Travel

မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ကောင်းမယ့် ကမ်းခြေခရီးစဉ်များ

ကြင်စဦး ဇနီးမောင်နှံတွေအနေနဲ့ မင်္ဂလာဆောင်ပြီး ဘဝမှာ အမြဲ အမှတ်တရဖြစ်နေမယ့် ကြည်နူးစရာ ပျားရည်စမ်းခရီး “Honeymoon Trip” သွားလေ့ရှိကြပါတယ်။ ဟန်းနီးမွန်းခရီးသွားတဲ့အခါ နှစ်ဦးသား အေးအေးဆေးဆေး အနားယူပြီး အပန်းဖြေနိုင်မယ့် ကမ်းခြေခရီးစဉ်မျိုးကို အသွားများကြပါတယ်။

ယခုအချိန်က ပွင့်လင်းရာသီ “ဒီဇင်ဘာလ” လည်း ဖြစ်တာကြောင့် ရာသီဥတု သာသာယာယာနဲ့ ပင်လယ် ကမ်းခြေဘက်တွေကို ဟန်းနီးမွန်းစုံတွဲတွေ ခရီးသွားများပါတယ်။ မင်္ဂလာဆောင်ထားတဲ့ ဇနီးမောင်နှံတွေအတွက် သွားရောက်လည်ပတ်လို့ကောင်းတဲ့၊ ဟန်းနီးမွန်းခရီးအတွက် အမှတ်တရ ဖြစ်စေမယ့် ကမ်းခြေခရီးစဉ်တွေကို ဧရာဝတီကနေ ဒီတပတ် ညွှန်းပေးချင်ပါတယ်။

ဘာလီကျွန်း/I Love Travelling Facebook Page

(၁) ဘာလီ ကမ်းခြေ

“အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းလေးရယ်…” ဆိုတဲ့ သီချင်းစာသားအတိုင်း သိပ်လှတဲ့ ဘာလီကျွန်းက အာရှမှာ နာမည်ကြီး အမိုက်စား ကမ်းခြေလေးတခုပါ။ ရန်ကုန်ကနေ ဘာလီကို သွားမယ်ဆိုရင် ဗီဇာလည်း မလိုသလို စရိတ်လည်း အရမ်းမများတာကြောင့် အခုနောက်ပိုင်း ဟန်းနီးမွန်း စုံတွဲတွေ ဘာလီကျွန်းကို ခရီးသွားနေကြပါပြီ။ Pre Wedding Photo တွေလည်း အများဆုံး သွားရောက်ရိုက်ကူးဖြစ်ကြတာကိုလည်း တွေ့ရပါတယ်။

“ဘာလီကတော့ ဟန်းနီးမွန်းသွားမယ်ဆို နံပါတ်တစ်ပဲ။ အဲဒီမှာ Activities တွေ အများကြီး လုပ်လို့ ရတယ်။ ဘာလီဆိုတာ ပုဂံနဲ့ ကလောကို ငပလီကိုရွှေ့ထားသလိုမျိုး။ ကမ်းခြေဆိုပေမယ့် ကမ်းခြေတခုတည်း လည်ရတာမျိုး မဟုတ်ဘူး။ ပုဂံလိုမျိုး Temple တွေလည်း ရှိတယ်။ ကလောလိုမျိုး စပါးခင်းတွေ တောင်ပေါ်တွေရှိတယ်” လို့ ရန်ကုန်- ဘာလီ ခရီးစဉ်တွေ စီစဉ်ပေးနေတဲ့ ET Tour Company မှ မန်နေဂျင်းဒါရိုက်တာ မမေဇွန်က ပြောပါတယ်။

ရန်ကုန်- ဘာလီ သွားမယ်ဆို လေယာဉ်လက်မှတ် အပါအဝင် (၄ ညအိပ် ၅ ရက် ခရီး) တဦးကို အမေရိကန်ဒေါ်လာ ၈၅၀ ဝန်းကျင်လောက် ကျသင့်မယ်လို့ သိရပါတယ်။

မော်လ်ဒိုက် ကမ်းခြေအလှ/I Love Travelling Facebook Page

(၂) မော်လ်ဒိုက် ကမ်းခြေ

မင်္ဂလာစုံတွဲတွေ ဒုတိယ အသွားများတာတော့ ကမ္ဘာမှာ “Paradise” လို့ တင်စားထားတဲ့ “Maldives” (မော်လ်ဒိုက်) ကျွန်းပါ။ မော်လ်ဒိုက်ကျွန်းကတော့ ဘာလီလိုမျိုး လည်စရာနေရာများများစားစား မရှိပေမယ့် လှပတဲ့ ရေပြင်ပြာပြာနဲ့အတူ ပင်လယ်ထဲမှာ လှပစွာတည်ရှိနေတဲ့ ကျွန်းငယ်လေးတွေမှာ သာသာယာယာနဲ့ အေးအေးဆေးဆေး အပန်းဖြေ အနားယူနိုင်ပါတယ်။

မော်လ်ဒိုက် ကမ်းခြေရဲ့ အပန်းဖြေဈေးနှုန်းတွေက (၃ ညအိပ် ၄ ရက်ခရီး) တဦးကို အမေရိကန် ဒေါ်လာ ၁၀၀၀ ကျော် ကျသင့်မယ်လို့ သိရပါတယ်။

ဖူးခတ်ကမ်းခြေ/I Love Travelling Facebook Page

(၃) ဖူးခတ် ကမ်းခြေ

မြန်မာနိုင်ငံနဲ့ မနီးမဝေး သွားရလွယ်ကူပြီး နိုင်ငံခြားသားတွေလည်း အသွားများ၊ စရိတ်လည်း အရမ်းမများတဲ့ ကမ်းခြေကတော့ ထိုင်းနိုင်ငံက ဖူးခတ်ကမ်းခြေပါ။ သိပ်လှတဲ့ သဘာဝကျောက်တောင် ကျောက်ဆောင်ရှုခင်းတွေနဲ့ လည်ပတ်စရာ ပေါများတဲ့ ထိုင်းနိုင်ငံ ဖူးခတ်ကျွန်းကိုလည်း ဟန်းနီးမွန်း စုံတွဲတွေ အသွားများကြပါတယ်။

Snare သီချင်းထဲက စာသားလို “ဘန်ကောက်မှာ Shopping ထွက်… ဖူးခတ်မှာ အနားယူ” ဆိုရင် သာသာယာယာ ဇိမ်ပဲပေါ့။ ရန်ကုန် – ဘန်ကောက် – ဖူးခတ်ခရီးစဉ်ကတော့ Tour Package နဲ့ အပြီးအစီး စရိတ်ငြိမ်းသွားမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၇၀၀ ကျော် လောက်ကျသင့်ပြီး ကိုယ့် အစီအစဉ်နဲ့ကိုယ်လည်း တွက်ချက်ပြီး သွားရောက် လည်ပတ်နိုင်ပါတယ်။

 

ဟွာဟင်း ကမ်းခြေ/I Love Travelling Facebook Page

(၄) ဟွာဟင်း ကမ်းခြေ

ထိုင်းနိုင်ငံမှာပဲ နောက်ထပ် လည်စရာကမ်းခြေတခုက ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ “Hua Hin” ဟွာဟင်းကမ်းခြေခရီးစဉ်ပါ။ ဘန်ကောက်မှာ အလည်အပတ် Shopping ထွက်ရင်းနဲ့ ဟွာဟင်းကို သွားရောက် လည်ပတ်နိုင်မယ့် ခရီးကို အခုနောက်ပိုင်း ဟန်းနီးမွန်းစုံတွဲတွေ အသွားများကြသလို မင်္ဂလာဆောင်မယ့် မောင်နှံ တွေလည်း Pre Wedding ဓာတ်ပုံများ သွားရိုက်ကြတယ်လို့ သိရပါတယ်။

ဟွာဟင်းကမ်းခြေရှိ Venice မြို့ကို ရောက်သွားသလို ခံစားရမယ့် The Venezia Theme Park/I Love Travelling Facebook Page

ဟွာဟင်းမှာဆိုရင် ကမ်းခြေ Beach Activities တွေအပြင် ဥရောပနိုင်ငံတွေထဲက Venice မြို့လေးကို ရောက်သွားသလို ခံစားရမယ့် The Venezia Theme Park၊ ဂရိနိုင်ငံမှာ တည်ရှိတဲ့ အမိုးပြာပြာ အိမ်ဖြူဖြူလေးတွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ Santorini Park စတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။

အမှတ်တရတွေ အများကြီး ဖန်တီးပေးနိုင်မယ့် ရန်ကုန်- ဘန်ကောက် – ဟွာဟင်း ကမ်းခြေခရီးကို သွားမယ်ဆိုရင်တော့ (၂ ညအိပ် ၃ ရက်ခရီး) တဦးကို အမေရိကန်ဒေါ်လာ ၃၀၀ ကျော်လောက် ကျသင့်မယ်လို့ သိရပါတယ်။

ဟလောင်း ပင်လယ်အော်/I Love Travelling Facebook Page

(၅) ဗီယက်နမ် ဟလောင်း

အာရှထဲမှာပဲ နောက်ထပ် လည်စရာကောင်းတဲ့ ကမ္ဘာ့အလှဆုံး နေရာတွေထဲမှာ တခု အပါအဝင် ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက Halong Bay (ဟလောင်း ပင်လယ်အော်) ခရီးစဉ်ကလည်း ဟန်းနီးမွန်း စုံတွဲတွေအတွက် သွားလည်သင့်တဲ့ နေရာတခုလို့ ညွှန်းချင်ပါတယ်။

ရန်ကုန် – ဟနွိုင်း – ဟလောင်း ခရီးစဉ်အတိုင်း သွားရောက်နိုင်ပြီး ဟလောင်းရောက်ပြီဆိုရင် ဟလောင်းရဲ့ သိပ်လှတဲ့ ပင်လယ်အော် အလှအပရှုခင်းတွေကို ကြည့်ရှုခံစားရင်း ကမ်းခြေမှာလည်း အပန်းဖြေ ရေဆော့ကစားနိုင်ပါတယ်။ ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကျောက်ဆောင်ကျောက်တောင် ရှုခင်းတွေကလည်း အံ့မခန်းပါပဲ။

ယူနက်စကို စာရင်းဝင်နေရာတခုဖြစ်တဲ့ “Halong Bay” မှာ ကမ်းခြေအပြင် သဘာဝထုံးကျောက် လှိုဏ်ဂူတွေကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ ရန်ကုန် – ဟနွိုင်း – ဟလောင်း ခရီးစဉ်သွားမယ်ဆိုရင် (၃ ညအိပ် ၄ ရက်ခရီး ) တဦးကို အမေရိကန်ဒေါ်လာ ၃၈၀ ဝန်းကျင် ကျသင့်မယ်လို့ သိရပါတယ်။

ညောင်ဦးဖီးကျွန်း/I Love Travelling Facebook Page

(၆) ညောင်ဦးဖီးကျွန်း

ပြည်ပက ကမ်းခြေခရီးစဉ်တွေကို ညွှန်းပြီးသွားပြီဆိုတော့ မြန်မာပြည်တွင်းထဲက သိပ်လှတဲ့ ညောင်ဦးဖီးကျွန်း ခရီးစဉ်ကို ညွှန်းပေးချင်ပါတယ်။ ညောင်ဦးဖီးကျွန်းက မြန်မာပြည်တောင်ဘက် အစွန်း ကော့သောင်းမြို့မှာ တည်ရှိပြီး ကော့သောင်း ကနေ သူဌေးကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ရဲမက်ကျွန်း စတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်းခရီးစဉ်တွေ သွားရောက် လည်ပတ်နိုင်ပါတယ်။

ဖြူလွှလွှသဲသောင်တွေနဲ့ Crystal လို ကြည်လင်သန့်ရှင်းနေတဲ့ ပင်လယ်ရေတည်ရှိရာ မြန်မာပြည်အတွင်းက အလှဆုံး ကျွန်းတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ရန်ကုန်ကနေ ရန်ကုန် – ကော့သောင်း- ညောင်ဦးဖီးကျွန်း ခရီးစဉ် ( ၃ ညအိပ် ၄ ရက်) တဦးကို အမေရိကန်ဒေါ်လာ ၃၆၀ ဝန်းကျင်လောက် ကျသင့်မယ်လို့ သိရပါတယ်။

ငပလီ ကမ်းခြေ အလှ/ဧရာဝတီ

(၇) ငပလီ ကမ်းခြေ

ကမ္ဘာပေါ်က အလှပဆုံး ကမ်းခြေတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ငပလီကမ်းခြေကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ သဘောကျ လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ကမ်းစပ်အထိ ပြာလဲ့နေတဲ့ ရေပြာပြာတွေနဲ့ သိပ်လှတဲ့ ငပလီ ကမ်းခြေက အခုဆိုရင် ပြည်တွင်း ခရီးသွား ဧည့်သည်တွေပါ သွားရောက်လည်ပတ်မှု များလာပါပြီ။

ငပလီမှာ ကမ်းခြေအပြင် လည်ပတ်စရာ ပုလဲကျွန်း၊ သဲဖြူကျွန်း စတဲ့ ကျွန်းခရီးစဉ်တွေကို သွားရောက် လည်ပတ် နိုင်ပါတယ်။ ငပလီကို သွားလည်မယ်ဆိုရင် Hotel Package ခရီးစဉ် (၂ ညအိပ် ၃ ရက် ခရီး) တဦးကို မြန်မာငွေ ကျပ်၂ သိန်းခွဲကျော် ကျသင့်မယ်လို့ သိရပါတယ်။

ငွေဆောင် ကမ်းခြေ/ဧရာဝတီ

(၈) ငွေဆောင် ကမ်းခြေ

ရန်ကုန်နဲ့လည်း မနီးမဝေး သွားရတာလည်း လွယ်ကူပြီး မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေတွေထဲကတခုဖြစ်တဲ့ ငွေဆောင် ကမ်းခြေခရီးစဉ်ကလည်း ပြည်တွင်းခရီးသွားဧည့်သည်တွေ ဟန်းနီးမွန်းခရီး ထွက်ကြတဲ့ ကမ်းခြေတွေထဲမှာ တခု အပါအဝင်ပါ။ ငွေဆောင်ကမ်းခြေက ၉ မိုင်ကျော် ရှည်လျားပြီး ငွေဆောင်မှာဆို ရေကူး၊ အပန်းဖြေပြီး အေးအေးဆေးဆေး အနားယူလေ့ရှိကြပါတယ်။

ဟိုတယ်ကနေ ကျွန်းခရီးစဉ်တွေ သွားချင်တယ်ဆိုရင် ငှက်ကျွန်း၊ တောင်လျားရှည်ကျွန်း၊ လိပ်ကျွန်း စတဲ့ ကျွန်းတွေဆီ Speed Boat နဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ ငွေဆောင်သွားလည်မယ်ဆိုရင် Hotel Package ခရီးစဉ် (၂ ညအိပ် ၃ ရက်ခရီး) တဦးကို မြန်မာငွေ ကျပ် ၁ သိန်း ၂ သောင်းကျော် ကျသင့်မယ်လို့ သိရပါတယ်။

ဒီလိုဆိုရင် ပြည်တွင်းပြည်ပက အလှဆုံး ကမ်းခြေခရီးစဉ်တွေကို သိထားပြီး ဘဝမှာ အမှတ်တရ ဖြစ်နေမယ့် ဟန်းနီးမွန်းခရီးစဉ်လေးကို ချစ်သူနဲ့ သာသာယာယာ ခရီးထွက်နိုင်ဖို့ ဧရာဝတီမှ အကြံပြု ရေးသားလိုက်ပါတယ်။ ။

Loading