ကမ္ဘာပေါ်မှာ သဘာဝအတိုင်း အဆန်းတကြယ် ဖြစ်နေတဲ့ အံ့သြစရာ ဟန်ချက်ညီ ကျောက်တုံးတွေ ရှိပါတယ်။။ ဒီလို ဟန်ချက်ညီ ကျောက်တုံးကို လူသားတွေ မဖန်တီးနိုင်ပါ။ ပြုတ်ကျလုတည်းတည်း သဘာ၀ အတိုင်း ဖြစ်ပေါ်နေတဲ့ ဒီကျောက်တုံးတွေက ရင်သပ်ရှုမော အံ့သြစရာလည်း ကောင်းသလို သဘာဝတရားရဲ့ အံ့ဖွယ် စွမ်းအားနဲ့ ဟန်ချက်ညီ တည်ဆောက်ထားတာကြောင့် သဘာဝရဲ့ အားအစွမ်းနဲ့ နီးကပ်ခံစားရစေနိုင်တယ်၊ ကံကောင်းစေတယ် လို့ ယုံကြည်တာတွေလည်း ရှိပါတယ်။ ဒီလို ကျောက်တုံးတွေ ကျောက်ဆောင်တွေကို ဘာသာရေးနဲ့ ဆက်စပ်ပြီး ကိုးကွယ်ကြတာလည်း ရှိခဲ့ပါတယ်။ လေ၊ နေ၊ ရေ၊ မီးတို့ တိုက်စားမှုကို ကြံ့ကြံ့ခံပြီး သဘာဝအတိုင်း ရှိနေဆဲ အံ့သြစရာ ကျောက်တုံးများ အကြောင်း ပြောပြပါမယ်။
(၁) Balanced Rock, Utah
အထက်မှာ ဖော်ပြထားတဲ့ မှိုပွင့်သဏ္ဌာန် ကျောက်တုံးက အမေရိနိုင်ငံ Utah ပြည်နယ်၊ အမျိုးသားပန်းခြံထဲမှာ ရှိနေတာပါ။ ပန်းခြံအဝင်၀ ကနေ ၉ မိုင်လောက် အဝေးမှာ တည်ရှိနေပါတယ်။ အမြင့် ၃၉ မီတာ ရှိပြီး ဟန်ချက်ညီ ဖြစ်နေတာက အောက်အထက် ၁၆ ဒသမ ၇၅ မီတာ အမြင့်မှာပါ။ အပေါ်ပိုင်း ကျောက်တုံးကြီးက ဘတ်စ်ကား ၃ စီးစာ အရွယ်လောက် ရှိပါတယ်။
(၂) Balanced Rock, Colorado
အထက်မှာ ဖော်ပြထားတဲ့ ကျလုတည်းတည်း အံသြစရာ ကျောက်တုံးကတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုး ပြည်နယ် ကော်လိုရာဒိုး စပရင်းမြို့ရှိ ဘုရားသခင်ရဲ့ ဥယျာဉ်တော်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ တည်ရှိတာပါ။ ပန်းခြံထဲကို ဖြတ်ဖောက်ထားတဲ့ မော်တော်ကာလမ်းဘေးမှာ ကပ်လျက်ရှိပြီး ခရီးသွားများကြား ထင်ရှားပါတယ်။
(၃) Balancing Rock, Digby, Nova Scotia
ကမ္ဘာ့မြေဆွဲအားကို အန်တုပြီး ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ ၉ မီတာ အရှည်ရှိ ကျောက်တိုင်ရှည်ကြီးက ကနေဒါနိုင်ငံ နိုဗာစကိုးရှား ပြည်နယ် စိန့်မေရီ ကမ်းခြေမှာ တည်ရှိပါတယ်။
(၄) Idol Rock, Brimham Moor
သဘာ၀ အတိုင်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြိုလုတည်းတည်း အသည်းယားဖွယ် ဖြစ်ပေါ်နေတဲ့ ကျောက်တုံး ကျောက်စိုင် ကျောက်တိုင်များစွာကို အင်္ဂလန်နိုင်ငံ မြောက်ယော့ခ်ရှိုင်းယား၊ Brimham Moorဒေသမှာတွေ့မြင်နိုင်ပါတယ်။ လေတွေ၊ ရေတွေ၊ ရေခဲတွေရဲ့ တိုက်စားမှုကြောင့် အောက်ခြေ သေးငယ်ပါးလျနေတဲ့ ကျောက်တုံးငယ်အပေါ်မှာ ကြီးမားပြီး ဆင်ပုံသဏ္ဌာန်၊ ရေမြင်းပုံသဏ္ဌာန်၊ ဝက်ဝံပုံသဏ္ဌာန်၊ မှိုပွင့်ကြီးတွေ ပုံသဏ္ဌာန် ကျောက်တုံးကြီးက ဟန်ချက်ညီ တည်ရှိနေတာပါ။
(၅) Mushroom Rock, Kansas
မှိုပွင့်တောင် ပန်းခြံလို့ မြန်မာလို အမည်ရတဲ့ Mushroom Rock State Park ဟာအမေရိကန် နိုင်ငံ အနောက်အလယ်ပိုင်း ကန်ဆပ်ပြည်နယ် Smoky Hills ဒေသမှာ တည်ရှိပါတယ်။ လေ ရေ စတဲ့ ရာသီဥတု တိုက်စားပြုပြင်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ဒီ မှိုကျောက်တုံး မှိုကျောက်ဆောင်တွေဟာ ပုံသဏ္ဌာန် အရွယ်အစား အမျိုးမျိုးနဲ့ ပန်းခြံထဲမှာ သဘာ၀ အတိုင်း ဖြစ်ပေါ်နေတာပါ။
(၆) Chiremba Balancing Rocks, Zimbabwe
ဇင်ဘာဘွေ နိုင်ငံ Harare မြို့၏ အရှေ့တောင်ဘက်ပိုင်း ၁၃ ကီလိုမီတာ အကွာမှာတော့ Chiremba ပုံဆောင်ကျောက် ဒေသ ရှိပါတယ်။ ဇင်ဘာဘွေ တဝှမ်းမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိနေတဲ့ ကျောက်တောင် ကျောက်ဆောင်တွေ အများအပြား ရှိနေပါတယ်။ သို့ပေမယ့် ဒီဒေသက တခြားဒေသတွေထက် ပိုမိုထူးခြားပြီး ကြီးမားအံ့သြဖွယ် ပိုကောင်းပါသတဲ့။
(၇) Mexican Hat, Utah
မက္ကဆီကန် ဦးထုပ်ပုံလို သဘာ၀ အတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင် တခုက အမေရိကန် အနောက်ဘက်ပိုင်း ယူတားပြည်နယ် ဘလပ်ဖ် အဝေးပြေးလမ်းမပေါ်မှာ တည်ရှိနေပါတယ်။ မက္ကဆီကန် ဦးထုပ်ဆိုတဲ့ အမည်အတိုင်း ပေ ၆၀ ပတ်လည်ရှိတဲ့ ကျောက်လွှာထပ်ပေါ်မှာ အဝန်း ၁၂ ပေ ရှိတဲ့ ကျောက်ပြားဝိုင်းက ဦးထုပ်သဏ္ဌာန် ဖြစ်နေတာပါ။
(၈) Devils Marbles, Australia
မာရ်နတ်ရဲ့ ကျောက်ဒိုး လို့ အမည်ရတဲ့ Devils Marbles ဆိုတဲ့ ကျောက်တုံးကြီး နှစ်တုံးကတော့ သြစတြေးလျမှာ ရှိပါတယ်။ သြစတြေးလျနိုင်ငံ မြောက်ပိုင်း Tennant ချောင်းရိုးရဲ့ တောင်ဘက်ပိုင်းဒေသမှာ သဘာ၀ အတိုင်း ဖြစ်ပေါ်နေတဲ့ အနီရောင် နှမ်းဖတ်ကျေက် ကျောက်တုံးကြီးတွေဟာ အလွန်ကြီးမားပြီး ထူးဆန်းစွာနဲ့ပဲ လိမ့်လုလု ကျလုလု အနေအထားပါ။
(၉) Kjeragbolten, Norway
နော်ဝေးနိုင်ငံမှာ ရှိတဲ့ Kjeragbolten ကျောက်တုံးကလည်း သဘာ၀ အတိုင်း တမျိုးတဘာသာ ထူးခြားအံ့သြဖွယ်ပါပဲ။ ၅ ကုဗမီတာ ရှိတဲ့ ကျောက်တုံးကြီး တတုံးဟာ Kjeragbolten တောင်ရဲ့ ကမ်းပါး ၂ ခုကြား ညှပ်မိနေသလိုမျိုး တွေ့နေရပါတယ်။ အဲဒီကျောက်တုံးကြီးရဲ့ အောက်မှာတော့ ၉၈၄ မီတာ နက်တဲ့ ချောက်ကြီးရှိနေပါတယ်။
(၁၀) Golden Rock, Burma
မြန်မာနိုင်ငံက မွန်ပြည်နယ် ကျိုက်ထိုမြို့ အနီးရှိ ကျိုက်ထီးရိုး စေတီကလည်း အံ့သြဖွယ်ထဲမှာ ပါဝင်သလို ဘာသာရေး အရလည်း ဗုဒ္ဓရဲ့ ဆံတော် ကိန်းဝပ်စံပယ်ရာ အထွတ်အမြတ် အဖြစ်လည်း ယုံကြည်ကြပါတယ်။ ကျောက်ကမ်းပါး စွန်းပေါ်မှာ တင်နေတဲ့ ကျောက်တုံးကြီးက ကမ္ဘာ့ဆွဲအားကို အန်တုပြီး အံ့သြဖွယ် တည်ရှိနေပါတယ်။
Ref: www.amusingplanet.com