Huawei မှ သရုပ်ဆောင် မင်းသွေး၊ အလှမယ် နန်းခင်ဇေယျာ၊ အစီအစဉ် တင်ဆက်သူ ဖြိုးဇော်လင်း၊ မော်ဒယ်လ် နွယ်ဒါလီထွန်းတို့နဲ့ အတူကယားပြည်၊ ကယောနယ်မှာ “HUAWEI nova 2i ဖြင့် ခရီးသွားကြသူများ (ရင်ခုန်သံရှုမြော်ခင်း)” အစီအစဉ်ကို ဒီဇင်ဘာ ပထမပတ်အတွင်း စတင်ရိုက်ကူးနေပြီ လို့ သိရပါတယ်
အဆိုပါ အစီအစဉ်ကို Huawei နဲ့ Media 7 တို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပြီ ဒါရိုက်တာကိုပေါက်က သရုပ်ဆောင်များနဲ့ အတူ ကယောနယ်ဘက်မှာ တပတ်ကြာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ ဒုတိယပတ်ကစပြီး Huawei Myanmar Facebook Page မှာ အပိုင်းများခွဲကာ ပြသသွားမယ် လို့ သိရပါတယ်။
“ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က Innovation ကို အခြေခံပြီး အသစ်ထွက်ရှိလာတဲ့ Nova 2i နဲ့ မြန်မာပြည်ရဲ့ ဖုံးကွယ်နေတဲ့ အလှအပတွေကို ဖော်ထုတ်ချင်တာပါ။ ဒီ ကယောဒေသဆိုတာက လူအရောက်အပေါက် နည်းတယ်။ ခက်ခဲကြမ်းတမ်းတယ်။ စိန်ခေါ်မှုတွေလည်း ပြည့်နှက် နေတယ်။ လူတော်တော်များများလည်း မသိကြသေးဘူး။ အဲဒီအတွက် ကျမတို့ မြန်မာနိုင်ငံမှာ ဒီလို အလှတရားတွေ ရှိနေသေးပါလား ဆိုတာကို လူတွေ သိစေချင်တယ်။ အဲဒီအတွက်ကို သွားနေကျ တွေ့နေကျ နေရာ မဟုတ်တဲ့ နေရာကို ရွေးချယ်ခဲ့တာပါ” လို့ Huawei Device Myanmar ရဲ့ Marketing Director မခင်ရတနာဝင်းက ပြောပါတယ်။
“ဒီ Program ကို ကျမတို့ နိုင်ငံမှာတင် မကဘူး။ တခြားနိုင်ငံတွေမှာပါ ပြမှာ။ တခြားနိုင်ငံတွေမှာ ပြတဲ့အခါ ကျရင် ဘာပဲ ပြောပြော ဒီနေရာကို မြန်မာနိုင်ငံတင် မကဘူး။ တခြားနိုင်ငံတွေကပါ သိမယ်။ သိတဲ့အခါ Travels & Tours တွေပါ တက်လာ မယ်။ ကိုယ့်နိုင်ငံမှာ အသစ်လည်း ဖြစ်တယ်။ ကိုယ့်နိုင်ငံကို တော်တော်လည်း အကျိုးပြုတယ်။ ပြီးတော့ အဲဒီဒေသမှာ ရှိတဲ့ လူတွေကိုလည်း အကျိုးပြုတယ်” လို့ သူက ဆက်လက် ပြောပြပါတယ်။
အဆိုပါ ခရီးသွားအစီအစဉ်ကို အပိုင်း ၈ ပိုင်း (သို့မဟုတ်) ၉ ပိုင်းလွှင့်တင်ရန် လျာထားပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ Huawei Myanmar Facebook Page နဲ့ Myanmar Cele 7 Page တို့မှာ အပိုင်း တပိုင်းကို ၄၅ မိနစ်စီ၊ အပိုင်းများခွဲကာ လွှင့်တင်သွားမယ် လို့ သိရပါတယ်။ ဒါအပြင် အခြားသော သတင်းမီဒီယာ Page များမှာလည်း လွှင့်တင်ပေးသွားရန် လျာထားတယ် လို့ သိရပါတယ်။
“တကယ်လို့ TV ရုပ်သံလိုင်းတွေက ဒီအစီအစဉ်ကို စိတ်ဝင်စားလို့ လွှင့်တင်ပေးဖို့ တောင်းဆိုတာမျိုး ရှိလာရင်လည်း ကျမတို့က လွှင့်တင်ပေးဖို့ အစီအစဉ် လျာထားပါတယ်” လို့ မခင်ရတနာဝင်းက ပြောပါတယ်။
“ဒီခရီးစဉ်က နန်းခင် သွားဖူးနေကျ ခရီးစဉ်ပုံစံမျိုး မဟုတ်ဘူး။ Adventure ပုံစံလည်း ဖြစ်တယ်။ ပြီးတော့ ဒီခရီးစဉ်လေးက ရင်ခုန် စိတ်လှုပ်ရှားဖွယ်လည်း ဖြစ်လို့ လက်ခံဖြစ်တာပါ။ ဒီခရီးစဉ်မှာ ပါဝင်ဖြစ်လို့ နန်းခင်အနေနဲ့ စိတ်လှုပ်ရှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရာသီဥတုက အရမ်းအေးတယ်။ ပြီးတော့ ကိုယ်သွားဖူးနေကျ နေရာမျိုးမဟုတ်ဘဲ တောင်တွေ တက်ရမယ်။ ပြီးရင် သူတို့မှာ ရှိတဲ့ ယဉ်ကျေးမှုတွေ လေ့လာရမယ်” လို့ အလှမယ် နန်းခင်ဇေယျာက ဆိုပါတယ်။
ဆက်လက်ပြီး သူက “အဲဒီမှာ Tent (ရွက်ထည်ထဲ) ထိုးအိပ်ရမယ်။ တခါမှ တောတောင်ပေါ်မှာ တဲထိုးပြီး အဲလိုမျိုး ထီးထီးကြီး မအိပ်ဖူးဘူး။ ဘယ်လို ဖြစ်မလဲတော့ ကိုယ်တွေ မသိဘူး။ ရာသီဥတုဒဏ်က အရမ်းအေးတော့ ကျန်းမာရေးကို ပိုဂရုစိုက်ရမယ်။ ခရီးအတွက် ဘာတွေ ပြင်ဆင်ရလဲ ဆိုတော့ အဓိကက အဝတ်အစားပေါ့။ အနွေးထည်တွေ ယူသွားတယ်။ အဓိကက ရာသီဥတု အပြောင်းအလဲ ပေါ့။ အစားအသောက်ပိုင်းလည်း ကိုယ်စားနေကျ အစားအစားတွေ မဟုတ်တော့ အစားအစာတွေလည်း ပြင်ဆင်သွားတယ်” လို့ ပြောပါတယ်။
“ကိုပေါက်တို့နဲ့ ကျနော်တို့က အစကတည်းက ခရီးသွားအစီအစဉ် ရိုက်ကူးဖို့ စီစဉ်ထားကြတဲ့ အချိန်မှာ Huawei နဲ့ ချိတ်မိ သွားကြတာပေ့ါ နော်။ Huawei ကလည်း အခုချိန်က သူတို့ရဲ့ နောက်ဆုံးပေါ် nova 2i ထွက်ထားတဲ့ အချိန် ပြီးတော့ သူတို့ဘက်ကလည်း ခရီးသွား Program တခု လုပ်ချင်တယ် ဆိုပြီး ပြောကြရင်းနဲ့ စီစဉ်ဖြစ်သွားတာပါ။ ဘယ်နေရာသွားမလဲ ဆိုပြီး ရွေးကြတော့ ကယောဆိုပြီး စီစဉ်ဖြစ်သွားတယ်” လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး Huawei နဲ့ အတူပူးပေါင်းတဲ့ Media 7 ရုပ်ရှင်ထုတ်လုပ်ရေးမှ ပိုင်ရှင် ကိုဝေမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ကိုဝေမင်းမောင်က “နေရာကို သေချာ Confirm လုပ်ပြီးတဲ့ အချိန်မှာ ကျနော့်ဘက်က မင်းသွေး၊ သားငယ်၊ နန်းခင်ဇေယျာနဲ့ နွယ်ဒါလီထွန်းတို့နဲ့ ဆက်သွယ်ကြည့်တယ်။ သူတို့တွေဘက်ကလည်း အရမ်းအားတက်သရော သွားချင်ကြ တယ်။ သွားမယ့်နေရာမှာ ဟိုတယ်မရှိဘူး၊ အစားအသောက် ကောင်းကောင်းရှိချင်မှ ရှိမယ်၊ ပြီးတော့ အရမ်းအေးလည်း အေးတယ်။ ဒါကြောင့် ကျနော်တို့ တော်တော်လေး သေသေချာချာ ပြင်ဆင်ကြရပါတယ်။ ကျနော့် အတွက်တော့ ရုပ်ရှင်ကားကြီး တကား ရိုက်ဖို့ ပြင်ဆင်ရသလိုပဲ” လို့ ဆိုပါတယ်။
ခရီးစဉ်ကို ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး Huawei အဖွဲ့သားမျာ၊ Media 7 အဖွဲ့သားများနဲ့ အတူ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် မင်းသွေး၊ အလှမယ် နန်းခင်ဇေယျာ၊ အစီအစဉ်တင်ဆက်သူ ဖြိုးဇော်လင်း၊ မော်ဒယ်လ် နွယ်ဒါလီထွန်းတို့ ကယားပြည်နယ်၊ ကယောဒေသမှာ တပတ်ကျော်ကြာ သွားရောက် ရိုက်ကူးနေပြီ လို့ သိရပါတယ်။ ။