Travel

မြိုင်မြို့ရဲ့ ပုံရိပ်ဖြစ်တဲ့ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း

Want create site? Find Free WordPress Themes and plugins.

ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism (CBT)) ဆိုတာ မိမိတို့ဒေသကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ တည်းခိုစားသောက်ဖို့၊ ဒေသထွက် လက်ဆောင်ပစ္စည်းတွေ ရောင်းချရာမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ရပ်ရွာလူထု တိုက်ရိုက်အကျိုးခံစားခွင့် ရရှိစေဖို့ ဒေသခံတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တည်ထောင်ထားတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားတခု ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲက ယင်းတိုင်တောင်ဆည်အနီးက CBT လို့ခေါ်တဲ့ ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းတခုရှိပြီး ယင်းတိုင်တောင်ဆည်အနီးက အင်းရောင်း၊ ဆူလီပန်း၊ ကန်ကြီးတော အရှေ့ ရွာနဲ့ ကန်ကြီး တော အနောက်ရွာဆိုတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စုပေါင်း လုပ်ကိုင်နေတဲ့ Community University လို့ အမည်ပေးထားတဲ့ ခရီးသွားလုပ်ငန်းပဲ ဖြစ်ပါတယ်။

အဲဒီ ခရီးသွားလုပ်ငန်းက ၂၀၁၆- ၂၀၁၇ လူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism ASEAN က ပေးတဲ့ ပထမဆုကို ရရှိခဲ့ပြီး၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေ ၈၃၀ ရှိခဲ့ကာ ၂၀၁၇-၂၀၁၈ ခုနှစ်မှာတော့ လူဦးရေ ၁၀၀၀ ခန့် လာရောက် လည်ပတ်ဖို့ ကြိုတင်စာရင်းပေးသွင်းထားပြီလို့ သိရပါတယ်။

အခုလို ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းလေးတခု ဖြစ်ပေါ်လာဖို့ ၂၀၁၂ ခုနှစ်ကနေ စတင်ကြိုးစားခဲ့ရပြီး ကျေးရွာ ၄ ရွာက ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် ဒီ ခရီးသွား လုပ်ငန်းလေး အောင်မြင်ခဲ့ရတာဖြစ်တယ်လို့ Community Based Tourism ကို အောင်မြင်လာအောင် လိုအပ်တဲ့ အကူအညီတွေပေးနေတဲ့ ActionAid Myanmar အပူပိုင်းဇုန်ဒေသ စီမံကိန်းမန်နေဂျာ ဦးအောင်မင်းနိုင်က ပြောပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေမှာတော့ ပေါ်ခဲ့တာကြာပြီ။ ကျနော်တို့ဆီမှာတော့ မကြာသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျေးလက် ဒေသကို နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်ခွင့် မရှိခဲ့ဘူး။ ခရီးသွားဖိုရမ်ကြီးတွေမှာ ကျနော်တို့က ဒီရွာမှာ ဒါတွေရှိပါတယ်ဆိုတာ စိတ်ဝင်စားစရာ Activity တွေကို သွားချပြခဲ့တယ်။ ထူးဆန်းဖို့ကောင်းတာက မြန်မာနိုင်ငံ သားပိုင် ခရီးသွားကုမ္ပဏီပိုင်ရှင်တွေက တယောက်မှ ပြန်လာမမေးဘူး။ နိုင်ငံခြားသားတွေကပဲ လာမေးတယ်။ ဒါမျိုး ငါတို့ ရှာနေတာ ၁၀ နှစ်လောက်ရှိပြီဆိုပြီး လိုက်ကြည့်ကြပါတယ်” လို့ သူက ရှင်းပြပါတယ်။

နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည်ပတ်နိုင်စေဖို့အတွက် ခရီးသွားဖိုရမ်ကြီးတွေမှာ Power Point တွေနဲ့ စည်းရုံး ဟောပြောခဲ့ရာမှ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လာကြကြောင်း၊ Intrepid Travel က လိုက်ကြည့်ခဲ့ရာမှ သဘောကျနှစ်သက်ခဲ့ပြီး Journey Adventure Travel တွေနဲ့ ချိတ်ဆက်ကာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြိုင်မြို့လေးဟာ ရှေးဟောင်းမြို့တော် ပုဂံနဲ့ မိုင် ၄၀ ကျော်ဝေးပြီး ကားနဲ့ ၂ နာရီနီးပါး မောင်းနှင်ရပါတယ်။ မြိုင်မြို့ကနေ ယင်းတိုင်တောင်ဆည်ရောက်ဖို့ ကားနဲ့ပဲ မြေနီလမ်းခရီးအတိုင်း ၂ မိုင်ကျော် ဆက်သွားရပါတယ်။ Community University ဧည့်ဂေဟာကို ရောက်တာနဲ့ ဧည့်ကြိုဒေသခံ ကျေးရွာသူဝန်ထမ်းတွေက ဒေသထွက် ထန်းလျက်နဲ့ ဖျော်ထားတဲ့ မန်ကျည်း ဖျော်ရည်ကို ခရီးဦးကြိုပြုတဲ့အနေနဲ့ လာရောက်တိုက်ကြပါတယ်။

ခရီးတထောက် နားပြီးရင်တော့ နေ့လယ်စာကို မြန်မာထမင်းဟင်းတွေနဲ့ တည်ခင်း ဧည့်ခံ ကျွေးမွေးပါတယ်။ နေ့လယ်စာနဲ့ ညစာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာတော့ ကျေးရွာ ၄ ရွာက တရွာကို တလှည့်စီ အလှည့်ကျစနစ်နဲ့ ချက်ပြုတ်ဧည့်ခံ ကျွေးမွေးရပါတယ်။ အဲဒီနောက် တည်းခိုဖို့ ပြင်ဆင်ပေးထားတဲ့ အခန်းတွေမှာ ခေတ္တနားနေကာ ညနေပိုင်းမှာတော့ ရွာထဲကို စက်ဘီးစီးပြီး လည်ပတ်ရာမှာ ကျေးလက်ဒေသထွက် သရေစာတွေကို မြည်းစမ်းရပါတယ်။

အညာဒေသ မြိုင်ဒေသထွက် သနပ်ခါးဟာလည်း နာမည်ကျော်ကြားလှပါတယ်။ ရွာထဲကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို ကျေးရွာက အမျိုးသမီးကြီးတွေက သနပ်ခါး လိမ်းပေးရင်း သူတို့ကျေးရွာရဲ့ လူဦးရေ၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးရွာသမိုင်းကြောင်းတွေကို အဆင်သင့် ချိတ်ဆွဲထားတဲ့ ဗီနိုင်းတွေနဲ့ စနစ်တကျ ရှင်းပြကြပါတယ်။

ကျေးရွာတွေကို လည်ပတ်ပြီးတဲ့အခါမှတော့ ဧည့်ဂေဟာကို ပြန်ကြပြီး ယင်းတိုင်တောင်ဆည်အတွင်း လှေစီးခြင်း၊ ရေချိုး ကိုယ်လက် သန့်စင်ခြင်းတွေ ပြုလုပ်ကြပါတယ်။ အဲဒီနောက် ပြင်ဆင်ပေးထားတဲ့ ညစာကို စားသောက်တဲ့အချိန်မှာတော့ ဒေသခံကျေးရွာသားတွေက မြန်မာ့ရိုးရာ အိုးစည်၊ ဒိုးပတ်တွေကို တီးမှုတ်ပြီး ဦးရွှေရိုးနဲ့ ဒေါ်မိုးအကတွေနဲ့ ဖျော်ဖြေပေးကြ ပါတယ်။

တည်းခိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းနဲ့ ထမင်းစားဆောင်တွေ ဆောက်လုပ်ရာမှာလည်း ခရီးသွားဧည့်သည်တွေနဲ့ လိုက်လျောညီထွေမှုရှိမယ့် ကုန်ကျစရိတ်သက်သာစေတဲ့ ဒေသထွက် ထန်းပင်တွေ၊ ထန်းရွက်တွေ၊ ဝါးတွေ နဲ့ အဆောက် အအုံတွေကို ဆောက်လုပ်ထားကာ ရေချိုးခန်းနဲ့ သန့်စင်ခန်းတွေမှာသာ အုတ်အနည်းအကျဉ်းကို အသုံးပြု တည်ဆောက် ထားတာကို တွေ့ရပါတယ်။

တခန်းကို ၂ ဦးစီ တည်းခိုရပြီး တကြိမ်ကို ဧည့်သည် ၁၆ ဦးသာ လာရောက်လည်ပတ်တည်းခိုနိုင်ပါတယ်။ လျှပ်စစ်မီး မရှိသေးတာကြောင့် လေအေးပေးစက် အသုံးမပြုနိုင်ပေမယ့် မီးစက်ကို အသုံးပြုပြီး တခန်းကို ပန်ကာတလုံးစီ တပ်ဆင် ပေးထားပါတယ်။

နောက်တနေ့ မနက်မှာတော့ နံနက်စာအဖြစ် ဧည့်သည်တွေကို ကျေးရွာတွေအတွင်းမှာ ဘိန်းမုန့်၊ မုန့်ပျားသလက်၊ ထန်းသီးမုန့် စတဲ့ အညာမုန့်တွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။

နိုင်ငံခြားသားတွေကို အထူးဆွဲဆောင်ထားတဲ့ အစီအစဉ်ကတော့ နံနက်စာစားပြီး အညာဒေသ စိမ်းလန်းစိုပြည်စေဖို့ ရည်ရွယ်ပြီး တဦးကို သစ်ပင်တပင်စိုက်ပျိုးဖို့ စီစဉ်ပေးထားတဲ့ အစီအစဉ်ပါ။ သစ်ပင်စိုက်ဖို့အတွက်ကိုလည်း ကျေးရွာအတွင်းမှာ နေရာသတ်မှတ် စီစဉ်ပေးထားပါတယ်။ နှစ်ရှည်ပင်တွေကို အဆင်သင့်စိုက်ပျိုးလို့ရ အောင် ပျိုးပင်တွေ ထားရှိပေးထားပါတယ်။ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ပိုင်ရှင်ရဲ့ Email လိပ်စာ၊ နာမည်တွေကိုယူထားပြီး တနှစ်လျှင် တကြိမ် ကိုယ်စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကို ဓာတ်ပုံရိုက်ပြီး ပြန်ပို့ပေးကြပါတယ်။ ဧည့်ဂေဟာမှာတော့ အမြဲတမ်းအဖြစ် ဒေသခံဝန်ထမ်း ၄ ဦးကို ခန့်အပ်ထားပြီး စီမံခန့်ခွဲမှုအားလုံးကို သူတို့ကပဲ တာဝန်ယူ လုပ်ဆောင်ပေးရပါတယ်။

လာရောက်တည်းခိုတဲ့ နိုင်ငံခြားသားတဦးကို ဧည့်ဂေဟာ စရောက်သည်မှ သစ်ပင်စိုက်ပြီး ပြန်လည်ထွက်ခွာ သွားချိန်(တညအိပ် နှစ်ရက်ခရီးစဉ်) အထိ ဝန်ဆောင်မှုအားလုံးမှာ အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ ကုန်ကျပါတယ်။

ကျေးရွာရန်ပုံငွေအဖြစ် ၁၀ ဒေါ်လာသတ်မှတ်ထားပြီး တည်းခိုခအတွက်က ၁၀ ဒေါ်လာ ကုန်ကျပါတယ်။ နေ့လယ်စာနဲ့ ညစာအတွက်က ၁၀ ဒေါ်လာကျသင့်ပြီး အဲဒီငွေကြေးကိုတော့ အလှည့်ကျ ချက်ပြုတ်ပေးရတဲ့ ကျေးရွာက ရရှိပါတယ်။ စက်ဘီးစီးခ ၄ ဒေါ်လာ၊ ဒိုးပတ်ဝိုင်းနဲ့ ဖျော်ဖြေခ ၁၀ ဒေါ်လာကိုလည်း လာရောက်ဖျော်ဖြေတဲ့ ကျေးရွာကသာ ရရှိတာဖြစ်ပါ တယ်။ နံနက်စာ ၃ ဒေါ်လာနဲ့ သစ်ပင်တပင် စိုက်ပျိုးခနဲ့ ထိန်းသိမ်းခကို ၅ ဒေါ်လာအဖြစ် သတ်မှတ်ထားပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာဖြစ်အောင် စားခါနီးမှ ပူပူနွေးနွေး ချက်ပြုတ်ရပြီး နိုင်ငံခြားသားတွေထံက ငွေကြေး တောင်းခံခြင်းတို့ မပြုလုပ်ဖို့နဲ့ နိုင်ငံခြားယဉ်ကျေးမှုတွေကို အတုမယူကြဖို့ ကျေးရွာဒေသခံတွေ အချင်းချင်း တိုက်တွန်းနှိုးဆော်ထားကြတယ်လို့လည်း သိရပါတယ်။

ယခင်နှစ်က လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားတွေထံက ရရှိခဲ့တဲ့ ကျေးလက် ရန်ပုံငွေမှာ တရွာလျှင် ကျပ်ငွေ ၂၅ သိန်း ရှိပါတယ်။ အခုဆိုရင် Community University ဧည့်ဂေဟာလေးက ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ တစထက်တစ စိတ်ဝင်စားမှု ပိုမို မြင့်တက်လာတာကြောင့် မြိုင်မြို့လေးရဲ့ ပုံရိပ်လို့တောင် တင်စား ခေါ်ဝေါ်နေကြပါပြီ။

Did you find apk for android? You can find new Free Android Games and apps.
Loading