Travel

နေ့ချင်းပြန် အပန်းဖြေသွားနိုင်တဲ့ မှော်ယောကြီးဆင်စခန်း

မြန်မာနိုင်ငံမှာအဓိကသစ်ထုတ်လုပ်ရေးဒေသကြီးဖြစ်တဲ့ ပဲခူးရိုးမကြီးတခုလုံးမှာ သစ်ထုတ်လုပ်ခွင့်ကို အခုနှစ် ၂၀၁၇ ခုနှစ်ကစပြီးတော့ နောက် ၁၀ နှစ် တိတိအစိုးရကပိတ်ပင်လိုက်ပြီဖြစ်တဲ့အတွက် အဲဒီဒေသတလျောက်က သစ်ထုတ်လုပ်ရေး စခန်းတွေဟာအခုဆိုရင် အများပြည်သူတွေအပန်းဖြေသွားလေ့လာနိုင်တဲ့ သဘာဝခရီးသွား အခြေပြု ဆင်စခန်းတွေဖြစ်လာပါပြီ။

တနိုင်ငံလုံးအနေအထားနဲ့ဆိုရင် ပဲခူးတိုင်းထဲမှာ ဆင်စခန်း ၈ ခု၊ ကသာ၊ ဗန်းမော်၊ တောင်တွင်းကြီး၊ ငွေဆောင်နဲ့ သံတွဲမြို့နယ်တွေထဲမှာ ဆင်စခန်းတခုစီရှိပါတယ်။ အဲဒီဆင်စခန်းတွေကိုပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စဖွင့်နေပါပြီ။ နဂိုရှိပြီးသား ဆင်စခန်းတွေထဲမှာဆိုရင်လည်း ဖိုးကျားတို့၊ ငွေဆောင်က ဆင်စခန်းတို့ ဆိုတာက အများပြည်သူ သိပြီးသားတွေပါ။ ဒီစခန်းတွေနာမည်ကို ပြီးမှ အတိအကျရေးပေးပါဦးမယ်။

ရန်ကုန်ကနေသွားရောက်နိုင်မယ့် ဆင်စခန်းတခု
အခုရန်ကုန်ကနေသွားလည်ပတ်လို့ရမယ့် ဆင်စခန်းလေးအကြောင်းပြောပြချင်ပါတယ်။ ရောက်ဖူးပြီးသားလူတွေအတွက်တော့ သိပ်မထူးဆန်းတော့ပေမယ့် မရောက်ရသေးတဲ့ သူတွေအတွက် ဆိုရင်တော့ အချိန်လေးပေးပြီးသွားလည်မယ်ဆိုရင် လည်စရာကောင်းတဲ့ နေရာတခုလို့ ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့လက ရန်ကုန်ကနေ ၃၉ မိုင်ဝေးတဲ့ ဝင်္ဂဘော် ဆင်စခန်းကိုရောက်ပြီးသားဖြစ်နေတော့ အခုဆင်စခန်းကရော ဘာတွေများပိုထူးဆန်းမလဲပေါ့ဆိုပြီး ဒီနေ့ မိသားစုနဲ့ နေ့လည်ခင်း ၁၂ နာရီကျမှ ကောက်ကာငင်ကာ ထွက်သွားဖြစ်ပါတယ်။

ပြောရရင် ရန်ကုန်ဟာတော်တော်လေးကို ညည်းငွေ့စရာကောင်းနေပါပြီ။ အားလပ်ရက်တောင် ဘယ်နေရာသွားလည်ရမှန်းမသိတော့အောင် လည်ပတ်စရာနေရာတွေခမ်းခြောက်နေတာပါ။ ဒီလိုနဲ့ မိသားစုနဲ့ အကြိတ်အနယ် ပြောကြရင်း၊ အိမ်ကနေသာထွက်လာကြတယ်၊ ညောင်ချောင်းသာ သွားမလား၊ မိုးယွန်းကြီးအင်းသွားမလားနဲ့ ကျမတို့ မိသားစုအမြန်လမ်းပေါ်ရောက်ပြီး၊ ၁၀၅ မိုင်ကမှော်ယောကြီးဆင်စခန်းကိုပဲသွားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မှော်ယောကြီးဟာပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်အတွင်းမှာတည်ရှိပါတယ်။

မှော်ယောကြီး ဆင်စခန်း မြင်ကွင်း (ဓာတ်ပုံ – ကျော်စုမွန်/ဧရာဝတီ)

ဘယ်လိုသွားမလဲ

ရန်ကုန်ကနေထွက်လာမယ့် အချိန်ကိုတော့ တွက်ချက် မပြတော့ပါဘူး။ မနက်စောစောကောင်းပါတယ်။ အမြန်လမ်းကနေတွက်ကြည့်ကြပါမယ်။ အမြန်လမ်းအစကနေဆိုရင် ၁၀၅ မိုင်နဲ့ ၄ ဖာလုံမှာ ဒီ မှော်ယောကြီးစခန်းရှိပါတယ်။ ပုံမှန်မောင်းချိန် ၂ နာရီပါ။ နားနေချိန် ထည့်တွက်ရင်တော့ ၂ နာရီခွဲပေါ့။  ရန်ကုန်ကနေလာရင် ဘယ်ဘက်ခြမ်းမှာတည်ရှိပြီး ၁၀၅ မိုင် ၇ ဖာလုံကနေကွေ့ဝင်ရပါမယ်။

ကွေ့ဝင်တဲ့အခါ မှော်ယောကြီးဆင်သမားရွာဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပါမယ်။ ဖုန်ထူထူနဲ့ မြေနီလမ်းခပ်ကျဉ်းကျဉ်းထဲဝင်သွားရပြီဆိုရင် ဆင်သွားလမ်းဖြစ်ဆိုတဲ့အတိုင်း အရင်ကဆင်တွေ သွားလို့လမ်းဖြစ်ခဲ့တဲ့ နေရာကနေကားဆက်ဝင်သွားရပါမယ်။ ၃ မိနစ်ကနေ ၅ မိနစ်ကြာ မောင်းပြီးပြီဆိုရင်တော့ မှော်ယောကြီးဆင်စခန်းရဲ့ reception ကိုရောက်ပါပြီ။ လမ်းကကျဉ်းတော့ အဲဒီနေရာက မိုးရာသီဆိုသွားမရတော့လို့ အခုလာမယ့် မိုးရာသီအမီ လမ်းအသစ် ခင်းမယ်လို့လည်း စခန်းတာဝန်ခံကပြောပါတယ်။ ဆင်စခန်းဝင်ခကတော့ ပြည်တွင်းဆို တဦး ၁၀၀၀ ကျပ်နဲ့ နိုင်ငံခြားသားဆို ၂၀၀၀၀ ကျပ်ပါ။

ဘာတွေရှိလဲ၊ ဘာတွေမြင်ရမလဲ

ရောက်ရောက်ချင်း Reception မှာ သိလိုတာတွေ စုံစမ်းနိုင်ပါတယ်။  ဒီ မှော်ယောကြီးဆင်စခန်းမှာ ဆင်စုစုပေါင်း ၂၂ ကောင် ရှိပါတယ်။ ဝင်္ဂဘော်စခန်းထက် ပိုများပါတယ်။ သူ့ကိုပြီးခဲ့တဲ့ သြဂုတ်လကဖွင့်ခဲ့တာပါ။ ဆင်ထီး ၁၅ ကောင်နဲ့ ဆင်မ ၇ ကောင် ရှိပါတယ်။ အသက်အကြီးဆုံးဆင်မကြီးက ရွှေနွယ်ဝင်းလို့ ခေါ်ပြီး ၁၉၅၀ ခန့် မွေးခဲ့တာမို့ ခုဆိုအသက် ၆၇ နှစ် ရှိပါပြီ။ သူက အရင်က သစ်ဆွဲဆင်ဖြစ်ခဲ့ပြီးတော့ ခုတော့ ပင်စင်ယူထားပါပြီ။  အငယ်ဆုံး ဆင်ကလေးကတော့ ခု မှ ၁၅ ရက်သားလေးဖြစ်ပြီးတော့ အထီးကလေးပါ။

ဆင်ကလေးတွေ အကြောင်းပြောပြချင်ပါတယ်။ အစိုးရရဲ့ လက်အောက်မှာရှိတဲ့ ဆင်တွေ ဟာ နိုင်ငံ့ဝန်ထမ်းတွေပါ။ သူတို့ဟာလစာ၊ ထောက်ပံ့စရိတ်ရပါတယ်။ သူတို့ဟာ အသက် ၁၈ ကနေ ၅၅ နှစ် အရွယ်တွေကို လုပ်သားဆင်တွေအဖြစ် သတ်မှတ်ခံရပြီး သစ်ထုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ကြရပါတယ်။ အသက်မပြည့်သေးတဲ့ ဆင်နဲ့ အသက်ကျော် ဆင်တွေကိုတော့ ဆင်စခန်းတွေမှာတာဝန်ထမ်းဆောင်စေပါတယ်။ သူတို့ သစ် မဆွဲရတော့ပါဘူး။ ဒါဆိုခုသစ်ထုတ်လုပ်ငန်းတွေ ပိတ်လိုက်တော့ သူတို့ ဘာလုပ်ကြမလဲမေးစရာပါ။
သစ်ထုတ်လုပ်ငန်းပိတ်တာကပဲခူးရိုးမပဲဆိုတော့ ကျန်တဲ့ စစ်ကိုင်းတိုင်းတို့ ဧရာဝတီတိုင်းတို့မှာထုတ်လုပ်နေတဲ့ စခန်းတွေမှာတော့ သူတို့ အလုပ် လုပ်ကြရပါတယ်။
သဘောကတော့ ဆင်စခန်းမှာနေရင်း ၁၈ နှစ် ပြည့်သွားရင် သူတို့ လုပ်ငန်းခွင် ဝင်ကြရသလိုအလုပ် လုပ်နေရင်းသက်ပြည့်သွားရင်တော့ သက်ပြည့်ပင်စင်ယူပြီး ဒီကိုရောက်လာကြပါပြီ။
မှော်ယောကြီးအကြောင်းပြန်ဆက်ပါမယ်။

စခန်းထဲမှာ ဝါးတဲလေးတွေဆောက်ထားပြီးအပန်းဖြေလာသူတွေအနားယူနိုင်ဖို့ ကြိုးပုခက်တွေ၊ ခုံစားပွဲတွေခင်းကျင်းပေးထားပါတယ်။ တောင်ကုန်းမြင့် နေရာကနေ ဆင်တွေရေသောက်ဆင်းတဲ့ ချောင်းကလေးကို အပေါ်ကနေအတိုင်းသားမြင်ရပါတယ်။ အဲဒီဝင်းထဲမှာပဲဆင်ဦးစီးတွေနေတဲ့ အိမ်တွေလည်းရှိပါတယ်။

မှော်ယောကြီးဆင်စခန်းက ဧရိယာဧက ၁၆၀၀ နီးပါးရှိပါတယ်။ စားကျက်တွေကိုတော့ သူ့နေရာနဲ့သူ ခွဲထားတာပါ။ ဒီ ဧရိယာဟာ အရင်ကတော့ သစ်ထုတ်လုပ်ရေးနေရာဖြစ်တော့ တောလည်း နက်ခဲ့ပါတယ်။ နေထိုင်သူ မိသားစု ၁၇၀ လောက် ရှိပါတယ်။

ဆင်နဲ့လူဟာသဟဇာတဖြစ်ပြီးမိသားစုတွေဖြစ်နေကြတာပါ။ တိတ်ဆိတ် အေးချမ်းပြီးမြို့ပြနဲ့ ဘယ်လိုမှ မပတ်သတ်သလိုနေထိုင်ကြသူတွေပါ။

မှော်ယောကြီး ဆင်စခန်း မြင်ကွင်း (ဓာတ်ပုံ – ကျော်စုမွန်/ဧရာဝတီ)

ဘယ်နေရာတွေလည်မလဲ

ဆင်စခန်းဖြစ်တော့ ဆင်စီးဖို့ကအဆင်သင့်ပါပဲ။ သူက ဖွင့်တာလေးငါးလကျော်ပြီဆိုတော့ ခရီးသွားတွေအတွက် ဆင်စီးဖို့ အလွယ်တကူရနေပါပြီ။ တဦး ၅၀၀၀ ကျပ်ပါ။ စားကျက်မြေတွေနဲ့ ရေတံခွန်ဘက်ကို လိုက်စီးလို့ ရပါတယ်။ ကျမတို့ကတော့ ရောက်တာလည်းနောက်ကျတာရယ်၊ တခြားလေ့လာစရာတွေလည်းရှိတော့ မစီးဖြစ်ခဲ့ပါဘူး။ သူတို့က ဆင်နဲ့သွားမှ ရောက်နိုင်မယ့် ရေတံခွန်ဘက်ကိုလည်း ညွှန်ပြကြပါတယ်။ ဆင်တွေအပေါ်မှာ လူ ၂ ဦး လိုက်ထိုင်နိုင်အောင် ပုခက် ပါဝင်ပြီးတော့ သက်သောင့်သက်သာလိုက်လို့ ရအောင်လည်းလုပ်ပေးထားတာတွေ့ပါတယ်။

ရေတံခွန်ဘက်မသွားဘဲ ဝင်ဝင်ချင်းတောင်ကုန်းလေးက လျှောဆင်းသွားနိုင်တဲ့ နေရာမှာ ဆင်တွေရေချိူးတဲ့ နေရာကနေ ဆင်းလာတဲ့ စမ်းချောင်းရေစပ်စပ်ကလေးတွေ့နိုင်ပါတယ်။ မိုးတွင်းမှာတော့ ချောင်းကြီးဖြစ်နိုင်ပေမယ့် ခုချိန်တော့ ကျောက်စရစ်တွေတောင်ပေါ်နေတဲ့ ချောင်းကောဖြစ်နေပါတယ်။ အနီးအနားက ဆင်သမားမိသားစုတွေကတော့ ရေနည်းနည်းများများ စီးနေတဲ့ နေရာအစပ်မှာ အဝတ်လျှော် ရေချိူးလုပ်ကြပါတယ်။ တနိုင်တပိုင် သုံးဖို့ ရေပုံးကလေးတွေနဲ့  ကလေးအချို့လည်းရေလာခပ်ကြပါတယ်။ ရေလေးတွေကလည်းခပ်ကြည်ကြည်မို့ ဆင်းပြီးဆော့ချင်စရာပါ။

ဆင်စခန်းမှာကရှိတဲ့ ဆင်တွေကိုအစာကျွေးဖို့ အစာခြင်းဝယ်မယ်ဆိုရင် တခြင်း ၂ ထောင်ကျပ်ပါ။ ကြံ၊ ရွှေဖရုံသီး၊ ဖရဲသီးနဲ့ ငှက်ပျောသီး နည်းနည်းပါပါတယ်။ ဆင်တွေက တကောင်ကို ကျွေးရင် နောက်တကောင်က ချက်ချင်းရောက်လာပြီးတောင်းတာနဲ့ အစာကျွေးရတာပျော်ဖို့ ကောင်းလှပါတယ်။ ဆင်တွေဟာလူနဲ့ သိပ်နီးစပ်လွန်းတော့ ဆင်ဦးစီးခိုင်းသမျှ မညည်းမညူလုပ်ပြကြတာပါ။ အန္တရာယ် မရှိတာကြောင့် ဆင်ဘေးမှာ ပုံစံမျိူးစုံလုပ်ပြီး ဓာတ်ပုံရိုက်ကြတဲ့ သူတွေမှာ မနည်းမနောပါ။ ကျမတို့တောင် ဆင်နှာမောင်းကို ခိုစီးပြီးပျော်ခဲ့ကြရပါသေးတယ်။

အစားအသောက် အဆင်ပြေရဲ့လား

မနက်စောစောလာမယ်ဆိုရင် စခန်းကို ကြိုဖုန်းဆက်ထားတယ်ဆိုရင်တော့ ထမင်းနဲ့ ဟင်းတွေကို စခန်းကချက်ပေးထားမှာပါ။ အဓိကဟင်းတွေကတော့ ဝက်မျှစ်ချဉ်နဲ့ ကြက်သားကာလသားချက်ပါ။ ကျန် အရွက်ကြော်တွေ၊ ငပိရည်၊ တို့စရာလည်းရနိုင်ပါတယ်။ အဲဒီအတွက် လူများရင် များသလို ဈေးသက်သာစွာရနိုင်ပါတယ်။ တဦးချင်းစီဆို ၄၀၀၀ ကျပ်လောက် ကုန်ကျပေမယ့် ၁၀ ယောက်နဲ့ အထက် အယောက် ၂၀ နဲ့ အထက်ဆိုရင် ၃၅၀၀၊ ၃၀၀၀ ကျပ်လောက်ပဲကျသင့်ပါမယ်။ သူတို့ အဆိုအရတော့ ပဲခူးရိုးမတောင်ခြေမှာ စားရမယ့် တောဟင်းလေးတွေပါ။ ကြိုဖုန်းဆက်ထားဖို့တော့ လိုပါလိမ့်မယ်။ စခန်းတာဝန်ခံက လာကြမယ့်သူတွေစာရင်း၊ အရေအတွက်ကို သင်ပုန်းမှာမှတ်ထားပါ လိမ့်မယ်။

နေ့လည်စာမစားဖြစ်တဲ့ ကျမတို့ကတော့ ရောက်တာနဲ့ အပန်းဖြေအနားယူလို့ရတဲ့ တဲကလေးတွေထဲမှာ လက်ဘက်သုတ်၊ ရေနွေးကြမ်း၊ ကြက်ဥမွှေကြော်နဲ့ အငြိမ်းပါပဲ။ အဲဒီအတွက် စုစုပေါင်း ၂၅၀၀ ကျပ်သာကျသင့်ခဲ့ပါတယ်။

ရေရှည် ဘာအစီစဉ်တွေရှိမလဲ

စခန်းတာဝန်ခံရဲ့ အဆိုအရတော့ ဒီမှော်ယောကြီးမှာ ညဘက်ပါ လာရောက် အိပ်စက်ချင်တယ် ဆိုရင်လည်း ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေပါ ရနိုင်မယ်လို့ ပြောပါတယ်။ သူကခေတ်နဲ့ မျက်ခြေမပြတ်တဲ့သူပါ၊ ရေရှည်မှာအောင်မြင်လာနိုင်မယ့် bed and breakfast အစီစဉ်လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ။ အဲဒီအတွက် နောက်ထပ် လူအိပ်နိုင်မယ့် တဲ ၅ လုံး၊ ၆ လုံးလောက် ထိုးနိုင်ဖို့ ပြင်နေပါတယ်။ ဒါပေမယ့် ဒါက အစိုးရပေးမယ့် ဘတ်ဂျက်ပေါ်မှာမူတည်နေလို့ သူ့စခန်း လူအဝင်များပြီး လူသိများအောင် အရင်လုပ်ဖို့သာ သူစဉ်းစားနေရပါတယ်။

ဒါပေမယ့် သူဇွဲတော့ မလျော့သေးပါဘူး။ လာမယ့် ဇွန်လလောက်မှာ ဒီဟာကို အကောင်အထည် ဖော်မယ်လို့ ပြောပါသေးတယ်။ ဒါဆိုရင်တော့ နောက်ပိုင်းမှာ ရိုးမတောင်ခြေ ညအိပ်ညနေ camping ထွက်စရာနေရာတိုးတော့မှာပေါ့။ တခုတော့ ရှိတယ်၊ ငှက်ဖျားတော့ ကြောက်ရတာမို့ ဒီဟာလေးကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ အဆင်ပြေတယ်ဆိုရင်တော့ ငယ်ငယ်ကကြိုက်နှစ်သက်ခဲ့ရတဲ့ မြိုင်ရာဇာတွတ်ပီတို့လို တောဇာတ်လမ်းလေးတွေထဲ ကိုယ်တိုင်ပါဝင်နိုင်မှာပေါ့ နော်။ မြန်မြန် အကောင်ထည် ဖော်နိုင်ပါစေ ဆုတောင်းပါတယ်။

အချုပ်

မွန်းကြပ်တဲ့ မြို့ပြက ခဏခွဲထွက်ချင်တယ် ဆိုရင်တော့ ဒီ ဆင်စခန်းတွေက သင့်ကို သဘာ၀ ခရီးသွား ရသအပြည့်ပေးနိုင်မှာပါ။ နေ့ချင်းပြန်သွားနိုင်တာကြောင့် သင့်အတွက် အချိန်ကုန် လူပန်းလည်းမဖြစ်စေဖူးပေါ့။ သဘာ၀ ခရီးသွားလုပ်ငန်းတွေ ပိုတိုးပွားလာဖို့သာ မျှော်လင့်ရပါတယ်။    ။

မြန်မာနိုင်ငံကဆင်စခန်း ၁၃ ခု

– ဖိုးကျားဆင်စခန်း (ပဲခူးတိုင်း၊ တောင်ငူမြို့အနီး)

– မှော်ယောကြီး (ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်)

– ဝင်္ဂဘော် (ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်)

– မြိုင်ဟေဝန် (ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်)

– နတ်မှော် (ပဲခူးတိုင်း၊ ပြည်မြို့)

– ပေါ်လန်ကြီး (ပဲခူးတိုင်း၊ ပဲခူးရိုးမဖြတ်လမ်း)

– မိုင်၂၀ နှင့် ဆင်ဆေးရုံစခန်းများ (ပဲခူးရိုးမအတွင်း)

– ဝဲမ (ကချင်ပြည်နယ်၊ ဗန်းမော်မြို့)

– နတ်ပေါက် (စစ်ကိုင်းတိုင်း၊ ကသာမြို့)

– ဝါးဖြူတောင် ( မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်)

– ငွေဆောင် (ဧရာဝတီတိုင်း၊ ပုသိမ်မြို့)

– တလှဲ (ရခိုင်ပြည်နယ်၊ သံတွဲမြို့)

ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။

Loading