Travel

ကဗျာဝကမ်းခြေ သွားကြမယ်

Want create site? Find Free WordPress Themes and plugins.

မွန်းကျပ်တဲ့ပြီးပြ ရန်ကုန်ကနေ အပြင်ခဏလောက် ခရီးတို၊ ခရီးရှည် ထွက်ချင်တဲ့သူတွေ ခုနှစ်ပိုင်းမှာ ပိုများလာတာ အမှန်ပဲ ဆိုတာကို ခရီးသွားအေဂျင်စီတွေ၊ trip advisor တွေပေါ်လာတာကို ကြည့်ရင်ပဲ သိနိုင်နေပါပြီ။

သွားနေကျခရီးစဉ်တွေထက် မတူကွဲပြားတဲ့ ခရီးစဉ်တွေကို လူတွေ တမ်းတလာကြ၊ အချက်အလက်တွေ သိချင်လာကြ တာမို့၊ ခရီးသွားလုပ်ငန်းတွေကလည်း အပြိုင်အဆိုင်ကို နေရာသစ်တွေ ရှာဖွေလာကြပါတယ်။

ဒီလိုရှာဖွေလာလို့လည်း ယခင်က ကြားတောင် မကြားဖူးခဲ့တဲ့ နေရာဒေသတွေဟာ ခုတော့ ခရီးသွားတွေအတွက် စိတ်ဝင် တစား ခြေချခြင်စရာတွေ ဖြစ်လို့လာပါပြီ။ အများမရောက်ဖူးသေးတဲ့ဒေသတွေမှာ ပုံလှလှရိုက်၊ မိတ်ဆွေအပေါင်းအသင်း တွေကြား အတွေ့အကြုံပြန်မျှဝေတဲ့ခေတ်ရောက်လာပြီမလို့၊ ဒီလိုဝါသနာရှင်တွေအတွက် ခရီးသွားလမ်းညွှန်တွေက အရေး ပါလာပါတယ်။

ကဲ …. ဒီတော့၊ အခုနောက်ပိုင်း အစိုးရကလည်း စည်စည်ကားကားဖြစ်စေချင်တဲ့ မွန်ပြည်နယ်ထဲက ကဗျာဝကမ်းခြေ ဆို တာကို ခေါ်သွားချင်ပါတယ်။

ကဗျာဝဆိုတာ ဘာလဲ၊ ဘယ်နေရာမှာလဲ

ကဗျာဝကမ်းခြေဆိုတာ၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲထဲက ကဗျာဝရွာအနီးမှာ ရှိတာပါ။ ရေးမြို့နယ် ဆိုတာ ကတော့ ရန်ကုန်ကနေ ၂၈၇ မိုင်ဝေး ပြီး ရန်ကုန်-ထားဝယ်လမ်းပေါ်မှာ ရှိပါတယ်။ အခု ကဗျာဝကမ်းခြေကတော့ ရေးမြို့ ထဲကိုပဲ မိုင် ၂၀လောက်ဝေးတဲ့နေရာမှာ ရှိပါတယ်။

ရေးမြို့ပေါ်ကနေ ကမ်းခြေကို ရောက်ဖို့ မိုင်၂၀ ဆိုပေမယ့် အတွင်းလမ်းတွေ မကောင်းတာကြောင့် ကားကြီတွေဝင်မယ်ဆို ရင် ဖြည်းဖြည်းမောင်းရတဲ့အတွက် တနာရီခွဲကျော်လောက် မောင်းရပါတယ်။ ရန်ကုန်ကနေ ရေးကို ရောက်ဖို့ဆိုရင် ကိုယ် ပိုင်ကားနဲ့ သွားကြတဲ့အခါ ၈နာရီကျော်လောက်ပဲ မောင်းရပေမယ့် ခရီးသွားကားနဲ့ သွားမယ်ဆို ဖြည်းဖြည်း မှန်မှန်မောင်း တဲ့ အခါ ၁၀ နာရီကျော်လောက်တော့ ကြာနိုင်ပါတယ်။

ကျမတို့ကတော့ ခရီးသွားကားနဲ့ သွားတာကြောင့် ည ၉နာရီကျော် ရန်ကုန်ကနေ ထွက်ခဲ့တာဟာ ရေးမြို့ကို မနက် ၇နာရီ လောက်ရောက်ပြီး၊ မနက်စာ စား၊ ခဏနားပြီးတာနဲ့ ကမ်းခြေကို ဆက်ထွက်လာတာဟာ မနက် ၉ခွဲကျော် ၁၀နာရီလောက် မှ ရောက်ပါတယ်။

မော်လမြိုင်အကျော် မုဒုံအဝင်နဲ့ အထွက် အဲဒီတလျှောက်က လမ်းကျဉ်းတာကြောင့် ကားတွေ ထိန်းမောင်းရပါတယ်။ ထား ဝယ်အထိလမ်းကို ဖြည်းဖြည်းပြုပြင်နေတာကြောင့် လမ်းပိုကျယ်ရင်ဖြင့် သွားလာရ ခုထက် အဆင်ပြေမှာပါ။

ဘာတွေ တွေ့ရမလဲ၊ ဘာတွေ အပန်းဖြေလို့ရမလဲ

ရန်ကုန်ကနေ ရေးကို ထွက်တဲ့လမ်းတလျှောက်ကတော့၊ အရင်ခေတ်ကဆိုရင် မုဒုံလောက်ကျော်တာနဲ့ နယ်မြေလုံခြုံရေး မကောင်းတာကြောင့် သတိဝိရိယနဲ့ သွားခဲ့ရတဲ့နေရာတွေပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးခဲ့တာကြောင့် ဒေသဖွံ့ ဖြိုးမှုမှာလည်း နှေးကွေးနေခဲ့တာတွေ ရှိပါတယ်။

ဒီတော့ အခုကာလတွေလက်နက်နဲ့ ငြိမ်းချမ်းရေးတွေ လဲပြီးတဲ့အချိန်မှာ တိုင်းရင်းသားဒေသတွေ ဖွံဖြိုးဖို့ ပြည်နယ် အစိုး ရတွေက စဉ်းစားလာတာမို့၊ ဒီကဗျာဝကမ်းခြေကလည်း မွန်ပြည်နယ်ထဲမှာ ခရီးသွားလုပ်ငန်းဝင်ငွေတိုးစေမယ့် နေရာတခု လို့ အစိုးရက လျာထားပုံရပါတယ်။

မွန်ပြည်နယ်ထဲ ရောက်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာတလျှောက် ရာဘာခြံတွေနဲ့ စိမ်းစိမ်းစိုစို ရှိတာမို့လည်း ခရီးသွားရတဲ့ အ ရသာ စိတ်ချမ်းသာမှု အပြည့်ရနိုင်ပါတယ်။

ကဗျာဝကမ်းခြေကို ရောက်ဖို့ ရေးမြို့ကနေ ဝင်ရတဲ့အခါ လမ်းလေးတွေက ကျဉ်းတာမို့ အဲ့ဒေသရဲ့မြင်ကွင်းတွေကို ခပ်စိတ် စိတ်မြင်တွေ့ခွင့်ရမှာပါ။ မွန်လူမျိုးတွေဟာ ယဉ်ကျေးမှုမြင့်တယ်၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကားရှိတာကြောင့်၊ မြို့ပေါ် မှာကော လမ်းတလျှောက်ရွာတွေမှာပါ မြင်ရတဲ့ ဆိုင်းဘုတ်တွေ၊ ကြော်ငြာ လမ်းညွှန်တွေကအစ မွန်စာပေနဲ့ ရေးသားထား တာကိုပဲ မြင်ရပါတယ်။

မွန်အိမ်ကလေးတွေက ဆင်တူပါတယ်။ ခြေတံရှည် မြင့်မြင့်နဲ့ ဆေးနီရောင်သုတ်ထားတဲ့ သစ်သားအိမ်ကလေးတွေဟာ နေချင့်စဖွယ် သပ်သပ်ရပ်ရပ်လေးတွေပါ။ ကဗျာဝရွာကို ရောက်ဖို့ ကြားမှာ ဟန်ဂံတို့ အခြား မွန်နာမည်ခေါ်တဲ့ရွာတွေကို ဖြတ်ကျော်ရပါတယ်။

ကဗျာဝရွာထဲကို ဝင်တာနဲ့ ချောင်းဖြတ်တံတားတခုကို ကျော်ရပါတယ်။ အဲကနေ အတွင်းရောက်တဲ့အခါ ကိုယ့်ဘေးမှာ ပင်လယ်ရေပြာပြာကို တွေ့ရပါတယ်။

တခုရှိတာက ကဗျာဝဟာ ချောင်းသာတို့ ငွေဆောင်တို့လို commercial beach အဖြစ် မပီပြင်သေးတာမို့ လမ်းတွေကော၊ ပတ်ဝန်းကျင်ကပါ အစိမ်းသက်သက်လို ဖြစ်နေပါသေးတယ်။ ခုနက ရွာအတွင်းဝင်လာတာနဲ့ ဘေးက ကမ်းခြေဟာ သောင်ပြင်မရှိသေးဘဲ မြစ်ကမ်းဘေးဖြတ်ကျော်သွားသလို ခံစားရစေမှာပါ။

ကဗျာဝကမ်းခြေ

ကမ်းခြေအလျားမရှည်ပေမယ့် ရှိတဲ့နေရာလေးဟာ ငွေရောင်သဲဖြူဖြူတွေနဲ့မို့ သဘာဝပတ်ဝန်းကျင် မပျက်စီး သေးပါဘူး။ သဲတွေကလည်း နေမပူခင်အချိန်မှာ နင်းလိုက်ရင် အိစက်စက်နဲ့မလို့ သဘောတော့ကျမိရပါတယ်။ ဒီကမ်းခြေမှာ အခု နောက်ပိုင်းခရီးသွားလုပ်ငန်းတွေက နေ့ချင်းပြန်ခရီးအဖြစ် ပြေးဆွဲလာတာကြောင့် ခရီးသွားကားတွေလည်း ခုချိန် တည်းကရောက်နေပြီမို့၊ လူတော့ မပြတ်တော့ပါဘူး။

ကမ်းခြေတလျှောက်မှာလည်း ရွာခံတွေက စီးပွားရေးအကွက် မြင်လာပြီမို့၊ ကမ်းခြေ ထီးရောင်စုံအမြင့်ကြီးတွေ ဒရင်းဘတ် တွေ၊ ပက်လက်ကုလားထိုင်တွေကို ငှားပေးနေတဲ့ဝန်ဆောင်မှုတွေပေါ်လာပါပြီ။ သူတို့က တနာရီကို ၁၀၀၀ကျပ်လောက် ယူပါတယ်။ ရေလှိုင်းစီးဖို့ ဘောကွင်းငှားတာလည်း ရှိပါတယ်။

သူကလည်း တခါငှားရင် အကြီးသေးပေါ်မူတည် ပြီး ၅၀၀၊ ၁၀၀၀ ပေးရပါတယ်။ ဒီကြားထဲ ကမ်းခြေပေါ်မှာ ဆိုင်ကယ် စီး ချင်လည်းရပါတယ်။ လေးဘီးတပ် စက်တပ်ယာဉ်လည်းရှိပါတယ်။

ကမ်းခြေတိုတာကြောင့် ခပ်ဝေးဝေးသွားလို့တော့ မကောင်းပါဘူး။ ရေလှိုင်းစီးဖို့ကလည်း လှိုင်းလုံးတွေ အရမ်းမကြီးတာ ရယ်၊ လေအရမ်းမတိုက်တာရယ်ကြောင့် ခပ်ငြိမ်ငြိမ်လေးပဲ ရေဆော့လို့ကောင်းပါတယ်။ သောင်ပြင်ကတော့ ကမ်းခြေ လုပ်လို့ရတဲ့ အနေအထားရှိအောင် ကျယ်ပါတယ်။

အဲဒီ ကမ်းခြေနေရာကလည်း တောင်ကုန်းကျောက်ဆောင်တွေနဲ့ နီးတော့ လေကွယ်သလိုဖြစ်နေတာကြောင့် ရေလှိုင်း အရမ်းမကြီးတာလို့ တွက်မိပါတယ်။ ဒီကမ်းခြေမှာလည်း ရေတက်ရက်၊ ရေကျရက်ရှိတာမို့၊ ဒေသခံတွေကို ရေအတက် အကျချိန် မေးမြန်း ပြီး ရေဆော့တာတော့ကောင်းပါတယ်။

ရေအငြိမ်မှာ လှိုင်းဖော့ဖော့စီးရင်း အနားယူရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ ကမ်းခြေမှာ အမှိုက်သ ရိုက် မရှိသေးတာနဲ့တင် စိတ်ချမ်းသာဖို့တော့ ကောင်းပါတယ်။ ကျောက်ဆောင်တွေဘက် လမ်းလျှောက်ထွက်ရင်း သဘာ ဝအလှအပတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆို သာယာတာကို တွေ့ရမှာပါ။

သောင်ပြင်ပေါ်မှာ ကျောက်တလုံးစေတီလိုလည်း တည်ထားတာရှိပါတယ်။ တခုတော့ ရှိပါတယ်၊ နေ့လယ် ၁၂ နာရီ လောက်ရောက်တာနဲ့ ကမ်းခြေပေါ် ခြေဗလာနဲ့ ပြန်တက်မယ်ဆိုရင်တော့ ကြွပ်ကြွပ်ပူနေတဲ့ သဲသောင်ပြင်မှာ သင့်ခြေဖဝါး မီးကင်ပြီးသား ဖြစ်သွားမှာကိုတော့ ဂရုပြုရပါလိမ့်မယ်။

ရေချိုးချိုးချင်ရင် ကိုယ်နေ့လယ်စာစားမယ့်ဆိုင်တွေမှာ ရေ အခမဲ့ ချိုးနိုင်ပါတယ်။ ကျားမ ခွဲထားပေးပြီး အဝတ်အစားလဲဖို့ပါ အဆင်ပြေစေပါတယ်။ အိမ်သာလည်း သန့်ရှင်းပါတယ်။ အစားအသောက် အဆင်ပြေပါ့မလား။

ကမ်းခြေမှာ အုန်းရည်ထိုင်သောက်မယ်ဆိုလည်း အုန်းသီးတစ်လုံး ၁၀၀၀ကျပ်ပါ။ ဒီကြားထဲ ထီးအရိပ်အောက်မှာ အနားယူ ရင်း ပင်လယ်ကိုကြည့် ပုစွန်ကင်၊ ငါးကင် မှာမယ်ဆိုလည်း ကမ်းခြေသောင်ပေါ်က ဆိုင်တွေက လုပ်ပေးပါလိမ့်မယ်။

ကျောက်ပုစွန်အကြီးမဟုတ်ပေမယ့် လတ်ဆတ်တဲ့လက်ညှိုးအရွယ် ပုစွန်ချိုချို၁၀ ကောင်လောက်ပါတဲ့ ပုစွန်ကင်တပွဲကို ကျပ်သုံးထောင်လောက်နဲ့ ရပါမယ်။ ငါးကင်ဆိုရင်လည်း အကောင်အကြီး သေး ပေါ်မူတည်ပြီး ၅၀၀၀ကျပ်၊ ၆၀၀၀ ကျပ် ပေးရပါတယ်။

ဂဏန်းစားချင်တယ်ဆိုရင်တော့ ဒေသခံတွေကို ကြိုမေးထားရပါလိမ့်မယ်၊ သွားတဲ့ရက်ဟာ ဂဏန်းမဖမ်းရနေ့လားဆိုတာ၊ အဲဒီနေ့ဆိုရင်တော့ ဂဏန်းမရနိုင်ပါဘူး။ ကျမတို့ကတော့ အဲနေ့က ဂဏန်းမစားလိုက်ရတဲ့နေ့ပါပဲ။

နေ့လယ်စာအတွက် ကမ်းခြေက ဆိုင်တွေကပဲ စီစဉ်ပေးပါတယ်။ ရွာသားတွေကို ကြိုတင်ဖုန်းဆက်ထားတာမို့ လာမယ့် လူအရေအတွက်အတိုင်း သူတို့ စီစဉ်ပေးနိုင်ပါတယ်။

ပင်လယ်စာတွေကို မွန်လက်ရာအတိုင်းချက်ထားတဲ့ အတွက် မြို့လက်ရာနဲ့ နည်းနည်းကွာခြားတဲ့အရသာ စားနိုင်ပါမယ်။ ငါးချိုချဉ်၊ ဂုံးကင်သုတ်၊ တုံယမ်းပင်လယ်စာ၊ ပဲကြာဇံသုတ်၊ ပုစွန်ကင်၊ စတာတွေကို မှာစားလို့ရနိုင်ပါတယ်။ ဈေးတွေက လည်း သက်တောင့်သက်သာရှိပါတယ်။

ဝါးကြမ်းခင်းထားတဲ့ ဆိုင်အခင်းအကျင်းပေါ်မှာ ပင်လယ်လေရှုရင်း စားသောက်နိုင်မှာပါ။ ဗိုက်ကားပြီး အိပ်ချင်ရင်တောင် လှဲခင်းပြီး အိပ်လို့ရပါသေးတယ်။ ကျမတို့ကတော့ ရက်တိုခရီးမို့ စားသောက်ပြီးတာနဲ့ ရေးမြို့ကို ပြန်ထွက်ဖြစ်ပါတယ်။

ရေးမြို့ပေါ်က လည်စရာနေရာများ

ရေးမြို့ကို ပြန်ထွက်တဲ့အခါ မြို့ပေါ်က ရွှေဆံတော်စေတီကို ဝင်ဖူးနိုင်ပါတယ်။ မြို့ကျက်သရေဆောင်ပါ။ အဲဒီဘုရားနားမှာ ပဲ ရေးမြို့က ထွက်တဲ့ သစ်သီးယိုတွေကို တခါတည်း လက်ဆောင်ဝယ်နိင်ပါလိမ့်မယ်။ ဥပမာ၊ ရန်ကုန်မှာ မရနိုင်တဲ့ မာလ ကာချဉ်လိုယိုမျိုး၊ ပိနဲ္ဒသီးယိုမျိုးလိုတွေပါ။ ဒူးရင်း၊ သရက်၊ ရှောက်၊ မရမ်း၊ နာနတ်၊ ကတွတ်စတဲ့ယိုပေါင်းစုံအပြင် ငါးပိ၊ ငါး ခြောက်၊ ပုစွန်ခြောက်စတာတွေကိုလည်း ရနိုင်ပါသေးတယ်။

အဲဒီကနေ ထပ်လည်ပတ်နိုင်တာက ရေးမြို့က ရှေးဟောင်းကျူံးတော်ကြီးပါ။ ပြောရရင် ယခင်ရှေး သုဝဏဘုံမိ သထုံပြည် ကြီးကောင်းစားစဉ်က အဲဒေသက နန်းတော်ကျူံးဟောင်းဖြစ်နိုင်ခြေ ရှိပါတယ်။ တခြားမြို့တွေမှာဆို ကန်တော်ကြီးလို့ ခေါ် တွင်နိင်တဲ့နေရာပါ။
ကျူံးတဖက်တချက်အလယ်မှာ ကားလမ်းရှိပြီး၊ ကျုံးတဖက်အလယ်မှာဆိုရင် ရေလယ်ဘုရားတည်ထားပါတယ်။ ကျူံးထဲ က ငါးတွေကိုလည်း အစာကျွေးကုသိုလ်လုပ်နိုင်ပါတယ်။ ကျုံးနဲ့ပတ်သတ်တဲ့ အထောက်အထားသိချင်လို့ ဒေသခံတွေ မေး ပေမယ့် ရေရေရာရာ မပြောနိင်တာကတော့ ဝမ်းနည်းစရာပါ။

ကိုယ့်ဒေသရဲ့ရှေးဟောင်းကာလအကြောင်းကို မသိကြတာဟာ ဘာကြောင့်ပါလဲ။ မေးခွန်းတွေကတော့ အပြည့်ပါပဲ။ ကျူံး ပတ်လည်မှာတော့ ညနေဘက် လမ်းလျှောက်ထွက်သူ၊ လေညင်းခံသူတွေရှိပါတယ်။ ထိုင်ခုံလေးတွေ လုပ်ပေးထားပြီး အလှဓာတ်ပုံရိုက်နိုင်အောင်လည်း ဖန်တီးထားတာကိုတော့ သဘောကျရပါတယ်။

ကျူံးတော်ကြီးကနေထွက်လာပြီးတော့ ရောက်တာကတော့ ရေးကိုရင်လေး တည်ထားတဲ့ ထိုင်တော်မူလေးမျက်နှာ ဘုရား ကိုပါ။ ဒီဘုရားကြီးကို တည်ထားတဲ့ ရေး ကိုရင်လေးက သက်တော် ၄၁နှစ်လောက်ရှိပါပြီ။ ဒီဒေသမှာတော့ နာမည်ရှိပါ တယ်။ ကိုးကွယ်သူတွေ များပါတယ်။
ဒီထိုင်တော်မူဘုရားဟာ အတောင် ၂၁၀ (အမြင့်ပေ ၃၀၀ကျော်ခန့်) ရှိပြီးတော့ အထပ်အားဖြင့် ကိုးထပ်ပါဝင်ပါတယ်။ ဘုရားလေးဆူ ပတ်လည်တည်ထားပြီး ကိုးထပ်အမြင့်က ကြည့်မယ်ဆိုရင်တော့ ရေးမြို့ကို အပေါ်စီးကနေ မြင်နိုင်မှာပါ။

မွန်ပြည်နယ်ဟာ အင်မတန်ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေ နေထိုင်ကြတဲ့ဒေသဖြစ်တာနဲ့အညီ နေရာတော်တော်များများ မှာ စေတီပုထိုးတွေက လက်ညိုးထိုးမလွဲပါဘူး။ ဒီဘုရားကြီးကို လွန်ခဲ့တဲ့ ၂၈နှစ်ကျော်ကာလလောက်ကတည်းက တည်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပြီးစီးခဲ့တာတော့ ခြောက်နှစ်ကျော်ကာလလောက်ရှိပါပြီ။ ဘေးမှာလည်း ခုဆို လျောင်းတော်မူ တဆူကို လည်း ဆက်လက်တည်ထားနေပါတယ်။ နောက် ၂နှစ်လောက်နေရင် ပြီးစီးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီမှာတင် ရေး မြို့ပေါ်ကနေ ပြန်ထွက်လာခဲ့ပါပြီ။

ရေးမြို့၊ ကဗျာဝကို သွားမယ်ဆိုရင် အချိန်နှစ်ရက်တော့ ပေးသင့်ပါတယ်။ နေ့ချင်းပြန်ခရီးအနေနဲ့ သွားမယ်ဆိုရင် အသွား အပြန်မိုင် ၆၀၀ နီးပါးမို့လို့ အင်မတန် ပင်ပန်းပါလိမ့်မယ်။
နေ့ချင်းပြန်ခရီးသွားနိုင်အောင် ခရီးသွားကုမ္ပဏီတွေက စီစဉ်ကြပေမယ့် အပန်းဖြေခရီးမို့ တညအိပ်သွားတာကတော့ ပို အဆင်ပြေပါလိမ့်မယ်။

၂ ရက်ခရီးစဉ်ဆိုရင်တော့ ကမ်းခြေတင်မကပဲ၊ ရန်ကုန်ကနေ ရေးမြို့တလျှောက်က နာမည်ကျော် နေရာတွေကိုပါ ဝင် လည်နိုင်ပါလိမ့်မယ်။ ဥပမာ၊ သံဖြူဇရပ်မြို့က နာမည်ကျော် သေမင်းတမန်ပြတိုက်နဲ့ စစ်သချႋုင်း၊ မုဒုံက ဝင်းစိန်တောရနဲ့ မော်လမြိုင်က ကမ်းနားလမ်း၊ ကျိုက်သံလန်ဘုရားသဖြင့်ပေါ့။

ဘာပဲပြောပြော ကိုယ့်တိုင်းပြည်ထဲက သာယာလှပတဲ့ နေရာဒေသတွေကို ဗဟုသုတလည်းရ၊ ပျော်လည်းပျော်ရအောင် သွားချင်တယ်ဆိုရင်တော့ အချိန်၂ရက်လောက်ပေးပြီး ကဗျာဝဒေသကို သွားလည်ကြည့်ပါလို့ ပြောချင်ပါတယ်။

(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading