ပုဂံမြို့ဟောင်းလို့ ဆိုလိုက်တာနဲ့ နီစွေးစွေး အုတ်တွေနဲ့ဆောက်လုပ်ထားတဲ့ ရှေးဟောင်းစေတီပုထိုးတွေ၊ ဖုန် တထောင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းတွေ၊ ထိုးထိုးထောင်ထောင် ရှားစောင်းပြသာဒ်ပင်တွေ၊ တိတ်ဆိတ်ခြောက် သွေ့နေတဲ့ လွင်ပြင်ကျယ်ကြီးမှာ တံလျှပ်တွေ တညီးညီး တောက်ပနေတဲ့ ပုံရိပ်တွေက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။
လက်ရှိ ပုဂံက ၂၁ရာစုပုဂံ ဖြစ်နေပြီ။ အီလက်ထရောနစ် မီးရောင်စုံတွေ ပြိုးပြိုးပျက်ပျက်အောက်မှာ ခရီးသွားတွေကို ဖိတ်ခေါ်နေတဲ့ ဟိုတယ်တွေ မိုတယ်တွေ ရှိတယ်။ အရှေ့တိုင်းအစားအစာနဲ့ ဥရောပအစားအစာကို စိတ်တိုင်းကျ မှာ ယူစားသောက်နိုင်တယ်။
ပုဂံမြို့က အရင်ကထက် ပိုလို့ကြီးမားကျယ်ပြန့်လာတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ဝန်းကျင်ကတည်ခဲ့တဲ့ ပုဂံမြို့သစ်က အခု မြို့ သစ်အင်္ဂါရပ်တွေ ဘာမှ ခြေရာလက်ရာ မကျန်တော့သလောက် မြို့ဟောင်းတခုလို ဖြစ်နေပြီ။ ကျန်စစ်သားလမ်းတလျှောက် မှာ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပုံရတဲ့ အမှိုက်ပုံးတွေနေရာမှာ ပရဟိတသမားတွေက အမှိုက်အိတ်တွေ လိုက်စွပ်ပေး နေတာ တွေ့ရတယ်။
ပုဂံ-ကျောက်ပန်းတောင်း လမ်းမထက်မှာ ပုဂံခေတ်ဟန် ဆောက်လုပ်ထားတဲ့ ၂၁ ရာစုလက်ရာ တိုးလ်ဂိတ်ကို ဖြတ်ကျော် လိုက်တာနဲ့ လမ်းလယ်ကျွန်းနဲ့ ၂၁ ရာစုပုဂံလမ်းမမှာ ကားတွေ ဆိုင်ကယ်တွေ တဝီးဝီး မောင်းနှင်နေကြတယ်။ ပုဂံ-ကျောက်ပန်းတောင်း လမ်းမဝဲယာမှာ အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေ ရုံးဌာနတွေ အစီအရီရှိနေကြတယ်။
လမ်းမ ညာဘက်ဘေးမှာ ပုဂံဘူတာကို ဟည်းထနေအောင် ဆောက်ထားတယ်။ တည်ဆောက်ပြုပြင် မြန်ပြည်တခွင် ခေတ်မှာ ဆောက်လုပ်ခဲ့တဲ့ ဘူတာရုံအသစ်ကြီး ဖြစ်ပါတယ်။ တိုးရစ်အများစုက အညာဆောင်းဦးကိုမမှုဘဲ တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ပြီး လျှပ်စစ်ဆိုင်ကယ်တွေ ကိုယ်စီနဲ့ သွားလာနေကြတယ်။
အခုအခါ ပုဂံခေတ်မြို့ရိုး ၁၂ရပ်ရှိတဲ့အထဲမှာ မူလလက်ရာမပျက်ကျန်ရှိတဲ့ တခုတည်းသော တံခါးက သရပါတံခါးဖြစ် ပါတယ်။ အရင်က ညောင်ဦးနဲ့ ပုဂံရဲ့ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိခဲ့ပြီး ရပ်နီးရပ်ဝေး ဘုရားဖူးကားတွေ ဒေသခံ ပုဂံသူပုဂံသားတွေ ဥဒဟို ဝင်ထွက်သွားလာရာ ဂိတ်တံခါးဖြစ်ခဲ့တယ်။
ကျန်စစ်သားလမ်းသစ်ကို တပ်မတော်အစိုးရလက်ထက်မှာ ဖောက်လုပ်ခဲ့ပြီး ဒေသခံ ပုဂံသူပုဂံသားတွေ အသုံးနည်းတယ်။ ခရီးသွားဧည့်သည်တွေသာ အသုံးပြုမှု များပါတယ်။ အခုလက်ရှိ အစိုးရလက်ထက်မှာ သရပါတံခါးကို စက်တပ်ယာဉ် ဖြတ် သန်းခွင့် ပိတ်ထားလိုက်ပါပြီ။ ညောင်ဦးကနေ ပုဂံမြို့ဟောင်းကို သွားရောက်လည်ပတ်တဲ့အခါ လမ်းလွှဲလုပ်ပေးထားပါ တယ်။ လမ်းလွှဲလုပ်ပေးထားပေမယ့် ပျက်စီးယိုယွင်းနေပြီး မိုးတွင်းကာလမှာ အခက်အခဲတွေ့နိုင်ပါတယ်။
၂၀၁၆ခုနှစ် သြဂုတ်လ ညနေ (၅.၀၅)နာရီဝန်းကျင်က ရစ်ချက်တာစကေး (၆.၈) ပြင်းအားရှိ ငလျင် ပုဂံမှာ လှုပ်ခဲ့ပြီး ရှေး ဟောင်းဘုရားအချို့ ပြိုကျပျက်စီးခဲ့ရတယ်။ အခုတော့ ပုဂံဘုရားတွေမှာ သံကွန်ချာတွေ အုပ်ထားပြီး ပြုပြင်ထိန်းသိမ်းမှု တွေလုပ်နေတာ တွေ့ရပါတယ်။
စေတီအချို့ရဲ့ အထက်ပစ္စယံထိ တက်ရောက်မှုကို တားမြစ်ထားတယ်။ ပုဂံမှာ ပြည်တွင်းခရီးသွားရော ပြည်ပခရီးသွားပါ သိသိသာသာ မြင့်တက်လာတယ်။ ခရီးသွားတွေ မြင့်တက်လာမှုကြောင့် တည်းခိုနေထိုင်ရေး အခက်ကြုံကြရသူတွေရှိတယ်။
အထူးသဖြင့် အခုလို ခရီးသွားရာသီနဲ့ ပွဲတော်ရက် တိုက်ဆိုင်နေတဲ့ကာလမှာ ခရီးသွားဧည့်သည်တွေ များလွန်းလို့ ဟိုတယ် တွေ တည်းခိုခန်းတွေ လျှံထွက်နေတယ်။
ပြည်တွင်းဧည့်သည်တွေရဲ့ ခရီးသွားပုံစံတွေကလည်း ၂၁ ရာစုနဲ့အတူ ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ အရင်၂၀ရာစု ခရီးသွားတဲ့ ပုံစံက ပုဂံကို ဘုရားဖူးထွက်တယ်ဆိုရင် ကားတွေနဲ့ စုပေါင်းသွားကြ စားသောက်ဖွယ်ရာတွေကို ချိုင့်ကြီး ချိုင့်ငယ်တွေနဲ့ သယ်သွားကြတယ်။
အခု ၂၁ရာစုခေတ်မှာ သဘောင်္စီး လေညင်းခံပြီး ပုဂံသွားကြသူတွေရှိသလို အတွေ့အကြုံသစ်ယူချင်ကြသူတွေကလည်း မီးရ ထားစီးပြီး ပုဂံကို သွားကြတယ်။ သဘောင်္နဲ့သွားရင် မနက်သွား ညနေရောက်ပါတယ်။ ရထားနဲ့ သွားတဲ့အခါ ညနေစီးပြီး မနက်စောစော ပုဂံရောက်ပါတယ်။
လက်မှတ်ဝယ်ရတာလည်း လွယ်ကူရိုးရှင်းတယ်။ စွန့်စားလိုသူတွေက မန္တလေး-ပုဂံ မိုင် ၁၀၀ ဝန်းကျင်ခရီးကို မော်တော် ဆိုင်ကယ်တွေနဲ့ သွားကြတယ်။ တည်းခိုနေထိုင်ရာမှာလည်း အရင်တုန်းကလို ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံတွေဆီ သိပ်မသွားတော့ဘဲ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်တွေဆီကိုသာ ဦးတည်ကြတော့တယ်။
ပွဲတော်ရက်တွေမှာ တည်းခိုနေထိုင်ရေး အခက်ကြုံကြရလို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ပခုက္ကူမြို့ဘက်ကူးပြီး တည်းခိုကြရသူတွေရှိတယ်။ တချို့ကျောက်ပန်းတောင်းပြန်ပြီး ညအိပ်ရပ်နားကြရတယ်။ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေ မှာလည်း ဧည့်သည်တွေ ပြည့်ကျပ်နေခဲ့ပါတယ်။
ဧည့်သည်နဲ့ မြို့ မမျှမတဖြစ်အောင်အထိ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။ ပွဲတော်ရက်မှာ တည်းခိုခတွေ ၂ဆနီးပါး အထိ ခုန်တက်ခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့သူတွေက ဆိုပါတယ်။ ဒါအပြင် မြို့ခံဆိုင်တွေအားလုံးလည်း အရောင်းတက်ခဲ့ကြောင်း ရွှေစည်းခုံဘုရားအနီးက ဆိုင်ရှင်တယောက်က ပြောပါတယ်။
ပုဂံက အညာဆန်တဲ့ ရှေးဟောင်းမြို့တမြို့မကတော့ဘဲ ဧည့်သည်ကြိုက်တဲ့ မြို့ဖြစ်လာခဲ့ပါပြီ။ ခရီးသွားဧည့်သည်ပေါ လာတာနဲ့အမျှ ရောင်းရေးဝယ်တာတွေ ကောင်းလာမှာ ဖြစ်သလို ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အလုပ်ဖြစ်လာမှာ သေချာပါတယ်။
အမှိုက်တွေ ပိုပေါလာမယ်။ စရိတ်စကတွေ အရင်ထက် များလာနိုင်တယ်။ ရှေးဟောင်းလက်ရာ ပစ္စည်းတွေ နည်းမျိုးစုံနဲ့မ ထွက် နိုင်အောင် ကြိုးစားကြရတော့မယ်။ ယဉ်ကျေးမှုလက်ရာတွေ မပျောက်ပျက်အောင် ရေရှည်တည်တံ့အောင် ကြိုတင် ပြင်ဆင်ထားရတော့မှာဖြစ်တယ်။
အထူးသဖြင့် ဒေသထွက်ကုန်တွေ စားသောက်ကုန်တွေ ပိုပြီး အဆင့်မီအောင် လုပ်ထားကြဖို့ လိုပါပြီ။ အဲဒါတွေ အတွက် လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အစစအရာရာ ဖွံ့ဖြိုးလာမှုအတွက် အုပ်ချုပ်ရေးပိုင်းတခုတည်း အားကိုးနေရုံနဲ့ မရနိုင်ပါဘူး။
ဒေသခံတွေ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အားနဲ့ ပုဂံကို စုပေါင်းတည်ဆောက် ကာကွယ်ကြရမယ့်အချိန်ဖြစ်ပါတယ်။ အစိုး ရကိုယ်တိုင်ကလည်း ဖွံ့ဖြိုးမှုနဲ့ အတူပါလာမယ့် လူမှုဒုက္ခ( Social problem)တွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပိုမို ပူးပေါင်းလုပ်ဆောင်ကြရမယ့် အချိန်လည်းဖြစ်ပါတယ်။