မြန်မာနိုင်ငံ Travel Blogger များ စုစည်းဖွဲ့စည်းထားတဲ့ “Myanmar Travel Bloggers Club” မှ အာဆီယံ နိုင်ငံများမှ မီဒီယာ၊ Travel Blogger များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရဲ့ လည်ပတ်စရာ နေရာများ၊ အလှအပ ယဉ်ကျေးမှုများ နိုင်ငံတကာ သိရှိစေရန် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံ ၇ နိုင်ငံမှ မီဒီယာ၊ Travel Blogger စုစုပေါင်း အယောက် ၃၀ ကို မြန်မာနိုင်ငံသို့ အလည်အပတ် လာရန် ဖိတ်ခေါ်ထားတယ်လို့ “Myanmar Travel Bloggers Club” အဖွဲ့မှ စီစဉ်သူ တဦးဖြစ်တဲ့ “I Love Travelling” Page မှ Travel Blogger က မမေဇွန်က ဧရာဝတီကို ပြောပါတယ်။

အဆိုပါနိုင်ငံများမှ အလည်လာမယ့် မီဒီယာ၊ Travel Blogger များကို မြန်မာနိုင်ငံမှ အထင်ကရ ခရီးသွား နေရာများ ဖြစ်တဲ့ “ရန်ကုန်၊ ပုဂံ၊ အင်းလေး” စတဲ့ နေရာများကို သွားရောက် လည်ပတ်နိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
“ဖိတ်ခေါ်ထားတဲ့ မီဒီယာ၊ Travel Blogger တွေက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သူတို့နိုင်ငံတွေ ကနေ ရောက်လာမယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်စပြီး ခရီးသွားမယ်။ အဲဒီနေ့ ရန်ကုန်မှာ Sightseeing လုပ်မယ်။ မုန့်ဟင်းခါးစားတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ဆိုက်ကားစီးတာ စတဲ့ ရန်ကုန်ရဲ့ Activities တွေ လုပ်သွားမယ်။ နောက်ရက် ပုဂံသွားပြီး ပုဂံမှာ ၂ ရက်လည်မယ်။ အဲဒီကနေ အင်းလေးကို သွားမယ်” လို့ မမေဇွန်က ခရီးစဉ် အကြောင်းကို ပြောပါတယ်။
“Myanmar Travel Bloggers Club အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့တာကတော့ ကျမတို့ Travel Blogger တွေက အရမ်း စည်းလုံးကြတယ်။ ခရီးတွေ အတူတူ သွားကြတယ်။ တချို့ကိစ္စတွေမှာ ကျမတို့က အတူတူ စုပြီး လုပ်လို့ရတဲ့ အရာတွေ ရှိတယ်။ အားလုံးစုပြီး လုပ်တဲ့ Activities တွေကို ကျမတို့က အတူတူ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ” လို့ မမေဇွန်က ဆိုပါတယ်။
အဖွဲ့ဝင်များ အနေနဲ့ “I Love Travelling” မှ မမေဇွန်၊ “Travel By Naw Htike” မှ မနောထိုက်၊ “Nu Myat around the world” မှ မနုမြတ်သိင်္ဂီဦး၊ “My Khayee” မှ မချီလီ၊ “Hein the traveler” မှ ကိုဟိန်းသန့်၊ “Htoo, The Wanderlust” မှ ကိုထူးကို၊ “Thiha, the Traveller” မှ ကိုသီဟလုလင်၊ “Travel Kueen” မှ အိမ့်ချစ်ချော စတဲ့ Travel Blogger များနဲ့ Miss World Myanmar 2017 အလှမယ် အိကျော့ခိုင်တို့ ပါဝင်ပြီး အခြား ပါဝင်လိုသူများကိုလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ရန် ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။
ခရီးစဉ် ကုန်ကျငွေများနဲ့ ပတ်သက်ပြီး “ခရီးစဉ်အတွက် ကုန်ကျတဲ့ ဘတ်ဂျက်ငွေ တော်တော်များများ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဟိုတယ်တွေက စပွန်ဆာပေးပါတယ်။ Chatrium ဟိုတယ်က ပထမဆုံး ရောက်မယ့်နေ့နဲ့ အဲဒီည Welcome Dinner လုပ်ဖို့ စပွန်ဆာ ပေးထားတယ်၊ အပြန်ကို Sedona ဟိုတယ်က Thankyou Party လုပ်ဖို့ စပွန်ဆာပေးပါတယ်” လို့ မမေဇွန်က ပြောပါတယ်။
လေယာဉ်လက်မှတ်များ အတွက်လည်း သက်ဆိုင်ရာ လေကြောင်းလိုင်းများမှ ကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံမှလည်း ပြည်တွင်းလေကြောင်းလိုင်း အနေနဲ့ Air KBZ က ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်ကို အဓိက Main Sponsor အနေနဲ့ “ရွှေပြည်နန်း” သနပ်ခါးက ကူညီပံ့ပိုးထားတာ ဖြစ်ပြီး “မြန်မာ့သနပ်ခါး ဆိုရင် အာရှက ခရီးသွားဧည့်သည်တွေ တော်တော်များများ စိတ်ဝင်စားတော့ သနပ်ခါးကိုလည်း ဒီခရီးစဉ်မှာ Promote လုပ်ပေးသွားမှာပါ” လို့ မမေဇွန်က ဆိုပါတယ်။