ခရီးသွားခြင်းက စိတ်ပျို၊ ကိုယ်နု စေပါတယ်။ မရောက်ဖူးသေးတဲ့ နိုင်ငံ၊ မရောက်ဖူးသေးတဲ့ နေရာတွေကို အလည်အပတ် သွားရတာက စိတ်ကိုလန်းဆန်းစေသလို ဒေသန္တရ ဗဟုသုတ၊ ဒေသခံတွေရဲ့မတူညီတဲ့ ယဉ်ကျေးမှု၊ အစားအစာတွေနဲ့ ခရီးသွားအတွေ့အကြုံ ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။
ယခုလို အင်တာနက်တွေ မြန်ဆန်လာပြီး ပွင့်လင်းလာတဲ့ခေတ်မှာ လူငယ်တွေ ခရီးသွားခြင်းကို ပိုပြီး ပြုလုပ် လာကြပါတယ်။ ခရီးသွားခြင်းကို ဝါသနာပါတဲ့ လူငယ်တွေထဲ ကိုယ်တိုင် တကိုယ်တည်း ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ခရီးသွားတာမျိုးတွေ ပြုလုပ်လာကြပါတယ်။
ကိုယ်တိုင် ခရီးသွားဝါသနာပါပြီး “ET Tour” ဆိုတဲ့ ခရီးသွားလုပ်ငန်းကို ကိုယ်တိုင်ဦးစီးတည်ထောင်ထားသူ၊ Father’s Office Bar ရဲ့ Co-founder တဦးဖြစ်ကာ သွားဖူးတဲ့ နိုင်ငံတွေအကြောင်း ခရီးသွားအတွေ့အကြုံတွေအကြောင်း စာပြန်ရေးပြီး မျှဝေပေးနေတဲ့ “I Love Travelling” Page ရဲ့ Travel Blogger မမေဇွန်ကို သူ့ရဲ့ ခရီးသွား အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဧရာဝတီမှ အကြီးတန်းသတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး အစ်မရဲ့Travel Blogger အဖြစ် စတင်ခဲ့ပုံလေး ပြောပြပေးပါ။ ခရီးသွားတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို စာတွေ ဘယ်ကတည်းက စရေးခဲ့တာလဲ။
ဖြေ။ ။Travel Blogger က ၂၀၁၅ လောက်မှာ စခဲ့တာ။ အဲဒီတုန်းက အစ်မက Travel Blogger လို့လည်းမသိဘူး။ ရေးရကောင်း မှန်းလည်းမသိဘူး။ နိုင်ငံခြား Blog တွေတော့ ဝင်ဖတ်ဖြစ်တယ်။ အဓိက ဘယ်ကစဖြစ်သွားတာလဲဆိုတော့ အစ်မတို့ မြန်မာပြည်မှာဆို Guide Book မရှိဘူးလေ။ အခု ဘန်ကောက်သွားချင်လား၊ ဗီယက်နမ် သွားချင်လားဆို မြန်မာလို ရေးထားတဲ့ Guide Book ဆိုတာ လုံးဝမရှိဘူး။ အစ်မက စာအုပ်အရမ်းဖတ်တာ။ စာအုပ်အရမ်းဖတ်တဲ့အခါ နိုင်ငံခြားရဲ့ စာအုပ်ဆိုင်တခုကိုရောက်ပြီဆိုရင် ထိုင်းပဲဖြစ်ဖြစ် တခြားနိုင်ငံတခုပဲဖြစ်ဖြစ် Travel ဆိုတဲ့ ခေါင်းစဉ်အောက်က စာအုပ်တွေကို သွားကြည့်တယ်။ ထိုင်းဆိုရင် ဗီယက်နမ်ကိုသွားမယ်ဆိုရင်ပဲ ထိုင်းဘာသာစကားနဲ့ရေးထားတဲ့ Guide Book အုပ် ၂၀ လောက် ရှိတယ်။ မြန်မာပြည်မှာဆို ကြိုက်တဲ့စာအုပ်ဆိုင်သွားကြည့်လိုက် ခရီးသွားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘန်ကောက်လောက်ကိုပဲ ၅ အုပ် ၃ အုပ်အပြင် ပိုမရှိဘူး။ ဆိုတော့ မြန်မာတွေက နိုင်ငံခြားခရီးသာ သွားချင်တာ ဘာ သတင်း အချက်အလက်မှ မရဘူး။
ဘယ်မှာ ပြဿနာတက်လဲဆိုတော့ အစ်မတို့ Tour လုပ်နေတဲ့ လူတွေမှာ ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းပြ ရတယ်။ တချို့ဆို ဘာလီသွားချင်တယ်၊ဘာလီက ဘယ်လိုမျိုးမှန်းကိုမသိဘူး။ဘာလီသွားရင် နိစ္စဓူဝ ရေထဲ ဆင်းရမယ်လို့ပဲ ထင်နေတာ။ အစ်မဆိုရှင်းပြတယ်။ ဘာလီဆိုတာ ပုဂံနဲ့ ကလောကို ငပလီကို ရွှေ့ထားတဲ့ပုံစံမျိုး။ ပုဂံလိုမျိုးလည်း လည်စရာရှိတယ်။ ကလောလိုမျိုးလည်း မြက်ခင်းပြင်တွေရှိတယ်။ ငပလီလိုမျိုး ရေကူးလ့ိုရတဲ့နေရာတွေလည်း ရှိတယ်။ နောက်တခုက နိုင်ငံခြားသွားတယ်ဆိုတာ ဈေးကြီးတယ်ပဲ လူတိုင်းထင်နေကြတာ။ အဲဒီအမြင်တွေကို အမကပြောင်းလဲပေးချင်တာ။ နိုင်ငံခြားသွားတယ်ဆိုတာဈေးမကြီးဘဲလည်း သွားလို့ရတဲ့ လမ်းလေးတွေ ရှိပါသေးတယ်ဆိုတာ။ အဲဒီလိုဈေးမကြီးပဲသွားတာဟာ ရှက်စရာမဟုတ်ဘူး။ အရင်တုန်းကဆို Budget Airline တွေမစီးကြဘူး။ ဒီလို ခရီးသွားလို့ရပါသေးလားဆိုတာ အစ်မက ပြချင်တဲ့ သဘောနဲ့ရေးုဖြစ်သွားရင်းကနေ တဖြည်းဖြည်းနဲ့နာမည်ရလာတော့ Travel Blogger Life ကို ခံယူလိုက်တာ တနှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ အရင်တုန်းကဆို သတင်းနဲ့အချက်အလက်တွေကို ကိုယ့်ဧည့် သည်ကို ပေးသလိုမျိုးနဲ့ တဖြည်းဖြည်းနဲ့မှ အတည်ဖြစ်သွားတာပေါ့နော်။
မေး။ ။ အစ်မက အခု “I Love Travelling” Facebook Page အပြင် Website ရော လုပ်နေပြီလား။ Page မှာ စာဖတ်ပရိသတ်ဦးရေ ဘယ်လောက်ရှိလဲ သိချင်ပါတယ်။
ဖြေ။ ။အခု Website က လုပ်နေပြီ။ ဒီတလအတွင်းလောက်တော့ ထွက်မယ်။ တော်တော်ကို လုပ်နေပြီ။ Page က တခုခုဆို ပြန်ရှာရတာ ခက်တယ်။ အစ်မရေးထားတာ တော်တော်များနေပြီ။ Website ဆိုတော့ အညွှန်းလေးတွေပါတော့ ရှာရတာလွယ်တယ်။ အပ်လည်း အပ်ထားပြီးပြီ၊ ရေးလည်းရေးနေပြီ။ ဒီတလအတွင်းလောက်ပေါ့၊ အစ်မက Final မလုပ်နိုင်သေးလို့ ခရီးသွားနေလို့။ အမှန်က စာတွေလည်းရှိပြီးသား၊ ပုံတွေလည်းရှိပြီးသား၊ ကောက်တင်လွှင့်လိုက်ရုံပဲပေါ့နော်။ အခုကတော့ Page မှာ စာဖတ်သူ Follower ဦးရေ ၂ သိန်း ကျော်ရှိတယ်။ အစ်မက တခါမှ ဒီ Page မှာ Boots လည်း မလုပ်ဘဲနဲ့ တကယ့်ကို Information တွေပဲပေးတယ်ပေါ့နော်။ ဒီ Page က Follower တွေက Organic အစစ်တွေပါ။
မေး။ ။ အစ်မ ဒီလို ခရီးသွားအတွေ့အကြုံတွေ စရေးတော့ အခက်အခဲတွေရှိခဲ့လား။
ဖြေ။ ။ အစ်မ Page မှာ စစရေးချင်းတုန်းကတော့ နည်းနည်းလေး အတိုက်အခံတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ မိန်းကလေး တယောက်တည်း နိုင်ငံခြားသွားတာဘာလဲ ဆိုတာမျိုး ရှိတယ်။ ပြီးတော့ အစ်မ ခရီးသွားတဲ့ ပုံစံက မြန်မာပြည်မှာဆို မကိုက်ညီတဲ့ ဘောင်တွေ ရှိတယ်။ ဥပမာ- Night Life မသွားတာတို့၊ Hostel မှာ တည်းတာတို့ဆိုတာ မြန်မာတွေအတွက် လုံးဝလက်မခံဘူး။ အဲဒီတော့ စစချင်းမှာ အစ်မ အဆဲခံရတာတွေ အပြောခံရတာတွေရှိတယ်။ ဒါပေမယ့် အစ်မ ဒီ Message ကို ပေးချင်တာဆိုတော့ နိုင်ငံတကာမှာ ခရီးသွားတာ အန္တရာယ်မရှိအောင် ဘယ်လို သွားမလဲဆိုတာတွေ ရေးပြတော့ အခုနောက်ပိုင်းမှာ ပွင့်လင်းလာတော့ လက်ခံလာကြတယ်။ ခရီးသွားခြင်းကရတဲ့ အကျိုးကျေးဇူးတွေကို လူကြီး၊ လူငယ်တွေ အကုန်သိစေချင်တယ်။
မေး။ ။ ခရီးတွေကို ဘယ်အရွယ်ကတည်းက သွားခဲ့တာလဲ။ အစ်မ သွားခဲ့တဲ့ နိုင်ငံတွေ ဘယ်နှစ်ခုလောက် ရှိသွားပြီလဲ။
ဖြေ။ ။ ပြည်တွင်းခရီးစဉ်တွေက ငယ်ငယ်လေးကတည်းက သွားတာ။ ၃ တန်းလောက်ကတည်းက လွိုင်ကော်ဘက်ကို လေယာဉ်နဲ့ရောက်ဖူးနေပြီ။ အမေနဲ့ လိုက်လိုက်သွားတာ။ ပြီးတော့အစ်မက ငယ်ငယ်ကတည်းက မကြောက်တတ်တော့ နယ်ကအမျိုးတွေလာလို့ အနီးအနားက ကျိုက်ထီးရိုးတို့ဘာတို့ သွားရင် အိမ်ကမထည့်လည်း လိုက်လိုက်သွားတာ။ ကျိုက်ထီးရိုးတောင်ဆို ၃၊ ၄ တန်းကတည်းက လမ်းလျှောက်တက်တာ ၃၊ ၄ ခေါက်လောက်ရှိနေပြီ။ နိုင်ငံခြားခရီးက ၂၀၀၆ လောက်မှာ စပြီးသွားဖြစ်တာ။ စစချင်းသွားတာက ဘန်ကောက်ကို စသွားတာ။ ထိုင်းပြီးတော့ စင်္ကာပူသွားတယ်။ ကမ္ဘောဒီးယား သွားတယ်။ မလေးရှား သွားတယ်။ အစ်မ အခု ခရီးတွေသွားတာ နိုင်ငံပေါင်း ၄၀ ကျော်နေပါပြီ။
မေး။ ။ သွားဖူးခဲ့သမျှ နိုင်ငံတွေထဲမှာရော ဘယ်နိုင်ငံကို အကြိုက်ဆုံးလဲ။
ဖြေ။ ။ အကြိုက်ကတော့ မတူဘူးပေါ့နော် ။ ခရီးသွားရတာကြိုက်တဲ့အတွက် အစ်မ ရောက်ခဲ့တဲ့ နိုင်ငံတိုင်းကို ကြိုက်တယ်။ အကြိုက်ဆုံးလို့ ပြောရတာက နည်းနည်ခက်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတွေမှာ သူ့အလှတရားနဲ့သူ သူ့ Culture၊ သူ့ယဉ်ကျေးမှု၊ သူ့အနုပညာနဲ့ မတူတော့ လူတိုင်းမှာ အလှကိုယ်စီ ရှိသလိုပဲ နိုင်ငံတိုင်းမှာလည်း သူ့အလှနဲ့သူ ရှိပြီးသား။ စိတ်ဝင်စားဖို့ကောင်းတာ ရှိပြီးသားဖြစ်တဲ့အတွက် အစ်မက ရုတ်တရက် ပြောဆိုရင်တော့ အစ်မမှာ ပြောစရာမရှိပါဘူး။
မေး။ ။ အစ်မ အခု ကိုယ်တိုင်ဦးစီးလုပ်နေတဲ့ ET Tour ကရော ဘယ်နိုင်ငံတွေကို အဓိကထားပို့လဲ။ ဘယ်တုန်းက စလုပ်ခဲ့တာလဲ သိချင်ပါတယ်။
ဖြေ။ ။ ET Tour က စဖွင့်ကတည်းက နိုင်ငံအကြီးတွေကို စပို့တယ်။ အစ်မ Company က ဘန်ကောက်တို့ စင်ကာပူတို့ နိုင်ငံသေးတာတွေကိုမရောင်းဘူး။ ဘာလို့လဲဆိုတော့ အစ်မက Challenge လုပ်ရတာ ပိုကြိုက်တယ်။ စရောင်းတော့ Korea ကို ရောင်းတယ်။ သူများတွေဆို အံ့သြတယ်။ ဘာမှမဟုတ်သေးတဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကမှ လုပ်တဲ့ Tour ဆိုပြီးတော့လေ။ အစ်မတို့ ပထမဆုံး ဈေးဦးပေါက်တဲ့ Group က လူ အယောက် ၁၀၀ ကျော်တယ်။ အစ်မရဲ့ရည်ရွယ်ချက်က သူသွားချင်တဲ့နိုင်ငံကို ဈေးသက်သက်သာသာနဲ့ မြန်မာပြည်သူပြည်သားတွေ သွားနိုင်ဖို့ပေါ့။ အဲဒီတုန်းက Tour Market ထဲမှာ Korea Tour ကို ဒေါ်လာ ၂ ထောင် ကျော်တွေ ရောင်းတဲ့အချိန်မှာ အစ်မက ဆိုးလ်မြို့တခုတည်းကိုပဲ ၃ ရက်လောက်ကို ဒေါ်လာ ၁ ထောင် ကျော် ၁၁၀၀၊ ၁၂၀၀ လောက်နဲ့ ရောင်းတယ်။ တချို့ကျ ရောက်ဖူးရင်ပြီးရောဆိုတဲ့သူတွေ ရှိတယ်လေ။ ဝန်ထမ်းတွေဆိုလည်း ခွင့် အကြာကြီးယူမရဘူးလေ။ ၃၊ ၄ ရက်လေးလောက်နဲ့ Korea ရောက်ဖူးတယ် ဆိုတဲ့ ပုံစံနဲ့ ခရိးစဉ်တွေ ဆွဲပေးတယ်။ စ စဖွင်းချင်းမှာပဲ နာမည်ရပြီးတော့ နိုင်ငံကြီးတွေ ပို့တယ်ဆိုပြီး။ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်လည်းရှိတယ်။ ဟောင်ကောင်/Europe ပေါ့နော်။ တရုတ်ပြည် တကယ့် နိုင်ငံကြီးတွေများတယ် ပို့ပေးတာက။
မေး။ ။ အရင်တုန်းက ခရီးသွားတာနဲ့ အခုခေတ် ခရီးသွားတာ ဘာတွေကွာခြားသွားလဲ။
ဖြေ။ ။ အရင်တုန်းက ခရီးသွားတော့ Guide Book တွေ ဘာတွေမရှိဘူး။ အင်တာနက်တောင် ဒီလိုလွယ်လွယ်ကူကူ ဖုန်း နဲ့သုံးလို့မရတဲ့ခေတ်မှာ အစ်မတို့ကကြီးပြင်းလာတော့ နိုင်ငံခြားသွားမယ်ဆို Website ကအစ မရှိတဲ့အခါကျ ဈေးကြီးတယ်ပေါ့နော်။ ရန်ကုန် – ဘန်ကောက်တောင် အရင်တုန်းက ဒေါ်လာ၂၀၀ ကျော်၊ ၃၀၀ လောက် ရှိခဲ့တာ။ အခုကျ အဲဒီလိုမဟုတ်တော့ဘူး။ မြန်မာပြည်က အရမ်းကို ပွင့်လင်းလာပြီ။ Airline တွေလည်း အများကြီးဆွဲလာပြီ။ အဓိကက အင်တာနက်တွေပါ အရမ်းကောင်းလာတော့ ဘယ်အရာမဆို Google လုပ်လို့ရနေပြီ။ GPS ကအစ နည်းပညာ ဖွံ့ဖြိုးလာတာ နဲ့အမျှ ခရီးသွားရတာ တအားလွယ်လာပြီ။ ပြီးရင် ပြန်ဆက်သွယ်ဖို့ ဖုန်းတို့ /Viber တို့ အရင်တုန်းက မရှိဘူးလေ။ ဖုန်းနဲ့ခေါ်မှရတာဆိုတော့ အရမ်းဈေးကြီးတယ်။ အဲဒီလိုမျိုးတွေ မရှိတော့ ခရီးသွားရတာခက်တယ်။ အခုခေတ်က ခရီးသွားရတာ ဘာမှကို ခက်တော့တာ မဟုတ်တော့ဘူး။
မေး။ ။ မသွားဖူးသေးတဲ့ နိုင်ငံတွေထဲက အသွားချင်ဆုံး နိုင်ငံကို ပြောပါဆိုရင် ဘယ်နိုင်ငံဖြစ်မလဲ။
ဖြေ။ ။အခု အသွားချင်ဆုံးနိုင်ငံက လက်တင်အမေရိကကို မရောက်ဖူးသေးဘူး။ အဲဒီက ချီလီတို့၊ ဘရာဇီးတို့၊ အာဂျင်တီးနား၊ မက်ဆီကို အဲဒီဘက်အခြမ်းတွေကို သွားချင်နေတာ။ နောက်နှစ်ထဲလောက်တော့ အစ်မသွားဖို့ရှိပါတယ်။ လေယာဉ်အကြာကြီးစီးရမှာဖြစ်တဲ့အတွက် အစ်မ နည်းနည်းလေး အချိန်ယူနေတာပေါ့။
မေး။ ။ အစ်မရဲ့Future Plan (အနာဂတ် အစီအစဉ်)ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ Future Plan ကိုပြောပါဆိုရင်တော့ အစ်မရဲ့ရည်ရွယ်ချက်က အသက် ၄၀ မပြည့်ခင် တကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေ အကုန်ရောက်ဖူးချင်တယ်။ ငွေရေးကြေးရအရသော်လည်းကောင်း ၊ သူတို့နိုင်ငံတွေရဲ့အနေအထားအရသော်လည်းကောင်း ၊ကျန်းမာရေးသော်လည်းကောင်း ရောက်သလောက်သွားမယ်။ တကမ္ဘာလုံးရဲ့အလှတွေ အစ်မကြည့်ချင်တယ်။ အစ်မက ပိုက်ဆံတွေလည်း သိပ်မစုဘူး။ ရတဲ့ ဝင်ငွေမှန်သမျှ ခရီးသွားဖို့၊ ခရီးသွားတာ ပိုက်ဆံရှာဖို့ အဲဒီ၂ ခုနဲ့ လုံးလည်ချာလည်လိုက်နေတာ အစ်မ Professional အလုပ်ကိုက ခရီးသွားလုပ်ငန်းဖြစ်နေတဲ့အပြင် ဝါသနာနဲ့အလုပ်က တထပ်တည်းကျနေတော့ ဒီထဲမှာတင် လည်ပတ်နေပါတယ်။ အဓိက အစ်မဖြစ်ချင်တာက Website ကို သေချာလုပ်ချင်တယ်။ Application အထိ သွားဖို့ရှိတယ်။ နိုင်ငံခြားခရီးသွားတဲ့သူတိုင်းက အစ်မ Website ကို ဖတ်ပြီး သူတို့လိုအပ်တဲ့အချက်အလက်တွေ အကုန်ရှာနိုင်အောင် လုပ်မယ်။ ဥပမာ- စားသောက်ဆိုင် ယူမလား။ Hotel ယူမလား စသဖြင့်ပေါ့။ အနည်း ဆုံး ၂ နှစ် ၃ နှစ်အတွင်းတော့ တကယ်ကိုဖြစ်အောင် လုပ်မယ်။ Right Information ကိုပေးမယ်။ Website ကနေ ရှာလိုက်တာနဲ့ အကုန်ရှိနေတယ်ဆိုတဲ့ ရည်ရွယ်ချက်က အစ်မရဲ့ Future Plan ပါပဲ။ ။
“I Love Travelling” Facebook Page Link