ကမ္ဘာကျော် ခရီးသွားလမ်းညွှန် စာအုပ်များ ထုတ်ဝေသည့် Lonely Planet ကို တည်ထောင်သူ တိုနီ ဝှီးလား (Tony Wheeler) သည် ၁၉၇၀ ခုနှစ်များ အစောပိုင်း ကာလတွင် “အကုန်အကျ နည်းသော အရှေ့တောင်အာရှ” (Southeast Asia on a Shoestring) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ခရီးသွားကဏ္ဍတွင် လွန်စွာအောင်မြင်သော ယင်း စာအုပ်တွင် မြန်မာနိုင်ငံ အကြောင်း ရေးသားခဲ့သည်။
ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဇာနည်မာန်သည် မန္တလေးမြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသည့် ဧရာဝတီစာပေပွဲတော်တွင် တိုနီဝှီးလားနှင့် တွေ့ဆုံပြီး ဖွံ့ဖြိုး တိုးတက်နေသော မြန်မာ့ ခရီးသွားလုပ်ငန်း အကြောင်း ဆွေးနွေးမေးမြန်းခဲ့သည်။
မေး ။ ။ မြန်မာနိုင်ငံကို ပထမဆုံး လာတုန်းက အကြောင်းပြောပြပါဦး။
ဖြေ ။ ။ ၁၉၇၄ ခုနှစ်မှာ ကျနော်နဲ့ ကျနော့်အမျိုးသမီး မော်ရင်းဝှီးလား (Maureen Wheeler) ဘန်ကောက်ကနေ တဆင့် ဒီကိုလာကြတာ။ အဲဒီတုန်းက လမ်းကြောင်း တခုပဲ ရှိတာလေ။ ကျနော်က အရှေ့တောင်အာရှတခွင် ခရီးထွက်နေတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ပြည်ဝင်ခွင့် ဗီဇာက ၇ ရက်ပဲ ရတာ။ နေရာ တော်တော်များများကိုလည်း သွားခွင့် မပေးဘူး။ တည်းခိုစရာ နေရာလည်း များများစားစား မရှိဘူး။ တပတ်တည်းဆိုတော့ ကျနော်တို့ လုပ်နိုင်တာလည်း နည်းနည်းပဲ ရှိတယ်။
ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားတယ်။ ပြီးတော့မှ မန္တလေးကနေ ပုဂံကို ဘတ်စ်ကားနဲ့ သွားရတာ။ အဲဒီမှာ ၂ ရက်လောက် နေပြီးတော့ ရန်ကုန်ကို ရထားနဲ့ ပြန်လာတယ်။ ကျနော် မှတ်မိတာ အဲဒီတုန်းက ရထားက မယုံကြည်နိုင် လောက်အောင် အရမ်းကို ကြာတယ်။ ၂၄ နာရီလောက် တောင် ကြာတယ်။ တော်တော်ဆိုးတဲ့ ရထားပဲ။ ရထားစီးမိတာ မှားတာပဲ။ တခြားနေရာတွေကို လည်ပတ်လို့ရအောင် တခြား လမ်းကြောင်းကို ရွေးရမှာ။
ပုဂံမှာ အဲဒီတုန်းက မြို့ဟောင်းရဲ့ အလယ်မှာ တည်းခိုခန်း အသေးလေးတွေ အများကြီး ရှိတယ်။ ကျောပိုးအိတ်တလုံးတည်းနဲ့ ခရီးသွားတဲ့ သူတွေ အားလုံး အဲဒီ တည်းခိုခန်း အသေးလေးတွေမှာပဲ တည်းကြတယ်။ အဲဒီ တည်းခိုခန်းလေးတွေက အရမ်း ကောင်းပြီး လူတွေကလည်း ဖော်ရွေတယ်။ နောက်တော့ စစ်အစိုးရက သူတို့ကို နေရာရွှေ့ခိုင်းလိုက်တယ်။ ပုဂံမြို့လယ် ကနေ တခြား နေရာသစ်တွေကို ပြောင်းကြရတာပေါ့။ အဲဒါက ကျနော် ဒုတိယအကြိမ်လာတုန်းက ဖြစ်တာ။
ပုဂံမြို့ထဲ တလျှောက်နဲ့ တခြားနေရာတွေကို ခရီးသွားတာ။ သယ်ယူပို့ဆောင်ရေး နည်းနည်းပဲ ရှိတယ်။ လမ်းတွေကလည်း ရှင်းနေတာပဲ။ မောင်းနေတဲ့ ကားတွေကလည်း အရမ်းကို သက်တမ်း ရင့်နေပြီ။ အင်္ဂလိပ်ကားဟောင်းတွေနဲ့ ဂျပန်ကားဟောင်း တချို့လည်း ပါတယ် လို့ထင်တယ်။ ချက်ပလက် ကားဟောင်းတွေလည်း ရှိတယ်။
အဲဒီတုန်းက ဘယ်သူမှ လေယာဉ် မစီးချင်ကြဘူး။ တခုတည်းသော လေကြောင်းလိုင်းဖြစ်တဲ့ ပြည်ထောင်စု လေကြောင်းလိုင်းက မကြာခဏ လေယာဉ်ပျက်ကျတယ်။ ဘယ်သူမှ အသက်စွန့်ပြီး မစီးရဲဘူး။ ဒါကြောင့် ရထားတို့၊ ဘတ်စ်ကားတို့ကိုပဲ စီးကြတာ။ ကားတွေ၊ ရထားတွေက အရမ်းနှေးပြီး အချိန် အရမ်းကုန်တယ်။
မေး ။ ။ အဲဒီတုန်းက ခရီးထွက်ရင်း အမှတ်တရဖြစ်စရာတွေရှိလား။
ဖြေ ။ ။ ဒုတိယအကြိမ် လာလည်တော့ အဲဒီ လမ်းကြမ်းမှာ ထရပ်ကား အသေးတစင်း ရနိုင်တယ်လို့ ကြားရတယ်။ ကျနော်က ရထား မစောင့်ချင်တော့ ကျနော့် အတွက်တော့ အရမ်းကောင်းတဲ့ နည်းလမ်းပေါ့။ ၁၉၈၃ ခုနှစ် ကလေ။ ရန်ကုန်ကို နောက်ကျမှ ရောက်တော့ အားလုံး ပိတ်ကုန်ပြီ။ ကျနော်က ဟိုတယ်ကို လမ်းလျှောက်သွားတယ်။ ဆူးလေ ဘုရားနားက ခရီးသွားလုပ်ငန်း အဆောက်အအုံလေ။ ညဉ့်နက်လာချိန်မှာတော့ လူတယောက် ကျနော့် အခန်းထဲ ဝင်လာပြီး ကျနော့်ကို ထရပ်ကားငှားမယ် လို့ ပြောတယ်။ ရန်ကုန်၊ ပြည်၊ ပုဂံ၊ မန္တလေး၊ အခုပြင်ဦးလွင်လို့ ခေါ်တဲ့ မေမြို့နဲ့ အင်းလေးကန်ကို အဲဒီကား ငှားပြီးသွားတာ။
ရန်ကုန်ပြင်ပမှာ ဓာတ်ဆီဝယ်ရတာ ခက်တော့ ထရပ်ကားနောက်ထဲမှာ ဓာတ်ဆီပုံးတွေ အများကြီး သယ်သွားရတာ။ ပြည်ကို ရောက်တော့ နောက်ကျနေပြီ။ ပြည်မြို့ကို နိုင်ငံခြားသားတွေ သွားခွင့် မပေးဘူး လို့ ယာဉ်မောင်းက ပြောတယ်။ ဒါပေမယ့် မြို့ထဲကို ရောက်ရင်တော့ အဆင်ပြေမယ် လို့လည်း သူက ပြောတယ်။ ပြည်ကိုသွားတဲ့ လမ်းတလျှောက်က စစ်ဆေးရေး ဂိတ်တွေမှာ စစ်သားတွေ အများကြီးပဲ။ ဒါကြောင့် သူက ကျနော်တို့ကို ထရပ်ကား နောက်ကြမ်းပြင်မှာ လှဲနေခိုင်းပြီး တာပေါ်လင်နဲ့ အုပ်ထားတယ်။ တော်တော် စွန့်စားရတာပဲ။
မေး ။ ။ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှာလည်း ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက် နေတယ် ဆိုတော့ ငလျင်ဒဏ်ခံရတဲ့ ပုဂံက ဘုရားကျောင်းကန်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်လဲ။
စစ်အစိုးရခေတ်မှာ ပုဂံကို ပြုပြင်ထိန်းသိမ်းတဲ့ ပုံစံက အရမ်းကို ဆိုးရွားတယ်။ သူတို့က အားလုံးကို ရွှေရောင်ပဲ ခြယ်ချင်တာ။ ဘယ်လို လုပ်ရင် ကောင်းတဲ့ ပြုပြင်ထိန်းသိမ်းရေး ဖြစ်တယ်၊ ဘယ်လိုလုပ်ရင် ဆိုးရွားတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြောဆို အကြံပြုတာတွေ အများကြီး ရှိပြီးသား။ အခုတာဝန်ရှိတဲ့ သူက ဒါတွေကို နားထောင်ပြီး အမှား ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်။
ရှေးဟောင်း အဆောက်အအုံတွေကို လူတွေက ထုံးသုတ် ဖျက်ဆီးဖို့ ကြိုးစားရင် သူတို့ကို အရှက်ရအောင်လုပ်ဖို့ လိုတယ်။ ဆက်လုပ်နေမယ် ဆိုရင် ရှေးဟောင်း အဆောက်အအုံတွေကို ထိခွင့် ကိုင်ခွင့် မပေးဘဲ ခြံစည်းရိုး ခတ်ထားရမယ်။ ဒါမှ မဟုတ် တယောက်ယောက်က စောင့်ကြည့်နေပြီး သူတို့ရဲ့ အမည်တွေကို ရေးတာနဲ့ ချက်ခြင်းသွားဖျက်ပစ်ရမယ်။
အီဂျစ်က ရှေးဟောင်း အဆောက်အအုံပေါ်မှာ စာသွားရေးတဲ့ တရုတ်လူငယ်လေးတယောက်ရဲ့ ဥပမာလည်း ရှိတယ်။ လူတွေက သူ့ အကြောင်းကို လူမှုကွန်ရက်မှာ ဝိုင်းရေးပြီး သူ အရှက်ရအောင် လုပ်လိုက်တယ်။ သူ့နိုင်ငံကို သူ ပြန်လည်း ရောက်ရော သူ အကြီးအကျယ် ဒုက္ခရောက်တော့တာပဲ။
တချို့ ရှေးဟောင်း အဆောက်အအုံတွေကို သွားရောက်တဲ့ အခါ ဘယ်လို ဝတ်စားဆင်ယင်ရမယ် ဆိုတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်။ တချို့ ကမ္ဘာလှည့် ခရီးသည်တွေက ဒါတွေကို မလိုက်နာချင်ဘူး။ ဒါမျိုးကို နိုင်ငံ တော်တော်များများမှာ တွေ့ရတယ်။ ဒါကိုမှ မသိရလောက်အောင် တုံးအနေရင်တော့ သူတို့ကို အမြဲပြောပြ နေပြီး တခါတရံဆိုရင် ဖမ်းဆီးသင့်တယ်။
မေး ။ ။ ပထမဆုံး အကြိမ်ထုတ် Lonely Planet ကို ရေးသားဖြစ်ရတာနဲ့ နှစ်ပေါင်းများစွာ နိုင်ငံ အများအပြားကို သွားရောက် လည်ပတ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။
ပထမဆုံးအကြိမ်ထုတ် စာအုပ်နဲ့ နောက်အကြိမ်တွေကိုလည်း ကျနော် ရေးခဲ့တယ်။ ဒီစာအုပ်တွေကို ကူညီရေးသားပေးတဲ့ သူတွေလည်း အများကြီး ရှိတယ်။ ပထမအကြိမ် ထုတ်တုန်းက သတင်းအချက်အလက် အရမ်းနည်းတယ်။ အခု ပြန်ဖတ်ကြည့်တဲ့ အခါ ဘာမှ မပါတော့ သိပ်မကောင်းဘူး ဖြစ်နေတယ်။ အဲဒီထဲမှာ သမိုင်းကြောင်း နည်းနည်းပါတယ်။ တည်းခိုနိုင်တဲ့ နေရာလည်း နည်းနည်းပဲ ပါတယ်။ မန္တလေး၊ ပုဂံနဲ့ ရန်ကုန်ကိုပဲ သွားလို့ ရတယ်။ အဲဒီတုန်းက အင်းလေးကို နိုင်ငံခြားသားတွေ သွားလို့ ရ-မရတောင် ကျနော်မသိဘူး။ တနိုင်ငံငံလုံးမှာ နိုင်ငံခြားသားတွေ ခရီးသွားလာခွင့်ကို အရမ်း တင်းကျပ်တယ်။
Lonely Planet ကနေ မြန်မာနိုင်ငံအကြောင်း ပထမဆုံး မိတ်ဆက်နိုင်သူ ဖြစ်ရလို့ အရမ်းကို ဂုဏ်ယူပါတယ်။ သတင်း အချက်အလက် များများ မရှိတော့ ကမ္ဘာကြီးအတွက် တံခါးဖွင့်ပေးနိုင်ခဲ့တယ် လို့တောင် ကျနော်ထင်ခဲ့တာ။ ကျနော့်ရဲ့ ဆောင်းပါးနဲ့ ခရီးသွား အတွေ့အကြုံတွေကြောင့် ခရီးသည်တွေရဲ့ စိတ်ဝင်စားမှုကို ဖြစ်စေခဲ့တယ်လို့ ကျနော်ယုံကြည်တယ်။ အခုတော့ စာအုပ်တွေအများကြီး ရှိလာပြီး တိုင်းပြည်ကလည်း ခရီးသွားတွေ အတွက် တံခါးပွင့်လာပြီ။ မြန်မာနိုင်ငံကို လာလည် ရတာ ကျနော် အရမ်းကြိုက်တယ်။ ကိုယ်မသိသေးတဲ့ အရပ်ကို သွားနေရသလို ခံစားလာရတယ်။
မေး ။ ။ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဘာတွေလုပ်ဖို့လိုတယ်ထင်လဲ။
ဖြေ ။ ။ လူတွေ မလည်ပတ်ရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဥပမာ ပြောရရင် ကျနော်က မြောက်ဦးကို ရောက်သွားတယ်။ အရမ်းကောင်းတဲ့ နေရာပဲ။ အခု အချိန်အထိ အဲဒီကို သွားလည်တဲ့သူ နည်းနည်းလေးပဲ ရှိသေးတယ်။ ရခိုင်ပြည်နယ်မှာ မတည်ငြိမ်လို့လည်း ပါမယ် ထင်တယ်။ ကရင်၊ ကချင်နဲ့ ချင်းပြည်နယ်တွေကလည်း ဒီလို နေရာတွေပဲ။ နိုင်ငံမှာ ငြိမ်းချမ်းရင် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပိုမိုကောင်းလာမယ်။ နယ်စပ်က တဆင့် သွားရ လာရ လွယ်လာရင် ခရီးသွားတွေကို ပိုပြီးဆွဲဆောင်လိမ့်မယ်။
စီးပွားရေး လုပ်တဲ့သူတွေ အနေနဲ့ လူတွေနဲ့ ဆက်ဆံရာမှာ ရိုးသားဖို့တော့ လိုတယ်။ လူတွေကို ဆွဲဆောင်ဖို့ ဆိုရင် သွားရေး လာရေး လွယ်ဖို့တော့ လိုတယ်။ ကျနော် ပြောတာက ပြည်ဝင်ခွင့် ဗီဇာအကြောင်းပြောတာ။ ပြည်ဝင်ခွင့် ဗီဇာ လွယ်လာရင်ကို ခရီးသွား လုပ်ငန်း အတွက် အကြီးမားဆုံးခြေလှမ်း ဖြစ်မယ်။
မေး ။ ။ အရေးယူပိတ်ဆို့မှုကြောင့် အခုဆိုရင် ရခိုင်ပြည်နယ် မငြိမ်သက်လို့ လူသားချင်း စာနာမှုကြောင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးကို မလည်ပတ်ဖို့ အကြံပြုတာတွေကို ဘယ်လိုထင်လဲ။
ဖြေ ။ ။ အကြောင်း ၂ ခုရှိတယ်။ ပထမတခုက လူတွေပြောနေကြ သလောက်တော့ အန္တရာယ် ကြီးကြီးမားမား မရှိပါဘူး။ တခါတခါ ကျရင် အစိုးရက အန္တရာယ်ရှိတယ် လို့ ပြောတဲ့ နေရာတွေ ရှိတယ်။ နေရာ တခုကို သွားချင်ရင် ကိုယ့်အတွက် လုံခြုံလား မလုံခြုံလား ဆုံးဖြတ်ရမယ်။ နေရာတခုကို သွားသင့်တယ် လို့ ကျနော် ပြောမှာမဟုတ်ဘူး။ နေရာတခုကို သွားချင်ရင် အဲဒီမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေဖြစ်နေလဲ ဆိုတာကို ကြည့်သင့်တယ်။ ယေဘုယျအားဖြင့် ကျနော်တော့ သွားတယ်။
လူတွေက မသွားသင့်ဘူး လို့ ပြောတဲ့ ပါကစ္စတန်ကိုလည်း ကျနော် ရောက်ပြီးသွားပြီ။ ကျနော် ရောက်သွားတော့ သူတို့ ပြောသလောက်လည်း မဟုတ်ပါဘူး။
အခု ခရီးသွားစပြုနေတဲ့ မြန်မာလူငယ်တွေ ပြင်ပခရီး သွားစေချင်တယ်။ ကမ္ဘာကို လေ့လာစေချင်တယ်။ ခရီးသွားဖို့ ဆိုတာ ငွေကြေးပြည့်စုံဖို့တော့ လိုတယ် ဆိုတာ ဟုတ်ပါတယ်။ ခရီးသွားရင် ငွေ လိုတယ်။ ဒါပေမယ့် ခရီးသွားရင် ကမ္ဘာကို ပိုမိုနားလည်လာမယ်။ လူတွေရဲ့ မတူညီတဲ့ သဘောသဘာဝကို ပိုပြီးလေ့လာရင် အခြားမြို့ကြီးတွေ၊ နိုင်ငံတွေကို လေ့လာနိုင်မယ်။ ဒီလိုနဲ့ ဗဟုသုတလည်း ရလာမယ်။
(www.irrawaddy.com တွင်ဖော်ပြထားသည့် ဇာနည်မာန်၏ Lonely Planet Founder Urges Myanmar Youth to Travel ကို ဘာသာပြန်သည်။)