ငပလီဆိုတာ မြန်မာပြည်က နာမည်ကြီး Commercial beach တွေထဲမှာ အစောဆုံး နာမည်ရခဲ့တဲ့ ကမ်းခြေတခုဆိုပေမယ့် သွားလာရခက်ခဲတဲ့အတွက် လေကြောင်းကနေတဆင့် လူတိုင်းသွားလာနိုင်တဲ့ အနေအထားမှာ မရှိခဲ့တာအမှန်ပေါ့။ ဒါပေမယ့် ယခုနှစ်ပိုင်းတွေမှာ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာရယ်၊ အပန်းဖြေခရီးသွားတွေ ပိုများလာတာရယ်ကြောင့် ငပလီကို ပုံစံအမျိုးမျိုးနဲ့ သွားလာလည်ပတ်နိုင်နေပြီလေ။
အရင်တုန်းက လေယာဉ်နဲ့လာဖူးပေမယ့် ကားနဲ့မရောက်ဖူးသေးလို့ ကျမတို့ မိသားစုကြီးက ပြီးခဲ့တဲ့လ ရုံးပိတ်ရက်မှာ ကားလမ်းကနေသွားကြည့်ကြဖို့ ကြံစည်မိပါတယ်။ ကားလမ်းကနေ သွားဖို့ဆိုတာက လမ်းကြောသိဖို့ရယ်၊ ဘယ်လမ်းကြောင်းကနေသွားမလဲဆိုတာရယ် အရင်ဆုံး စဉ်းစားရပါတယ်။ ပြီးတော့ လမ်းခရီးက လုံခြုံစိတ်ချရမှုရှိမရှိ၊ ကားလမ်းကြောပြတ်မပြတ်၊ စားသောက်ဆိုင်တွေရှိမရှိ၊ ဆိုတာတွေကလည်း ထည့်တွက်ရမယ့်အချက်ပါပဲ။ ဒါကတော့ မိမိအစီအစဉ်နဲ့ သွားမယ့်သူတွေအတွက် စဉ်းစားရမယ့်အချက်တွေပေါ့။
ကျမတို့ ရန်ကုန်ကနေ ကားနှစ်စီးနဲ့ မနက် ၅ နာရီကစပြီးထွက်ပါတယ်။ ကျမတို့ အသွားလမ်းကြောင်းအတွက် ရွေးချယ်လိုက်တာကတော့ ရန်ကုန်- ပုသိမ်လမ်းပေါ်ကနေ ရေကြည်- ငသိုင်းချောင်း- ဂွလမ်းကနေ တက်ပြီး ငပလီကိုသွားဖို့ပါ။ မြေပုံထဲက အခြေအနေအရဆိုရင် ဒီလမ်းကြောင်းက မိုင် ပိုတိုတာရယ်၊ ပုသိမ်လမ်းကလည်း ငွေဆောင်တို့ချောင်းသာတို့သွားရင် သွားနေကျလမ်းဖြစ်တာရယ်ကြောင့် ရွေးဖြစ်ခဲ့ပါတယ်။
လမ်းကြောင်းအခြေအနေလေး စပြောချင်ပါတယ်။ ဒီ လမ်းကြောင်းကို ရွေးချယ်ပြီးမှ လမ်းတိုပေမယ့် တော်တော်လေးကို ပင်ပန်းတာတွေ့ရပါတယ်။ အကြောင်းကတော့ မိုင်တိုင်တိုပေမယ့် လမ်းတွေက ကောက်ကွေ့လွန်းတော့ မောင်းရတာ Four wheels တောင် မသက်သာလှပါဘူး။
ကျမတို့ မနက်စောစောထွက်လာတာဟာ ရန်ကုန်ကနေ ငသိုင်းချောင်းမြို့အထိကို ၃ နာရီလောက်မောင်းရပါတယ်။ ငသိုင်းချောင်းလမ်းဆုံကနေ ဂွလမ်းဆုံထိ ၅၄ မိုင်- ရေနံ့သာ-ဂွလမ်းဆုံကနေ ရေနံ့သာကို ၈ မိုင် ၄ ဖာလုံ၊ တောင်ပေါ်လမ်းက မိုင် ၄၀၊ အဲဒီတောင်ပေါ်ကကျော်တော့ ဂွမြို့နယ်ကို ရောက်ပါတယ်။
လမ်းက မြေပြန့်လမ်းပေမယ့် အကွေ့ကောက်များလွန်းတော့ မိုင် ၈ဝ ကို အချိန်တော်တော်ယူရပါတယ်။ ကားက ခုန်လွန်းတော့ လူတွေဟာ ကိုင်ရိုက်ထားသလိုပါပဲ။ နေ့လည်စာအတွက်တော့ ဂွလမ်းက ကမ်းသာယာ အကျော် ကြွေချိုင်နားမှာရှိတဲ့ဆိုင်မှာ ပင်လယ်စာတွေရပါတယ်။ စိတ်ဝင်စားတယ်၊ လူလည်း မပင်ပန်းသေးဘူးဆိုရင်တော့ ကမ်းသာယာကမ်းခြေနဲ့ ကြွေချိုင်ကမ်းခြေတွေမှာ ဆင်းပြီး ဓာတ်ပုံရိုက်လို့ရတာပေါ့နော်။
တွေ့ခဲ့ရတဲ့ ကမ်းသာယာကမ်းခြေကတော့ အပျက်အစီးတွေကြားက တွေ့ရပါတယ်။ ကမ်းခြေက လှပေမယ့် လမ်းမကောင်း တာရယ်၊ သိပ်ကြီးလွန်းတဲ့ ကမ်းခြေလည်းမဟုတ်တော့ လူမလာကြလို့ ဆောက်လက်စ ဘန်ဂလိုတွေလည်း တွေ့ရပါတယ်။ ကမ်းသာယာ ဟိုတယ်ဆိုတဲ့ ဆိုင်းဘုတ်တောင် ရေညှိတွေ တက်လို့။
မောမောပန်းပန်းနဲ့ သံတွဲကိုရောက်တော့ ည ၇ နာရီဖြစ်နေပါပြီ။ လမ်းမှာ နားတာတွေပါ ထည့်ပေါင်းရင် စုစုပေါင်းကြာချိန် ၁၃ နာရီလောက်ရှိပါတယ်။ လေယာဉ်ခရီးဆိုရင်တော့ မိနစ် သုံးဆယ်သာသာပေါ့။ ဒါပေမယ့် ကုန်းလမ်းက သွားရတဲ့ခရီးဟာ အသစ်အဆန်းတမျိုးတော့ရပါတယ်။ ဒါကတော့ မမြင်ဖူးတဲ့ ဒေသအလှအပတွေပါ။
ကျမတို့ သွားတုန်းကတော့ နောက်ကျရခြင်းအကြောင်း အဓိကအချက်တွေက လမ်းပေါ်မှာ ကထိန်ပွဲတွေကြောင့်ရယ် လမ်းကအကွေ့အကောက်များလွန်းတော့ ထိန်းမောင်းနေရတာတွေကြောင့်ရယ်ပါ။ ငသိုင်းချောင်းကအတက် ရခိုင်ရိုးမ အဝင်မှာတော့ တောင်ထိပ်ကိုရောက်လေ ရှုခင်းလှလေပါပဲ။ ဧရာဝတီတိုင်းနဲ့ ရခိုင်နယ်စပ်အဝင်မှာ ဓာတ်ပုံလှလှ ရိုက်လို့ရနိုင်ပါတယ်။
ကျမတို့ သံတွဲကနေ ငပလီထဲကို ဝင်တော့ ညဘက်တော်တော်မှောင်နေပေမယ့် ငပလီဟာ အင်မတန်ကို ဥရောပ ဆန်တာမြင်ရပါတယ်။ ခပ်မှိန်မှိန်မီးရောင်တွေကြားက စိတ်ကူးယဉ်စရာကောင်းတဲ့ စားသောက်ဆိုင်တွေဟာ ၁၀ မိုင်ကျော်ဝေးတဲ့ ကျမတို့တည်းခိုရာ ဂျိတ်တောနားထိရှိနေတာဖြစ်လို့ ငေးမောရင်း ပါသွားရပါတယ်။
ကျမတို့တည်းတဲ့ သီးသန့် ဘန်ဂလိုလေးက ဂျိတ်တောဘက်မှာရှိတော့ တခြားဟိုတယ်ဇုံတွေကနေ တကူးတကလာရတဲ့ လှပတဲ့ ပုလဲကျွန်းကို အဝေးကြီး စက်လှေမစီးရတော့ဘဲ ကမ်းခြေကိုထွက်၊ ၁ဝ မိနစ်လောက်စီးလိုက်တာနဲ့ ရောက်ပါတော့တယ်။
ဂျိတ်တောအရပ်က တံငါရွာလေးဖြစ်တာကြောင့် ကမ်းခြေတလျှောက်ငါးညီနံ့တွေနဲ့ စက်လှေတွေကြောင့် ရေကူးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် နောက်ရက်ရောက်တာနဲ့ ကျမတို့က ပုလဲကျွန်းကို စက်လှေနဲ့ ကူးသွားကြပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ သဲတွေဟာ ဖြူစွတ်နေပြီး နင်းလိုက်တာနဲ့ အိစက်တဲ့ သဲရဲ့အရသာကို စခံစားရပါတယ်။ ငွေရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ သဲတွေနဲ့ ခရစ်စတယ်ရောင်လက်လက်ထနေတဲ့ ရေကြည်ကြည်ကြားမှာ ကျမတို့ ခဏတော့ ဘဝအမောတွေ မေ့သွားတာအသေချာပါပဲ။
ပုလဲကျွန်းကို တခြား နေရာတွေကနေ စက်လှေစီးရင် တစ်နာရီကျော်စီးရပါတယ်။ ဒီကျွန်းက ရေဟာ ကြည်လင်နေပြီး ကျောက်ဆောင်တွေကလည်းပေါပါတယ်။ မနက်ပိုင်း ရေတက်ချိန်မှာ Snorkeling ခေါ်တဲ့ ရေအောက်ကို ငုတ်ကြည့်လို့ရပါတယ်။ စက်လှေတွေပေါ်မှာ ရေငုတ်ရာမှာသုံးတဲ့ လေရှုကိရိယာတွေ ပေးပါတယ်။ ကျမတို့လည်း အရင်က ရေမငုတ်ဖူးတော့ သဘောကျနှစ်ခြိုက်မိကာ ကျောက်ဆောင်တွေကြားငုတ်ကြည့်ကြပါတော့တယ်။ ရောင်စုံ ငါးအကြားလေးတွေ ဟိုဒီကူးခတ်နေတာကြည့်ရင်း ကျောက်ဆောင်နဲ့ မတိုက်မိအောင်လည်း ငုတ်ရပါတယ်။
ကျမတို့ မနက် ၈ နာရီကနေ ပုလဲကျွန်းမှာ ရေငုတ်လိုက်ကြ၊ ရေကူးလိုက်ကြလုပ်နေတာ မနက် ၁၁ နာရီလောက်လည်း ရောက်ရော၊ မနက်ပိုင်းက ငုတ်ကြည့်နေရတဲ့ ကျောက်ဆောင်ကြီးတွေက ရေကျပြီးဘွားကနဲပေါ်လာတော့၊ ဟာ.. ဒီနေရာ ငုတ်နေတဲ့နေရာ၊ ဟာ.. ဒီကျောက်ဆောင်ကြီးက ဒီလိုပါလားနဲ့ ရယ်ရပါသေးတယ်။ ကျွန်းပေါ်မှာ အုန်းစိမ်းရည် ရတဲ့ဆိုင်တွေနဲ့ အစားသောက်ရတဲ့ ဆိုင်တွေရှိပေမယ့် ဈေးကြီးပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်အစီစဉ်နဲ့ကိုယ်ယူသွားတာ ပိုကောင်းပါတယ်။
ညနေပိုင်းကျတော့ ကျမတို့က ငပလီနေဝင်ချိန်ကြည့်ဖို့ မြပြင်ဆိုတဲ့ အရပ်ကို သွားပါတယ်။ သူက ငပလီအဝင်ကနေ ၅ မိုင်အကွာလောက်မှာ ရှိမယ်ထင်ပါတယ်။ ဒီနေရာက လူတိုင်း ရေကူးနိုင်သလို လွတ်လပ်စွာ လည်ပတ် ကြည့်ရှုလို့ရတဲ့နေရာပါ။ ဟိုတယ်ကြီးတွေနဲ့ ဝေးသေးတာမို့ ဒီနေရာမှာ သီးသန့် ရေကူးချင်ရင်လည်းရပါတယ်။ စားသောက်ဆိုင်တွေနဲ့ အပြည့်ရှိနေပြီး၊ ညဘက်ဆို မီးပုံပွဲတွေနဲ့ စည်ကားတဲ့နေရာပါ။ သိပ်လှတဲ့ ငပလီရဲ့နေဝင်ချိန်ကို ဒီလိုကုန်ဆုံးပါတယ်။
နောက်တရက်မှာ ကျမတို့ ငယ်ကတည်းက မြင်ရတဲ့ ငပလီရဲ့Trade mark ဖြစ်တဲ့ ရေသူမရုပ်ရှိတဲ့ ငပလီကမ်းခြေဘက်မှာ ရေသွားကူးကြပါတယ်။ ဒီနေရာက ငပလီအဝင်မှာပဲရှိပြီး၊ လင်းသာရွာနဲ့ နီးပါတယ်။ ဟိုတယ်ဇုံဘက် မရောက်ခင်နေရာဖြစ်ပြီးတော့ စားသောက်ဆိုင်တွေနဲ့ စည်ကားပါတယ်။ ဒီ ကမ်းခြေက ရေအရောင်ကလည်း ပုလဲကျွန်မှာလိုပါပဲ၊ တခုရှိတာက ဒီနေရာက လှိုင်းစီးလို့ကောင်းပါတယ်။ ကိုယ့်တကိုယ်လုံးရေထဲငုတ်ရင်တောင် ခေါင်းစခြေဆုံးမြင်နေရတဲ့နေရာပေါ့။ အေးဆေးအနားယူ၊ ရေကူးရင်း အပန်းဖြေကြပါတယ်။
ညနေပိုင်းကျတော့ ကျမတို့က သံတွဲက နာမည်ကျော် ဘုရားတွေဖြစ်တဲ့ တောင်ပေါ်က အံတော်၊နံတော်၊ဆံတော်ဘုရားနဲ့၊ ငပလီချိုင်ရဲ့အမြင့်ဆုံးနေရာက မတ်ရပ်ဘုရားကြီးပေါ်တက်ပြီးတော့လည်း ငပလီရဲ့ကမ်းခြေအလှ၊ လှေသမားတွေဘဝကို နေဝင်ချိန်မှာ ကြည့်ကြပါတယ်။
ဒီလိုနဲ့အိမ်ပြန်ချိန်ရောက်လာပါတယ်။ အသွားလမ်းက ပင်ပန်းတော့ ကျမတို့က အပြန်လမ်းကို လူသိများတဲ့ သံတွဲ-တောင်ကုတ်- ပြည်လမ်းကို ရွေးလိုက်ပါတယ်။ သံတွဲကနေ တောင်ကုတ်ကို ၄၄ မိုင်ကျော်ဝေးပါတယ်။ သူက ရိုးမတောင်ရိုးကိုကျော်ဖြတ်မောင်းရတာပါ။ သံတွဲကနေ မနက် ၄ နာရီထွက်တာ တောင်ကုတ်ကို မနက် ၆ နာရီ ရောက်ပါတယ်။
အဲဒီလမ်းဟာ တောင်ပေါ်လမ်းဖြစ်ပေမယ့် အမြင့်ကြီးမဟုတ်ပါဘူး။ ရိုးမဖြစ်လို့ လမ်းတလျှောက်မှာ တောထဲက တောကောင်လေးတွေကို မြင်ရပါတယ်။ ကားမောင်းနေတုန်း ဖြတ်ပြေးတဲ့ တောခွေးတို့၊ ဂျီပေါက်လေးတို့လို အကောင်လေးတွေပါ။ သူတို့လေးတွေက လမ်းပေါ်တက် အိပ်နေကြတော့ ကားလာတာနဲ့ ပထမကြောင်ကြည့်နေပြီးမှ ထပြေးတာပါ။ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ မြိုင်ရာဇာတွတ်ပီကာတွန်းထဲက ရိုးမတောထဲရောက်နေသလိုလိုတောင် ခံစားရပါသေးတယ်။
လမ်းကကျဉ်းပါတယ်။တချို့နေရာတွေ မြေသားလမ်းပဲရှိပြီးပြင်နေတာတွေ့ရပါတယ်။ အဲဒီမှာ တကွေ့ကျတော့ မှောင်မည်းမည်းထဲ ရုတ်တရက် စွယ်စုံဆင်ကြီးတကောင် ကားရှေ့ပေါ်လာလို့ လန့်သွားကြပါသေးတယ်။ သူ့နောက်မှာလည်း ဆင်တွေပါလာတာနောက်မှမြင်ရပါတယ်။ သူတို့ကို တောဆင်ရိုင်းအဖွဲ့လို့ထင်မှတ်ခဲ့ပြီး မီးရောင်နဲ့ကျမှ ဆင်သမားတွေပါမှန်းသိရပါတော့တယ်။
တောကောင်လေးတွေကိုတော့ နေရာအတော်များများမှာတွေ့ရပါတယ်။ ဒီလမ်းက ကြမ်းသလိုဆိုပေမယ့် ဂွနဲ့သံတွဲကြား လမ်းထက် အများကြီးလမ်းသာပါတယ်။
ယခုလမ်းကတော့ မနက်အစောကြီးထွက်လာတော့ night safari ရောက်နေသလို တောင်ထင်ရပါသေးတယ်။ တောင်ကုတ်ရောက်တော့ သူက လမ်းဆုံမြို့မလို့ အဲကနေ အမ်း၊ ကျောက်ဖြူ၊ ပြည်၊ သံတွဲ ကြိုက်တဲ့နေရာလမ်းခွဲသွားနိုင်ပါတယ်။
တောင်ကုတ်နဲ့ ပြည်က မိုင် ၁၀၀ ဝေးတဲ့တောင်ပေါ်လမ်းပါ။ တောင်ကုတ်-တောင်ကြားလမ်းလို့ခေါ်ပါတယ်။ ဒီလမ်းက လမ်းကျဉ်းတယ်၊ အကွေ့များတယ်၊ ဒါပေမယ့် ရိုးမကြီးက မြင့်လွန်းတာကြောင့် ရှုခင်းတွေက သိပ်လှတာရယ်၊ လမ်းကလည်း အရမ်းကြမ်းတဲ့အထဲမပါလို့ သွားရတာ မခက်ခဲပါဘူး။ မနက်စာကိုတောင်ကုတ်မှာစားပြီး မနက် ၇ နာရီ ခွဲလောက်ထွက်လာကြတာ ပြည်ကို မနက် ၁၁ နာရီကျော်လောက်ရောက်ပါတယ်။
လမ်းတလျှောက်မှာ ကားကြီးတွေတော့ သေချာရှောင်ရပါတယ်။ ကားလမ်းတလျှောက်က အကွေ့တွေအဝိုက်တွေများလို့ သတိထားမောင်းဖို့တော့လိုပါတယ်။
ဒီလမ်းက တချို့တောင်ပေါ်ဆိုင်လေးတွေမှာ တောကောင်သားတွေ ရတတ်ပါတယ်။ အဲဒီနေ့က ဂျီသားတွေ နေလှမ်းထားတာတွေ့လို့ ကြပ်တိုက်ခါနီးအသားချောင်းအနည်းငယ်ဝယ်ခဲ့ပါသေးတယ်။
တောင်ကုတ်တောင်ကြားနေရာမှာ လဝက စစ်ဆေးရေးဂိတ်ရှိပါတယ်။ မှတ်ပုံတင်ဆောင်သွားပါ။
ပြည်ကိုအဝင် မင်းကြီးတောင်နဲ့ ဗေဒါရီဂူ၊ ဝန်ချတောင်၊ ရွှေဆံတော်စေတီတွေ ဝင်ခဲ့တော့ ပြည်ကနေ ထွက်လာတာက နေ့လည် ၂ နာရီဖြစ်ပေမယ့် မိုင် ၁၇၀ ဝေးတဲ့ ရန်ကုန်ကို ည ၁၀ နာရီ ပြန်ရောက်ပါတယ်။ ကျမတို့ ကားလမ်းကနေသွားခဲ့တဲ့ မိုင်အကွာအဝေးတွေကိုကြည့်ရင် ရန်ကုန်- ငသိုင်းချောင်း-ဂွ-သံတွဲလမ်းက မိုင်၂၄၅ မိုင်ခန့်နဲ့ ရန်ကုန် -ပြည်- တောင်ကုတ်- သံတွဲက ၃၂၃ မိုင်လောက်ရှိပါတယ်။ ကားနဲ့ သွားကြည့်ဖို့ ကြံစည်နေသူတွေဆိုရင် ကြိုက်ရာလမ်းကြောင်းရွေးချယ်ပြီး ငပလီအိပ်မက်ကို ဒီပိတ်ရက်မှာ မက်နိုင်ကြပါစေ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)