Travel

အပျိုစင်သဲငွေသောင်ယံက မော်ကင်းတို့ဌာနေ

Want create site? Find Free WordPress Themes and plugins.

ကျမတို့ငယ်ငယ်က ပထဝီသင်ရတဲ့အခါ မြန်မာပြည် မြေပုံဆွဲရင် အပြီးအမောက် တည့်အောင်ဆွဲရင်းနဲ့ ဟိုးမြန်မာပြည် အမြီးဖျားလေးဆွဲတဲ့အချိန်၊ ဘေးတဝိုက်က မြိတ်ကျွန်းစုလို့သိရတဲ့ ကျွန်းပိစိလေးတွေကို အစက်အပြောက်တွေအဖြစ် ခြစ်ပြီး ထည့်ခဲ့ရပါတယ်။

အဲဒီ အစက်အပြောက်လေးတွေဟာ မြန်မာပြည်တောင်ပိုင်းက သိပ်ကိုလှပလွန်းတဲ့ မထိမတွေ့ရသေးတဲ့ အပျိုစင်ကျွန်း လေးတွေဆိုတာကို လက်တွေ့ မြေပြင်ပေါ်ရောက်ပြီး လည်ပတ်လိုက်ရတဲ့အခါ မြန်မာပြည်မှာ လူဖြစ်ရကျိုးနပ်ပြီလို့ ပြောရမယ့် အတွေးပေါ်လာပါတော့တယ်။

အပျိုစင်ကျွန်း

မြိတ်ကျွန်းစုတွေဆိုတာ ကျမတို့သင်ခဲ့ရသလောက် ကျွန်းပေါင်း ၈၀၀ ကျော် ပါဝင်ပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ကနေ အောက်ပိုင်း ကော့သောင်မြို့တလျှောက် ဒီကျွန်းတွေ တည်ရှိနေတာပါ။ ဒီကျွန်းတွေဟာ ကပ္ပလီပင်လယ်ထဲမှာ အင်မတန်လှပပြီး မပျက်စီးသေးတဲ့ အပျိုစင်ကျွန်းတွေ၊ လည်ပတ်စရာကောင်းတဲ့ နေရာတွေအဖြစ် ကမ္ဘာမှာ နာမည်ကြီးပါတယ်။

ဒါအပြင် နာမည်ကြီးရတဲ့အထဲမှာ ရေကူးကျွမ်းကျင်တဲ့ပင်လယ်ထဲမှာ လှေလေးတွေထဲ အိပ်စား၊ တလကိုးသီတင်း လှည့်ပတ်သွားလာပြီး တဖြေးဖြေးနဲ့ လူဦးရေနည်းပါးလာပြီဖြစ်တဲ့ Sea Gypsies ပင်လယ်ပျော် မော်ကင်း ခေါ် ဆလုံလူမျိူးတွေကြောင့်လည်း ပါပါတယ်။

ဒီဒေသကို မရည်ရွယ်ဘဲ ရောက်ဖြစ်တော့မှပဲ ဘာကြောင့် နာမည်ကြီးပြီး လှပနေရတယ်ဆိုတာကို သိရပါတော့တယ်။ ဒီကျွန်းတွေဆီကို သွားဖို့ဆိုရင် ရန်ကုန်ကနေ မြိတ်မြို့ကို လေယာဉ်နဲ့ သွားလို့ရသလို ကားနဲ့လည်း သွားလို့ရနေပါပြီ။ လေယာဉ်နဲ့ဆိုရင် တနာရီခွဲလောက်ပဲ စီးရတာဖြစ်လို့ အချိန်ကုန်သက်သာပါတယ်။ လေယာဉ်ခကတော့ အသွားအပြန် ဆိုရင် တယောက်ကို ၁၇၀,၀၀၀ ကျပ်လောက် ကျမယ်ထင်ပါတယ်။

ကားနဲ့သွားမယ်ဆိုရင်တော့ ရန်ကုန်ကနေ ၁၇ နာရီနီးပါး မောင်းရပါလိမ့်မယ်။ လမ်းတွေက ကောင်းလာပေမယ့် အကွေ့ အကောက် များသေးတာဖြစ်လို့ အချိန်တော့ပေးမောင်းရမှာပါ။ ပင်ပန်းတာကတော့ အသေချာပေါ့။ ဒါပေမယ့်လည်း လမ်းပေါ်က မြို့တွေကို လည်ပတ်လို့တော့ ရသေးတယ်လေ။

မြိတ်မြို့ကို ရောက်ပြီဆိုရင် ကျွန်းတွေကို လည်ဖို့စီစဉ်ရပါလိမ့်မယ်။ ကျွန်းတွေကို လည်မယ်ဆိုရင် တရက်အပြည့်၊ နှစ်ရက် အပြည့်လည်တာဆိုပြီး ခရီးသွားလုပ်ငန်းတွေဆီမှာ Package တွေ ရှိပါတယ်။ ကိုယ် အဆင်ပြေသလို ရက်ရွေးပြီး လည်လို့ ရပါတယ်။ ရောက်တဲ့နေ့မှာတော့ မြိတ်မြို့ပေါ်နဲ့ သိပ်မဝေးတဲ့ ပထော်ပထက်ကျွန်းကို လည်လို့ရပါတယ်။ မြိတ်ဆိပ်ကမ်းကနေ ခဏပဲ စက်လှေစီးရင် ရောက်တဲ့ ဒီကျွန်းမှာ လျောင်းတော်မူ ရုပ်ပွားတော်ရှိတာမို့ သွားရောက် ဖူးမြော်လည်ပတ်လို့လည်း ရပါတယ်။

နောက်တရက်မှာတော့ ကျမတို့က တရက်အပြည့်လည်တဲ့ ခရီးစဉ်ကိုပဲ ရွေးထားတာဖြစ်လို့ မြိတ်ဆိပ်ကမ်းကနေ ဒုံးကျွန်း၊ (ဒုံးရေတံခွန်)၊ ဒုံးညောင်မှိုင်းရွာလို့ခေါ်တဲ့ မော်ကင်းရွာနဲ့ Smart ကျွန်းခေါ် ပန်ပက်ကျွန်းကို သွားလည်ကြပါတယ်။ ဒီလို လည်ပတ်ဖို့အတွက်၊ ရန်ကုန်ကနေလည်း ကြိုတင်စီစဉ်လို့ရသလို ဟိုရောက်မှ စီစဉ်လည်း ရပါတယ်။

မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းတွေ အများကြီး ရှိတာမို့ ကိုယ်ကြိုက်တဲ့ ဒီခရီးစဉ်အတွက် ရွေးချယ်သွားနိုင်ပါတယ်။ ခရီးစဉ် တရက်အတွက် တဦးကို ကျပ် ၇ သောင်း ပေးရပါတယ်။ ဒီခရီးဟာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းတွေက တည်းခိုရာနေရာထိ လာကြိုပါတယ်။ ခရီးစဉ်အတွင်း ဧည့်လမ်းညွှန် သုံးယောက်လောက် ပါပါတယ်။ စပိဘုတ် စောင့်နေတဲ့ မြိတ်ဆိပ်ကမ်းကနေ ထွက်ကတည်းက ဧည့်လမ်းညွှန်ကစပြီး ခရီးစဉ်အကြောင်း ရှင်းပြပါတယ်။

ကျမတို့ ရွေးချယ်လိုက်တဲ့ ကျွန်းတွေက မြိတ်မြို့ကနေ ဝေးတယ်လို့ပြောရမှာပါ။ စပိဘုတ်နဲ့ အနည်းဆုံး ၂ နာရီခွဲလောက် စီးရပါတယ်။ ဒီကျွန်းတွေကို ရွေးချယ်သွားလာရမှာလည်း ပင်လယ်ရေတက်ရေကျ အခြေအနေတွေကို ခန့်မှန်းပြီး ဦးစားပေး ခရီးတွေကို ဧည့်လမ်းညွှန်က ရွေးချယ်ရပါတယ်။ လမ်းတလျှောက်လည်း ကော်ဖီ၊ မုန့် စတာတွေနဲ့ ဧည့်ခံပါတယ်။ နေ့လည်စာလည်း ပါဝင်ပါတယ်။

ဒုံးရေတံခွန်

ဒုံးရေတံခွန်

ပထမဆုံးအနေနဲ့ ကျမတို့က ဒုံးရေတံခွန်လို့ခေါ်တဲ့ ဒုံးကျွန်းပေါ်က ရေတံခွန်ကို သွားလည်ပါတယ်။ ရေတံခွန်က သိပ်ကြီး လှတယ် မဟုတ်ပါဘူး၊ ဒါပေမယ့် ပင်လယ်ထဲကို စီးဝင်နေတဲ့ ရေချိူ ရေတံခွန် ဖြစ်တာရယ်၊ အဲဒီလို ရေတွေ ပင်လယ်ထဲ စီးဝင် နေပုံကိုက လှပနေတာမို့ ခရီးသွားလုပ်ငန်းတွေက ဧည့်သည်တွေကို ပြသဖို့ ခရီးစဉ်ထဲ ထည့်ထားပုံရပါတယ်။

ဒီရေတံခွန်ဟာ အထပ်ထပ်ဖြတ်ပြီးတော့ မော်တော်ပေါ်ကနေ ရေတံခွန် ကျောက်တုံးတွေပေါ်ကို ကုတ်ဖဲ့တက်ရင်း ထိပ်ကို ရောက်တဲ့အခါ ပင်လယ်ရဲ့ အလှအပကို သေချာခံစားရမှာပါ။ ခုဆို ကျောက်တုံးတွေပေါ်တက်ရင် ခြေချော် မကျအောင်လို့ လှေကားလေးတခု တပ်ဆင်ထားပါတယ်။ နာရီဝက်လောက် အချိန်ပေးလို့ ဓာတ်ပုံတွေရိုက်ကြနဲ့ ပျော်စရာပါ။

ပင်လင်ငါးဖမ်းစက်လှေတစီး

ပင်လယ် ငါးဖမ်းစက်လှေ

ကျမတို့ ဒုံးရေတံခွန်က ထွက်လာပြီးတော့ လမ်းမှာတွေ့ရတဲ့ ပင်လယ်ငါးဖမ်းစက်လှေနားကို စပိဘုတ်ကပ်ပြီး လေ့လာကြ ပါတယ်။ ပင်လယ်လုပ်သားတွေဟာ စက်လှေပေါ်မှာ တလကျော်ကြာ ငါးဖမ်းရင်း နေထိုင်ရှင်သန်ကြပါတယ်။ ဒီငါးဖမ်းလှေပေါ်က ငါးတွေ၊ ပင်လယ်သတ္တဝါတွေ အစုံ (ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ခရု၊ ဂုံး) စတာတွေ စုံပြီဆိုရင် လူကြုံ လှေနဲ့ မြိတ်မြို့ကို ရေခဲရိုက်ပြီး တင်ပေးလိုက်ပါတယ်။ သူတို့ဘဝတွေကလည်း သနားစရာပါ။ ဒါပေမယ့် သူတို့ လုပ်ငန်းခွင်မှာ မညည်းညူနိုင်ပါဘူး။ ဒီထဲကမှ သူတို့ အများဆုံး ဖမ်းယူရမိတာတွေက ပင်လယ်ငါးမျိူးစုံနဲ့ ကင်းမွန်ခေါ် ပြည်ကြီးငါးတွေ ဖြစ်ပါတယ်။

ကင်းမွန်တွေဟာ ညဘက်ဖမ်းရင် စက်လှေပေါ်က မီးလုံးတွေ အနားရောက်လာပြီး၊ အလင်းရောင်အောက်မှာ လမ်းပျောက်နေကြတာမို့ ဖမ်းရလွယ်ကူတဲ့ သတ္တဝါတွေလို့ ဆိုကြပါတယ်။ လတ်ဆတ်တဲ့ကင်းမွန်တွေကို လှေပေါ်မှာတင် အခြောက်လှမ်းထားတာတွေလည်း ရှိပါတယ်။

ဆလုံရွာ

ဒုံးညောင်မှိုင်းရွာ – ဆလုံရွာ

ကျမတို့ နာရီဝက်လောက် စပိဘုတ် စီးလိုက်တဲ့အခါမှာတော့ ကျမ ရောက်ချင်တဲ့ ဆလုံရွာကို ရောက်ပါပြီ။ စပိဘုတ် ကမ်းကို စကပ်ကတည်းက ကြည်စိမ်းမြနေတဲ့ ရေတွေ၊ ငွေရောင်တလက်လက် တောက်နေတဲ့ သောင်ပြင်ရှိတဲ့ ဒုံးညောင်မှိုင်းရွာဟာ တိတ်ဆိတ်လို့နေပါတယ်။ ဆလုံတွေဟာ ဘယ်မှာများနေပါလိမ့်။

ကမ်းပေါ်တက်တာနဲ့ စတွေ့တာက လူ့မစင်ပုံတွေရယ်၊ ခွေးတွေရယ် ဖြစ်ပါတယ်။ ပြီးတော့ ကမ်းစပ်မှာ ချထားတဲ့ ရေပိုက်လုံး သေးသေးတွေရယ်။ ဒါတွေကိုကျော်ပြီး ကမ်းစပ်က ရွာထဲကို ဝင်သွားတဲ့အခါမှာတော့ ဈေးဆိုင်လေးတွေလည်း တွေ့ရပါတယ်။ ကျမတို့ ဒီကျွန်းမှာ နေ့လည်စာ စားရမှာပါ။ ကျွန်းပေါ်မှာ အုန်းပင်တွေနဲ့ သာယာပါတယ်။ ဒီရွာလေးမှာ ဆလုံလူမျိူး နည်းနည်း၊ ကရင်နဲ့ မြန်မာလူမျိူးတွေ ရောနေကြပါတယ်။

မော်ကင်းခေါ် ဆလုံလူမျိူးတွေဟာ ကမ်းပေါ်မှာ ကြာရှည်နေတတ်သူတွေ မဟုတ်တော့၊ သူတို့ရဲ့ ကမ်းစပ်က ဆလုံအိမ် လေးတွေကို မြင်တဲ့အခါ လူ မရှိပါဘူး။ အိမ်လေးတွေ အောက်မှာတော့ လှေတွေ တွေ့ရပါတယ်။ ဒီရွာက ဆလုံတွေဟာ မြန်မာလို ပြောတတ်နေကြပါပြီ။ သေသေချာချာ မဟုတ်ပေမယ့် နားလည်ပြီး ပြန်လှန်ပြောနိုင်တဲ့ အနေအထားပါ။ အဲဒီမှာ တွေ့ခဲ့ရတဲ့ ဆလုံလင်မယားနှစ်ဦးထဲကမှ ဆလုံကြီးကတော့ ထမင်းစားရင်း အရက်သောက်နေပါတယ်။ သူတို့အသုံးပြုတဲ့ လှေလေးဟာ အရမ်းကြီးကြီးမားမားမဟုတ်ဘဲ လူဝင်နိုင်ရုံလောက်လေးပါ။ ဘေးမှာလည်း ခွေးလေးတကောင်နဲ့ လှေပေါ်မှာ မျောက်လေးတကောင်ကိုလည်း တွေ့ရပါတယ်။

ဆလုံလူမျိုး လင်မယားနှစ်ဦး

သူတို့ဟာ တလကျော်ကြာ ပင်လယ်ထဲသွားနေပြီး လှေထဲမှာပဲ ချက်ပြုတ်စားသောက်၊ အိပ်စက်ပါတယ်။ သူတို့မှာ ကလေး ၂ ယောက် ရှိပြီး သူတို့ လင်မယားကတော့ အသက် ၆၀ ကျော်ရှိပါပြီ။ ဆလုံအမျိူးသမီးကြီးကတော့ ၆၈ နှစ်လို့ ဆိုပါတယ်။

ကျမတို့ ခရီးစဉ်ရဲ့ လမ်းညွှန်ကတော့ ဆလုံအမျိူးသား အမျိူးသမီးအများစုဟာ သူတို့ မွေးနှစ်ကို မသိကြဘူးလို့ ဆိုပါတယ်။ သူတို့တွေဟာ အိမ်လေးတွေကို ခဏသာ ပြန်လာတာဖြစ်တဲ့အတွက် အဲဒီအိမ်လေးတွေမှာ အိမ်သာဆောက်လေ့လည်း မရှိပါဘူး။ ဒါကြောင့် သောင်ပြင်စပ်မှာ ကျမတို့ လူ့မစင်တွေ မြင်ခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ သူတို့သဘာ၀ အလေ့အထနဲ့သူတို့ကတော့ အဆင်ပြေနေတာပါပဲ။ လူနည်းစုဖြစ်လာတဲ့ ဆလုံတွေကို ကော့သောင် မြို့နားက ကျွန်းတွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ ရေငုပ်ကျွမ်းကျင်၊ ငါးဖမ်းကျွမ်းကျင်တဲ့ သူတို့တွေဟာ အခုဆို မြို့ပေါ်တွေရောက်လို့ ဆလုံကျွန်းတွေမှာ နေထိုင်သူ နည်းလာကြပါပြီ။

ကျမတို့ကတော့ ဆလုံရွာလေးမှာ လေ့လာစရာတွေလည်း အများကြီးရှိပေမယ့် အချိန်သိပ်မရတာကြောင့် အင်မတန် အရသာရှိတဲ့ ပင်လယ်စာ နေ့လည်စာကို စားအပြီးမှာ နောက်ကျွန်းတခုကို ဆက်ကူးခဲ့ရပါတယ်။

Snorkeling ပြုလုပ်နိုင်တဲ့ စမတ်ကျွန်း

စမတ်ကျွန်း (Snorkeling ဧရိယာ)

ဆလုံရွာကနေ နာရီဝက် လှေစီးတဲ့အခါ လှိုင်းလုံးကြီးတွေ မြင့်တက်လာတာကြောင့် စပိဘုတ်ပေါ်မှာ ခပ်ကြောက်ကြောက်နဲ့ စီးနင်းလာရပါတယ်။ ကျွန်းနဲ့နီးပြီး ရေငုပ်ဧရိယာရောက်တဲ့အချိန်မှာတော့ ရေထဲက အလှတရားတွေကို ကြည့်နိုင်မယ့် snorkeling ပစ္စည်းတွေပေးပါတယ်။ ပါးစပ်နဲ့အသက်ရှုနိုင်တဲ့ ကိရိယာနဲ့ အသက်ကယ် ဝတ်စုံပါ။

ကမ်းစပ်နဲ့ တော်တော်ဝေးသေးတဲ့နေရာမှာ စပိဘုတ်ကို ရပ်ထားတာမို့ ရေထဲကို ခပ်ကြောက်ကြောက်နဲ့ ခုန်ဆင်းပြီး ရေထဲကို ငုပ်ကြည့်တဲ့အခါ အင်မတန်လှပတဲ့ ရောင်စုံငါးတွေ ကျောက်ခက်တွေက ဖမ်းစားသွားပါတယ်။ ရေကူးတတ်တဲ့ သူတွေအတွက် အဆင်ပြေပေမယ့် ကျမတို့လို မကူးတတ်တဲ့ သူတွေကတော့ ဘောကွင်းတွေကိုင်ထား၊ အသက်ကယ်ဝတ်စုံတွေနဲ့ အလုပ်များလို့ပေါ့။

ဧည့်လမ်းညွှန်ကတော့ ကျမတို့ကို ကမ်းစပ်ကိုမသွားစေချင်ပါဘူး။ ကျောက်ဆောင်လား သံပခြုပ်လား မကွဲတဲ့ ရေထဲက သံပခြုပ်ကောင်တွေရဲ့ ဘေးအန္တရာယ်ရှိလို့ပါ။ကျောက်ဆောင်ရှမှာနဲ့ သံပခြုပ် ခြစ်ခံရမှာနဲ့ မကာမိလို့ ကျမတို့ ခပ်ဝေးဝေးမှာပဲ ကူးကြပါတယ်။ ကြည်လင်နေတဲ့ ရေတွေထဲမှာ ရေငုပ်ရတာဟာ ဘာနဲ့မှ လဲမရတဲ့ အရသာပါ။ မိနစ် ၄၀ လောက် ရေငုပ်ပြီးတော့ စမတ်ကျွန်း ကမ်းခြေကို သွားကြပါတယ်။

စမတ်ကျွန်း ကျောက်စရစ်ကမ်းခြေ

စမတ်ကျွန်းကို ၅ မိနစ်လောက် စပိဘုတ်နဲ့ ဆက်သွားတော့ ကမ်းခြေကို တွေ့ရပါတယ်။ ငွေရောင်သဲတွေ တောက်ပနေတဲ့ ဒီကမ်းခြေဟာ ရေထဲက တက်လာတာနဲ့ လှဲအိပ်ချင်စရာကောင်းအောင် လှပနေတာပါ။ ဒီကျွန်းမှာကမ်းခြေ နှစ်ဘက် ရှိပါတယ်။ နောက်ဘက်ကမ်းခြေက တကမ်းလုံး ကျောက်စရစ်တွေ အလိုလျောက်ဖြစ်နေတဲ့ ကျောက်စရစ်ကမ်းခြေပါ။

သိပ်လှတဲ့ ကျောက်စရစ်ခဲတွေနဲ့ ရေလှိုင်းတွေ တဝုန်းဝုန်း တက်နေတဲ့ ကမ်းခြေမှာ ကျမတို့ သဘာဝအလှကို တစ်စိမ့်စိမ့်ကြည့်ခဲ့ကြပါတယ်။ ပြီးတာနဲ့ တဘက်က ငွေရောက်တောက်နေတဲ့ ကမ်းခြေမှာ ၂ နာရီနီးပါး ထိုင်ပြီး သဘာဝရဲ့ မပျက်စီးသေးတဲ့အလှကို လှိုင်းစီးရင်း ခံစားခဲ့ပါတယ်။ သိပ်လှတဲ့ ကျောက်ဆောင်တွေကြားလည်း အလှပုံတွေ ရိုက်ခဲ့သေးတာပေါ့။

စိတ်မကောင်းစရာတခုကတော့ ကျွန်းကို လာလည်ပတ်တဲ့ သူတချို့ ပစ်ထားခဲ့တဲ့ ဘီယာပုလင်းတွေတွေ့တာပါ။ လူတွေ လာရောက်လည်ပတ်တာ များလာရင် ပတ်ဝန်းကျင် ပျက်စီးမှာကိုတော့ စိုးရိမ်မိပါတယ်။ မီးပုံပွဲတွေလုပ်ရင်း အမှိုက်တွေ ပစ်ချထားခဲ့မှာကိုလည်း စိုးရိမ်မိပါတယ်။

စမတ်ကျွန်းမှ ကျောက်စရစ်ကမ်းခြေ

အပြန်

မြိတ်မြို့ကို ကျမတို့ နေ့လည် ၂ နာရီခွဲကျော်မှာ ထွက်ခဲ့ပါတယ်။ လမ်းမှာ လှိုင်းနည်းနည်းရှိပေမယ့် အဆင်ပြေပြေ ပြန်လာနိုင်ခဲ့ပါတယ်။ မြိတ်ဆိပ်ကမ်းကိုတော့ ညနေ ၅ နာရီမှာ ရောက်ပါတယ်။ ကျမတို့ မရောက်ဖြစ်တဲ့ ကျွန်းတွေထဲမှာ ဆိုရင် ပိန္နဲကျွန်း၊ သမီးလှကျွန်း၊ ပုလဲကျွန်း၊ နှစ်ဘက်လှကျွန်း စတာတွေပါပါတယ်။ ရက်ရှည်ရှည် ယူပြီးသွားမယ်ဆိုလည်း လည်ပျော်တဲ့ နေရာတွေပါ။ ဘာပဲပြောပြော အင်မတန်လှတဲ့ မြိတ်ကျွန်းစုတွေကိုတော့ လုံးဝ မပျက်စီးသေးခင် အလည်အပတ် သွားရောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ။

(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading