Travel

မကြာမီ ဖွင့်လှစ်တော့မည့် ဝှက်ကား သုံးဆင့်ရေတံခွန် ဆင်စခန်း

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးဆင့်ရေတံခွန်အနီး ဝှက်ကား-ဒီးဒုတ်အဆိုပြု ကြိုးဝိုင်းအတွင်းရှိ ဝှက်ကား သုံးဆင့် ရေတံခွန် အပန်းဖြေ ဆင်စခန်းကို ဇန်နဝါရီ ၂၀ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း ဒေသကြီး) မှ သိရသည်။

”တချို့ကိစ္စတွေ အဆင် မပြေတာလေးတွေကြောင့် ၁ ရက်နေ့မှာ မဖွင့်ဖြစ်ခဲ့ပါဘူး။ တရားဝင် မဖွင့်ခင် တပတ်လောက် အလိုမှာ အစမ်းသဘောမျိုး ဖွင့်သွားမယ်။ ဇန်နဝါရီလ ၂၀ ရက်မှာတော့ တရားဝင် ဖွင့်လှစ်ပေးသွားပါမယ်” ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောသည်။

အဆိုပါ စခန်းသည် မန္တလေးမြို့မှ ၂၇ မိုင်အကွာ၊ ကျောက်ချော-ရဲရွာ ကားလမ်းအတိုင်း အတွင်းသို့ ၉ မိုင် ၃ ဖာလုံခန့်မှ အရှေ့မြောက်ဘက် တမိုင်ခွဲခန့် အကွာ မကျည်းအင်း ကျေးရွာအတွင်း တည်ရှိပြီး ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ ဧည့်သည်များ အနေဖြင့် သုံးဆင့်ရေတံခွန် အနီး ၇ မိုင်ကမ်းခြေ စခန်း၊ ဒီးဒုတ်ရေပြာအိုင် စခန်း၊ သုံးဆင့် ရေတံခွန် အပန်းဖြေ စခန်းများသို့ လာရောက် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။

အဆိုပါ ဝှက်ကားသုံးဆင့်ရေတံခွန် ဆင်စခန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြေယာ အငြင်းပွားမှုများ ဖြစ်နေသောကြောင့် သတ်မှတ်ရက်အတွင်း မဖွင့်လှစ်နိုင်ခဲ့ဘဲ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

ဝှက်ကားသုံးဆင့် ရေတံခွန် ဆင်စခန်း၌ ဆင်များကို လေ့ကျင့်ပေးနေစဉ် (ဓာတ်ပုံ-ဒီလှိုင်းဝင်း၊ ဧရာဝတီ)

“ပြင်ဦးလွင်လာတဲ့ သူတွေ ၇ မိုင်ကမ်းခြေ၊ ဒီဒုတ်ရေပြာအိုင်စခန်း၊ သုံးဆင့်ရေတံခွန်အပန်းဖြေစခန်း တွေမှာ လာရောက် လည်ပတ် လေ့လာကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်၊ ဆင် ၆ ကောင်နဲ့ ဆင်စခန်းကို စဖွင့်မှာပါ” ဟု ဦးအောင်မြင့်ဌေးက ဆက်လက်ပြောသည်။

ယင်း ဆင်စခန်းမှာ စဉ့်ကူးမြို့နယ် မာလဲဆင်စခန်းမှ ဆင်များကို ပြောင်းရွှေ့ထားရှိမည် ဖြစ်ပြီး မြေဧက ၇၄ ဧက ရှိသောကြောင့်ဆင်များ အတွက် နေရာကျယ်ဝန်းသွားမည် ဖြစ်ကြောင်းနှင့် လာရောက်လည်ပတ်သူ များပြားနိုင်သည့် နေရာ ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေနိုင်မည့် ဆင်စခန်းတခု ဖြစ်လာမည် ဟု သိရသည်။

“နေရာကျယ်မှ ဆင်တွေ နေထိုင်ရတာ ကောင်းမယ်။ ဧည့်သည်တွေ ဆင်စီးရင် လုံခြုံစိတ်ချဖို့နဲ့ ထိခိုက်မှု မရှိအောင် အစစ အရာရာ တာဝန်ယူပေးသွားမှာပါ။ လုံခြုံရေး အတွက်လည်း စိတ်ချရအောင် ရေတံခွန်တွေနား အထိ ဝန်ဆောင်မှု ပေးသွားမှာပါ” ဟု ဦးအောင်မြင့်ဌေးက ဆက်လက်ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်းမြို့နယ်တွင် ယခင်က ဆင်စခန်းတခု ရှိခဲ့သော်လည်း ယင်း ဆင်စခန်းကို ၂၀၁၆ ခုနှစ် အတွင်းက ဖျက်သိမ်းခဲ့ပြီးနောက် ဝှက်ကားရေတံခွန် အနီးတွင် ဆင်စခန်း တခုဖွင့်လှစ်နိုင်ရန် မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) က ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းမှ အနားပေးလိုက်သော ဆင်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။

ဆင်စခန်းရှိ ဆင် ၆ ကောင်တွင် အသက် ၅၅ နှစ်ကျော် တကောင်၊ ၁၀ နှစ်မှ ၁၇ နှစ်အတွင်း ၅ ကောင်တို့ဖြစ်၍ စနစ်တကျ လေ့ကျင့်ထားကာ အယဉ်ပါးဆုံး ဆင်များဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပြီး ဆင်စခန်းအတွင်းတွင် စားသောက်ဆိုင်၊ ဆင်များကို အစာကျွေးနိုင်ရန် ဆင်အစာ ရောင်းချမည့် ဆိုင်များကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဆင်စခန်းမှာ ဧည့်သည် ညအိပ်လက်ခံဖို့ မရှိပါဘူး။ နေ့ခင်းပိုင်း လာရောက်လည်ပတ်ကြည့်ရှုနိုင်အောင် လုပ်ဆောင် ပေးမယ်။ နိုင်ငံခြားသား ခရီးသွားတွေလာရင်လည်း နေ့ခြင်းပြန်ပဲ။ ညအိပ်ဖို့လည်း နေရာက အဆင်မပြေပါဘူး။ ဆင်စခန်းထဲမှာ စားသောက်ဆိုင် ဖွင့်လှစ်ပေးထားဖို့ စီစဉ်ပေမယ့် အရက်သေစာ ရောင်းချခွင့် ပြုသွားမှာ မဟုတ်ပါဘူး။ အအေးနဲ့ အစားအစာတွေ ရောင်းချတဲ့ ဆိုင်တွေကိုပဲ ဖွင့် လှစ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မြင့်ဌေးက ဆက်လက်ပြောသည်။

ဝှက်ကားသုံးဆင့် ရေတံခွန် ဆင်စခန်း၌ ဆင်များကို လေ့ကျင့်ပေးနေစဉ် (ဓာတ်ပုံ-ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ဆင်စခန်းတွင် ဝင်ကြေး အဖြစ် ပြည်တွင်းဧည့်သည် ၁၀၀၀ ကျပ်၊ ဆင်စီးခ ကျပ် ၅၀၀၀၊ နိုင်ငံခြားသားများ အတွက် ဝင်ကြေး ကျပ် ၂၀၀၀၊ ဆင်စီးခ ကျပ် ၂၀၀၀၀ အသီးသီး ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း၌ ဆင်စခန်းများ တည်ထောင်ခြင်းနှင့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ယူရိုငွေ ၁ ဒသမ ၈ သန်း အသုံးပြု ဆောင်ရွက်မည့် နားလည်မှု စာချွန်လွာကို မြန်မာ့သစ်လုပ်ငန်းနှင့် FOUR PAWS International (FPI) တို့က ၂၀၁၇ နှစ် စက်တင်ဘာ ၁၉ ရက်က ရေးထိုးခဲ့ကြပြီး ပြည်တွင်းတွင် တည်ထောင်ပြီးသည့် ဆင်စခန်းများ ၁၀ ခု ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တည်ထောင်ပြီးသည့် ဆင်စခန်း ၁၉ ခု ရှိပြီး ယခုဖွင့်လှစ်မည့် ဝှက်ကားသုံးဆင့်ရေတံခွန် ဆင်စခန်း ဆင်စခန်းသည် ၂၀ ခုမြောက် ဆင်စခန်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading