ဘာရွာရှိတယ်။ ဘယ်တောင်ကိုကျော်ပြီးရင် ဘယ်လိုတိုင်းရင်းသားတွေနဲ့တွေ့နိုင်မယ် ဆိုပြီးတော့ပေါ့။
တချို့နိုင်ငံခြားသားတွေကတော့ ထရက်ကင်းနဲ့ ငှက်ကြည့်တာအပြင် မြင်းစီးတာ၊ ဆင်ကြည့်တာတွေလည်း လုပ်ကြတယ်။ ဆင်ကြည့်ဖို့အတွက် ကလောမြို့နဲ့ မလှမ်းမကမ်းမှာတင် ဆင်စခန်းတခု ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဝါးဖောင်စီးတဲ့ ခရီးစဉ်တွေကိုပါ နိုင်ငံခြားသားတွေက တောင်းဆိုလာကြတာများလို့ ထပ်တိုးနိုင်ဖို့ စီစဉ်နေကြပါပြီ။
လာမယ့် ဧပြီလထဲမှာကိုပဲ ၄၁ မိုင်ခရီးဝေးတဲ့ ကလော-ပင်းတယ ၂ ညအိပ်ခရီးကို တရက်ထဲအပြီးပြေးရမယ့် အပြေးပြိုင်ပွဲလုပ်ပါဦးမယ်။ နိုင်ငံခြားသား ၁၀၂ ယောက် ဝင်ပြိုင်ကြမယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံခြားသားဧည့်သည်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ တောလမ်းခရီး အပြေးပြိုင်ပွဲ ဖြစ်လာတော့မှာပါ။ ဒီပြိုင်ပွဲဟာ တကယ်တော့ နိုင်ငံခြားသားဧည့်သည်တွေ မျက်စိကျနေတဲ့ ကလောမြို့ဗဟိုပြု ထရက်ကင်းခရီးစဉ်တွေကြောင့်သာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လာရောက်မှုနှုန်းတွေမြင့်တက်လာလို့ တိုင်းပြည်အတွက်၊ ဒေသအတွက် အကျိုးရှိတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ ဒေသခံတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ လူနေမှုပုံစံတွေ ခေတ်မှီတိုးတက်လာတာဟာ ဝမ်းသာစရာလို့ ဆိုကောင်းဆိုနိုင်ပေမယ့်လည်း တဖက်ကကြည့်ပြန်ရင်လည်း ရိုးရာဓလေ့ယဉ်ကျေးမှုတွေနဲ့ သဘာဝအလှအပတွေဟာ တဖြေးဖြေးနဲ့ ပါးလျပြီး ပျောက်ကွယ်သွားဖို့ ဦးတည်နေတယ်။
ဘာပဲပြောပြော လက်ရှိအချိန်မှာတော့ ကလောမြို့ဝန်းကျင်က တောတောင်ရှုခင်းတွေနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ထရက်ကင်းခရီးစဉ်တွေဟာ နိုင်ငံခြားသားဧည့်သည်တွေအကြားမှာ ဝက်ဝက်ကွဲအောင်မြင်နေလို့ မြန်မာနိုင်ငံအတွက်ရော ကလောမြို့လေးအတွက်ပါ ဝမ်းသာဂုဏ်ယူကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို ထရက်ကင်းခရီးစဉ်တွေကို အခြေခံပြီး အလုပ်ဖြစ်နေတဲ့ ကလောမြို့အနေနဲ့က နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို နောင်နှစ်ပေါင်းများစွာ သားစဉ်မြေးဆက်ကာလတွေအထိ စွဲဆောင်သွားနိုင်ဖို့ တောလမ်းခရီးကြမ်းတလျှောက်မှာရှိတဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ကြိုးစားကြရမှာပါ။
(အေးမွန်ရာပြည့်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာတဦး ဖြစ်သည်)