လက်ရှိတွဲနေတဲ့ သင့်ရဲ့ချစ်သူက သင့်အပေါ် တကယ်ချစ်ရဲ့လား။ သူက သင့်ရဲ့ ဘဝလက်တွဲဖော် စစ်မှန်ရဲ့လား။ ကိုယ်နဲ့အတူ တသက်လုံး လက်တွဲသွားမယ့်သူ ဟုတ်ရဲ့လား။ အဖြေရှာ ကြည့်ချင်ရင်တော့ သူနဲ့အတူတူ ခရီးတခုလောက် ထွက်ကြည့်ပါတဲ့။
ချစ်သူမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေရဲ့ စိတ်ရင်းအမှန်ကို မြင်ချင်ရင် ခရီးတခါလောက် ထွက်ကြည့်တာနဲ့ မှန်းဆ နိုင်ပါတယ်။ ဒါဆို သင်နောက်ထပ် ထွက်မယ့် ခရီးစဉ်မှာ သူပါဖို့ ခုပဲ အစီအစဉ်ဆွဲလိုက်ပါ။
(၁) ခရီးစဉ်မှာ ပြဿနာတွေ ဘယ်လို ဖြေရှင်းမလဲ
ခရီးစဉ် အတိုလေးပဲ ဖြစ်ဖြစ်၊ ခရီးရက်ရှည်ပဲ ဖြစ်ဖြစ် သင်တို့နှစ်ယောက် အမြဲတမ်းတော့ သာယာနေမှာ မဟုတ်ပါဘူး။ ဆွဲထားတဲ့ ခရီးစဉ်အတိုင်း မဟုတ်ရင် နှစ်ယောက် ဘယ်လို ဖြေရှင်းကြမလဲ။ ရုတ်တရက် ပေါ်လာတဲ့ ပြဿနာတွေကို သူဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ပုံစံတွေနဲ့ ခရီးစဉ်မှာ သင်နဲ့အတူ ပြဿနာတွေ ဖြေရှင်းမလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။
(၂) ငွေကြေးကို ဘယ်လို စီမံခန့်ခွဲမလဲ
ဒီနေရာမှာ သူကော ကိုယ်ကော ပါလာတဲ့ ပိုက်ဆံကို ဘယ်နေရာတွေမှာ သုံးလဲဆိုတာ အကဲခတ်လို့ရမယ့် အခွင့်အရေးပါ။ ငွေကြေး ကိစ္စတွေဆိုတာ နောင်ရေးအတွက်လည်း လိုအပ်တာမို့ နှစ်ယောက် တစ်ဘဝ တည်ထောင်မယ့် ချစ်သူနှစ်ဦး အနေနဲ့ တဦးတယောက်ချင်းစီရဲ့ ငွေကြေး စီမံခန့်ခွဲပုံကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။
(၃) တဦးနဲ့တဦး လွတ်လပ်တဲ့ ကိုယ်ပိုင်အချိန် ပေးမယ်
ချစ်သူစုံတွဲဆိုတိုင်း အမြဲမခွဲပဲ အတူ တွဲနေကြမယ်ဆိုတာ သီချင်းထဲမှာပဲ ခံစားနားထောင်လို့ ကောင်းတာပါ။ တကယ်တော့ လူတိုင်းမှာ သူ့ကိုယ်ပိုင် Personal Space လေးတွေ လိုအပ်ပါတယ်။
ခရီးမှာလည်း သင်တယောက်တည်း သွားချင်တဲ့နေရာ၊ နားအေးပါးအေး အနားယူချင်တဲ့ အချိန်တွေရှိမှာ အသေချာပါပဲ။ ဒီလိုပဲ ကိုယ့်ချစ်သူမှာလည်း သူတယောက်တည်း နေချိန်တဲ့အချိန်မျိုး ရှိလာတဲ့အခါ အလိုက်တသိ ရှောင်ပေးလိုက်ပါ။
(၄) အပြင်မှာ တုံ့ပြန်တတ်တဲ့ အပြုအမူကို လေ့လာမယ်
တယောက်နဲ့ တယောက် လူကိုယ်တိုင် ဆုံဖြစ်ချိန်မှာ အမှတ်တမဲ့ သူဘယ်လို ပြန်တုန့်ပြန်မလဲ။ ဘယ်လို စကားလုံးတွေ ပြန်ပြောလဲဆိုတာ အကဲခတ် ကြည့်နိုင်ပါသေးတယ်။ ကိုယ်နဲ့ ဖုန်းထဲမှာ လေပေးဖြောင့်ပေးမယ့် အပြင်မှာ ထပ်တူ ကျမယ်လို့ မတွေးထားလိုက်ပါနဲ့။
(၅) ချစ်သူရဲ့ ပကတိ ပင်ကိုယ်စရိုက်တွေ သိရှိနိုင်တယ်
တချို့တွေက ကိုယ်တိုင် မမြင်ရတဲ့ ကြားခံနယ်အချိန်တွေမှာ ရွှန်းရွှန်းဝေအောင် ပြုမူတတ်ပေမယ့် ခရီးအတူ ထွက်ချိန်မှာ သူ့ရဲ့ပကတိ ပင်ကိုယ်စရိုက်တွေ တွေ့နိုင်တာမို့ အခုပဲ သင့်ရဲ့ လက်တွဲဖော်ချစ်သူက သင့်ဘဝ တလျှောက်လုံး လက်တွဲ သွားဖို့ အဆင်ပြေမပြေ လေ့လာနိုင်အောင် ခရီးတခု ထွက်ကြည့်လိုက်ပါလို့။ ။
Ref: Jovago