ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း နယ်ခြားမျဉ်းပေါ်က အကောက်တောင်ဘုရားဟာ အခုလို ပွင့်လင်းရာသီဆို နံနက် အရုဏ်တက်တာနဲ့ ဘုရားဖူးတွေနဲ့ အင်မတန်စည်းကားလှပါတယ်။
အကောက်တောင် ဆိုတာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အဆုံး ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အစဖြစ်တဲ့ နယ်ခြားစည်း သတ်မှတ်ထားတဲ့ ချောင်းလေးရဲ့ တဘက်တချက်စီမှာ တည်ရှိနေတာပါ။
အကောက်တောင်ပေါ်ကနေ မနက်စောစော အရုဏ်ဦးနေရောင်ဟာ ဧရာဝတီမြစ်ရဲ့ မြစ်ရေပြင်ပေါ်ကို ကျရောက်ပြီး ဖြှာထွက်လာတဲ့ မြင်ကွင်းကြောင့် နံနက်စောစော ဘုရားဖူး လာရောက် လည်ပတ်သူတွေကို စိတ်ကြည်နူးမှု အပြည့်အဝပေးနိုင်တဲ့ စွဲဆောင်မှုတခု ဖြစ်ပါတယ်။
ဘာသာရေးနောက်ခံ သမိုင်းတွေအရ မြတ်စွာဘုရား ကျီးမင်းဖြစ်စဉ် အဲဒီတောင်ပေါ်က သစ်သီးသစ်ဥတွေနဲ့ ကောက်ပဲ သီးနှံတွေဟာ ချိုမြိန်လွန်းတဲ့အတွက် အစာကောက်ယူစားသုံးတဲ့ တောင်ဖြစ်လို့ အကောက်တောင်လို့ ခေါ်စမှတ်ပြုကြောင်း ဆိုကြပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း၊ မင်းတုန်းမင်းလက်ထက် မြို့ဝန်ဦးကောက်ရ ဆိုသူအား ဧရာဝတီမြစ်ကြောင်း တလျောက် အစုန်၊ အဆန် သွားလာနေတဲ့ လှေသမ္ဗန်နဲ့ သင်္ဘောတွေကို အခွန်ကောက်ရန် တာဝန်ပေးခဲ့ရာ အခွန်ရုံးဆောက်၊ ကောက်ခံခဲ့တာကို အစွဲပြုပြီး အကောက်တောင်လို့ ခေါ်စမှတ်ပြုခဲ့ကြောင်းလည်း အမှတ်အသား ရှိပါတယ်။
တမူထူးခြားနေတာကတော့ အကောက်တောင် တောင်တန်းတွေရဲ့ နံရံတွေမှာ ထုဆစ် တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်တွေ၊ စေတီတွေပါပဲ။ ဒေသခံတွေရဲ့ အဆိုအရ မြစ်ရေတက်ချိန် အကောက်တောင်မှာ အခွန်ဆောင်ပြီး ခရီးတထောက်နားတဲ့ လှေထိုးသားတွေက ကျောက်သားနံရံတွေအနီး လှေတွေနဲ့သွားပြီး ထုဆစ်ထွင်းထုထားတာလို့ ဆိုပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တောင်တွေရဲ့ ကျောက်သားနံရံတွေကို ထွင်းထုထားတဲ့ ရုပ်ပွားတော်တွေဟာ ကုန်းဘောင်ခေတ်က ကျောက်ဆစ်လက်ရာတွေ ဖြစ်ကြောင်းနဲ့ ဆင်းတုတော်ပေါင်း ၃၇၀ ခန့် ရှိပြီး ထိုင်တော်မူ ဆင်းထုတော် ၂၆၄ ဆူ၊ ရပ်တော်မူ ဆင်းထုတော် ၁၀၉ ဆူနဲ့ လျောင်းတော်မူ ဆင်းတုတော် ၁၅ ဆူရှိတယ်လို့ ရှေးဟောင်းသုတေသနဌာနရဲ့ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။
အဲဒီ ကျောက်ဆစ်လက်ရာ ဆင်းတုတော်တွေကို ဘယ်ကျောက်ဆစ် ပညာရှင်က ထုဆစ်ထားတယ်၊ ဘယ်လိုထု ဆစ်ထားတယ်ဆိုတာ ရေးသားထားခြင်း မရှိသော်လည်း ဆင်းတုတော်တခုရဲ့ အလှူရှင် မှတ်တမ်းမှာတော့ “သက္ကရာဇ် ၁၂၄၉ ခု နရုံ လ္ဆန်း ၈ နေ့တွင် ဘရားတကါ လ ပ ကုံ နေ ဦ ဗို ဘု ရာ့ အ မ ။ မ အေါင် ကေါင် မှု နိ ပန် ဆုသါ ဒုနတ် လူ ခေါ် ဆေသေါ်” လို့ စာကြောင်း ၅ ကြောင်းနဲ့ ရေးသားထားကြောင်း ရှေးဟောင်းသုတေသနဌာနက မှတ်တမ်းတင်ထားပါတယ်။
ရှေးယခင်က ဘုရားတထောင် အကောက်တောင်လို့ ခေါ်ဆိုခဲ့ပေမဲ့ ဆင်းတုတော် တော်တော်များများကတော့ ရေတိုက်စားမှုနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးခဲ့ရပါတယ်။
နောက်ဆုံးကျန်ကြွင်းတဲ့ ဆင်းတုတော် ၃၇၀ ခန့်ကိုတော့ ရှေးလက်ရာမပျက် ထိန်းသိမ်းစောင့်ရှာက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး တချို့ဆင်းထုတော်တွေကိုတော့ ထုံးသင်္ကန်းတွေအပြင် အရောင်ပါတဲ့ သုတ်ဆေးတွေနဲ့ပါ ပြုလုပ်ထား တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အနယ်နယ်အရပ်ရပ် ဘုရားဖူးတွေအနေနဲ့ အကောက်တောင်ကို လာမယ်ဆိုရင် ရေလမ်းခရီးနဲ့ပဲ သွားသွား၊ ကုန်းလမ်း ခရီးနဲ့ပဲသွားသွား ထုံဘိုမြို့လေးကို ဖြတ်ကျော်ပြီးမှသာ သွားရမှာပါ။ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ဇာတိ ထုံးဘိုမြို့လေးဟာ ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီး ကနေတဆင့် အတွင်းထဲသို့ ကတ္တရာလမ်းဖြင့် ၁ မိုင်ခွဲခန့် ဝင်ရပြီး အခုဆိုရင် အကောက်တောင်ကိုလာတဲ့ ဘုရားဖူးတွေကြောင့် ထုံဘိုမြို့လေးဟာ အတော်အတန် စည်ကားလို့နေပါပြီ။
အုပ်စုလိုက် လာသူတွေအတွက် ထုံးဘိုမြို့ကနေ စက်လှေငှားမယ်ဆိုရင် လူ ၃၀ လောက်ဆံ့တဲ့ စက်လှေအကြီးဆိုရင် အသွားအပြန်အတွက် ကျပ် ၁ သောင်း ၂ ထောင်ပေးရပြီး၊ လူ ၁၅ ဦးဆန့်တဲ့ စက်လှေအငယ်ဆိုရင် ၈၀၀၀ ကျပ်ပေးရကာ လွယ်လွယ်ကူကူ ငှားလို့ရပါတယ်။
အဲဒီလိုပဲ ကုန်းလမ်းခရီးနဲ့ တက်မယ်ဆိုရင်လည်း Light Truck ကားနဲ့ အသွားအပြန် လူတဦးကို ၁၀၀၀ ကျပ်နှုန်းနဲ့ လိုက်ပါစီးနင်းနိုင်ပါတယ်။
ညအိပ်၊ ညနေ လာရောက် လိုသူတွေအတွက် အခက်အခဲမရှိ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်အောင် အကောက်တောင် ဆရာတော် အရှင်ပညာဒီပနဲ့ ဘုရားဝေယျာဝစ္စ အဖွဲ့သားတွေက အကောက်တောင်ပေါ်မှာ ညအိပ်ညနေ တည်းခိုဖို့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို လုံလောက်စွာ စီစဉ်ထားသလို နံနက်စာ နေ့လည်စာနဲ့ ညစာ ၃ နပ်စလုံး စားသုံးဖို့အတွက် အခမဲ့ စီစဉ်ပေးထားပါတယ်။
ရပ်ဝေးက ဘုရားဖူးတွေ အကောက်တောင်ကို လာမယ်ဆိုရင် ပြည်မြို့ကနေတဆင့် လာရောက်တာဟာ အသင့်တော် ဆုံးဖြစ်ပါတယ်။ ပြည်မြို့နဲ့ ၃၉ မိုင်သာဝေးလို့ ပြည်မြို့အနီးတဝိုက် တခြား လည်ပတ်ဖူးမျှော်စရာ ဘုရားတွေလည်း သွားရောက်နိုင်ပါတယ်။ ပြည်ရွှေဆံတော်ဘုရား၊ ရှေးဟောင်းမြို့တော် သရေခေတ္တရာ ပျူမြို့ဟောင်းကို လေ့လာနိုင်သလို ပြည်မြို့ ဧရာဝတီမြစ် တဘက်ကမ်းမှာရှိတဲ့ ရွှေဘုံသာ၊ ငွေဘုံသာနဲ့ ကံမမြို့သွားတဲ့ လမ်းပေါ်က ဗောဓိတထောင် ဘုရားတွေကိုပါ ခရီးစဉ်တခုတည်းမှာ ဖူးမျှော်နိုင်ပါတယ်။