ရှမ်းပြည်နယ် အရှေ့ပိုင်း က လွိုင်မွေ လို့ခေါ်တဲ့ တောင်ပေါ်စခန်းမြို့လေးဟာ ကျိုင်းတုံ မြို့နဲ့ ၃၀ ကီလိုမီတာသာ ဝေးပါတယ်။ အခုလို ဒီဇင်ဘာကနေ ဇန်နဝါရီ အကူးအပြောင်း ကာလတွေဆိုရင် မြူနှင်းတွေ ထူထပ်တာကြောင့် လွိုင်မွေ စခန်းမြို့ကလေး မှာရှိတဲ့ အဆောက်အအုံတွေကို ကိုက် ၅၀ လောက်ကကြည့်ရင်တောင် ခပ်ရေးရေးသာ မြင်ရပါတယ်။
အခုဆိုရင် ချယ်ရီပန်းတွေကလည်း ၂၀၁၈ နှစ်သစ်ကို ကြိုဆိုနေတဲ့ အလား မြူနှင်းတွေကြားမှာ ရုန်းထ ပွင့်ဖူးနေတာ တွေ့ရမှာပါ။ မြူနှင်းတွေကြားက နီကျင်ကျင် အဆောက်အအုံတွေကတော့ တချိန်က ဗြိတိသျှတွေ တည်ဆောက်ခဲ့တဲ့ လွိုင်မွေ တောင်ပေါ်စခန်းမြို့လေးပေါ့။
လွိုင်မွေ တောင်ပေါ်စခန်းမြို့လေးကို ကျိုင်းတုံ ကနေ ကားနဲ့ သွားမယ်ဆို တနာရီသာ ကြာပါတယ်။ ကားလမ်း တလျှောက်မှာတော့ သဘာဝ ရှုခင်းတွေ၊ လှေကားထစ် လယ်ယာ စိုက်ခင်းတွေနဲ့ အလွန်လှပတဲ့ ဝန်းကျင်နေရာ တခုပါပဲ။
ဆွတ်ပျံ့တဲ့ တောတောင်ရနံ့တွေက ရင်ထဲထိ အေးမျှစေသလို မွန်းတည့်ချိန်အထိ ကွဲမသွားတဲ့ မြူနှင်းတွေ အကြား သာယာလှပတဲ့ ရှုမျှော်ခင်းတွေ၊ တောင်တန်းကြီးတွေအကြား သွားနေရတာဟာ သဘာဝ သက်ဝင်ပန်းချီကားကြီး ထဲမှာ လမ်းလျှောက်နေရသလိုပါပဲ။
သာယာလှပပြီး ချစ်စရာကောင်းတဲ့ လွိုင်မွေမြို့ကလေးဟာ ပင်လယ်ရေပြင် အထက် အမြင့်ပေ ၅၅၄၂ ပေ မြင့်တဲ့ တောင်တန်းပေါ်မှာ တည်ရှိပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ၁၈၈၅ မှာ ကိုလိုနီပြု သိမ်းပိုက်ပြီးနောက် ၁၈၉၁ ခုနစ် ဝန်းကျင်မှာ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေး စနစ်ဟာ ကျိုင်းတုံကို စတင်ေ ရာက်ရှိလာတာပါ။ အင်္ဂလိပ်တွေဟာ ကျိုင်းတုံစော်ဘွားနဲ့ တွေ့ဆုံပြီး နယ်မြေအုပ်ချုပ်ရေး အတွက် အကူအညီပေးမယ့် အကြောင်း ဆွေးနွေးပြီးနောက် စော်ဘွားက နယ်မြေဝင်ရောက်ခွင့် ခွင့်ပြုခဲ့ပါတယ်။
၁၉၀၁ ခုနစ်မှာတော့ အင်္ဂလိပ်တွေက ကျိုင်းတုံကို ကူညီအုပ်ချုပ်ဖို့ အတွက် အနီးဆုံး ဖြစ်တဲ့ လွိုင်မွေမြို့ကလေးမှာ ရုံးစိုက်ခဲ့ကြပါတယ်။ လွိုင်မွေကို ၁၉၁၈ ခုနစ် တွင် အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ကာလအတွင်း ကာနယ်ရောဘတ် က စတင် တည်ထောင်ခဲ့တာ လို့ သိရပါတယ်။
ရုံးစိုက်တဲ့ နေရာ ဖြစ်တဲ့ အလျောက် လွိုင်မွေ စာတိုက်၊ လွိုင်မွေ တိုက်နယ်ဆေးရုံနဲ့ လွိုင်မွေ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်း အပါအဝင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်း အဆောက်အဦးတွေရှိပါတယ်။
ကိုလိုနီအုပ်ချုပ်ရေး ကာလထဲမှာတော့ လွိုင်မွေမြို့လေးဟာ အလွန်စည်းကားတဲ့ မြို့ တမြို့ဖြစ်ခဲ့ပြီး အဲဒီအချိန် ကတည်းက လွိုင်မွေမြို့လေးမှာ ရှမ်း အပါအဝင် လာဟူး၊ အခါ လူမျိုးစုတွေ နေထိုင်ခဲ့ကြသလို မြို့နယ်ထဲမှာလည်း အဲဒီလူမျိုးစု ရွာတွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၀ ဝန်းကျင်မှာ စစ်အစိုးရ လက်ထက်မှာ တပ်စခန်းတွေ လာရောက် ဆောက်လုပ် တပ်စွဲခဲ့တဲ့ အချိန်က စပြီး ရှမ်းရွာအနည်းငယ်သာ ကျန်ရှိပြီး အများစု လားဟူ လူမျိုး၊ အာခါ လူမျိုး၊ ဝ လူမျိုး နဲ့ လိရှောတွေ သာ ကျန်ခဲ့ပါတယ်။
လွိုင်မွေ ကို လာရောက် လည်ပတ်တဲ့ အကြောင်းရင်းကတော့ ကိုလိုနီခေတ် ရုံးစိုက်တဲ့ မြို့တမြို့ဖြစ်ခဲ့တာက တကြောင်း၊ ရာသီဥတု ကလည်း နိုင်ငံခြားသားတွေ အကြိုက် ရှိတာက တကြောင်း ကြောင့်ပါ။
အခုလို အချိန်ဆိုရင် လွိုင်မွေမြို့ တည်ထားတဲ့တောင် တတောင်လုံး နီးပါး ချယ်ရီပန်းတွေ ပွင့်ဝေနေတာကြောင့် အလွန်ကို အေးချမ်းတဲ့ ဆောင်းရာသီနဲ့ အတူ သာယာလှပပြီး နေချင့်စဖွယ် ချစ်စရာနေရာ လေးတခု ဖြစ်ပါတယ်။