Travel

နွေရာသီ အားလပ်ရက်မှာ လည်ပတ်ဖို့ အကောင်းဆုံး နေရာများ

Want create site? Find Free WordPress Themes and plugins.

မူရင်းဆောင်းပါးမှာ ဧပြီလအတွက် လည်ပတ်ဖို့အကောင်းဆုံးလို့ဆိုပေမယ့် ကျနော်ကတော့ ပြည်တွင်း အနေအထားမှာ နွေရာသီလည်း ဖြစ်တယ်။ သင်္ကြန်လို နှစ်သစ်ကူး ပိတ်ရက်တွေလည်းများလို့ နွေရာသီ အားလပ်ရက်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေလို့ပဲ ဆိုပါရစေ။

(၁) ဝါရှင်တန်၊ ဒီစီ (Washington, DC)

အမေရိကန်ရဲ့ မြို့တော်ကြီးကို ဧပြီလအတွင်းမှာ ကမ္ဘာလှည့်ခရီးသွား သိန်းနဲ့ချီပြီး လာရောက်လေ့ရှိပါတယ်။ အကြောင်းကတော့ National Cherry Blossom Festival အလွယ်ပြောရရင် ချယ်ရီပန်းပွဲတော်ရှိလို့ပါ။ ၁၉၁၂ ခုနှစ်က ဂျပန်ကနေ ချယ်ရီပင် လက်ဆောင်ရခဲ့ပြီးကတည်းက နှစ်စဉ် ကျင်းပနေတဲ့ပွဲတော်ပါ။ ပွဲတော်ရက် အတွင်း စွန်လွှတ်ကြတယ်။ ဖျော်ဖြေရေးတွေပါတယ်။ ပြပွဲတွေနဲ့ စည်ကားလှပြီး အရင်နှစ်က ပွဲတော်လာသူ ၁.၅ သန်းလောက် ရှိခဲ့ပါတယ်။ အဆိုပါအချိန်မှာ အပူချိန်ကလည်း ၇၀ ဒီဂရီဖာရင်ဟိုက်နဲ့ အောက်မှာပဲရှိလို့ နေထိုင်လို့ ကောင်းပါတယ်။ ဧပြီ ၂၁ ရက်နေ့က National Parks Week ဖြစ်ပြီး National Mall ကိုလည်း လည်လို့ရမယ်၊ ပန်းခြံတွေကိုလည်း အခမဲ့ဝင်ခွင့်ရမှာပါ။

(၂) ချာလက်တန်၊ တောင်ကယ်ရိုလိုင်းနား (Charleston, South Carolina)

အမေရိကန်တောင်ပိုင်းနယ်မှာ နွေဦးရာသီလည်ပတ်ဖို့ အကောင်းဆုံးနေရာပါ။ ကမ်းခြေမှာ နေပူဆာလှုံဖို့လည်း အပူချိန်က သင့်တော်တယ်။ မြို့အတွင်းမှာလည်ပတ်ဖို့ရော သမိုင်းဝင်နေရာတွေ သွားစရာလည်းရှိတယ်။ ဧပြီ ၂၁ ရက်မှာ Festival of Houses and Gardens ဆိုတဲ့ ဒေသပွဲတော်ရှိပြီး အိမ်တွေ၊ ပန်းခြံတွေကို သွားရောက် လည်ပတ်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။

(၃) ကန်းဆက်စီးတီး၊ မစ်ဇူရီ (Kansas City, Missouri)

ကန်းဆက်နယ်မှာတော့ ဧပြီဟာ ပန်းတွေစုံတဲ့လ၊ ရာသီဥတု နွေးထွေးနေတဲ့လဖြစ်ပါတယ်။ အမေရိကန်ရဲ့ အလယ်ဗဟိုလို့ သတ်မှတ်နိုင်တဲ့ ဒီမြို့မှာ မိသားစုလိုက် လည်ပတ်သင့်တဲ့ ပြတိုက်တွေ၊ ပန်းခြံတွေ၊ ကန်းဆက် တိရစ္ဆာန်ရုံတွေ၊ Jazz ဂီတဖျော်ဖြေမှုတွေနဲ့ အစားအသောက်ကောင်းကောင်းတွေ ရနိုင်မှာလည်း ဖြစ်ပါတယ်။

(၄) ဟာဗာနာ၊ ကျုးဘား (Havana, Cuba)

ကျူးဘားရဲ့မြို့တော်က ပြောင်းလဲမှု မြန်ဆန်တိုးတက်လာပါတယ်။ ဧပြီမှာ ရာသီဥတုလည်း ကောင်းပါတယ်။ Old Havana ဆိုတဲ့ သမိုင်းဝင် လမ်းမတလျှောက်ကိုလည်း လည်ပတ်ဖို့ ကောင်းမယ်။ Plaza de Armas အဆောက်အဦကလည်း လေ့လာစရာတွေ အပြည့်ပါ။ ကမ်းခြေလည်း ရှိသေးတယ်ဆိုတော့ အဆင်ပြေပြီပေါ့။ လည်ပတ်ခဲ့ဖူးတဲ့ သူတွေကတော့ ဟာဗာနာနဲ့ အနီးတဝိုက်က ကျွန်းတွေမှာ သွားရောက်တည်းခိုတာ အကောင်းဆုံးလို့ ဆိုပါတယ်။ အင်တာနက်သုံးဖို့တော့ ခက်တယ်လို့လည်းသိရပါတယ်။

(၅) ဘယ်ပါရိုင်ဆို၊ ချီလီ (Valparaíso, Chile)

အိမ်ရောင်စုံရှိတဲ့မြို့လို့ လူသိများပါတယ်။ ချီလီရဲ့ ဆိပ်ကမ်းမြို့ပါ။ ပင်လယ်မြင်ကွင်း ကောင်းကောင်း ကြည့်နိုင်တယ်။ အတည်တကျနေထိုင်မှု မရှိသူတွေရဲ့ဓလေ့ကိုလည်း လေ့လာမြင်တွေ့နိုင်မယ့်နေရာပါ။ Ascensor လိုမျိုးနဲ့ ကေဘယ်လ်ကားတွေနဲ့ သွားလာလည်ပတ်ရမယ်။ သေချာတာကတော့ ဒီခရီးစဉ်က လေ့လာလည်ပတ်မှုထက် အပျော်ရှာခရီးသွားတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။

(၆) ရောမ၊ အီတလီ (Rome, Italy)

အီတလီရဲ့မြို့တော်ရှုခင်းကို အကောင်းဆုံး ကြည့်ရှုခံစားနိုင်မယ့် ကာလပါပဲ။ အပေါ်ထပ် အကျီ ၤပါးပါးနဲ့ လည်စီးတော့ လိုပါမယ်။ Colosseum နဲ့ Pantheon လို နေရာတွေကတော့ သင့်ရဲ့ စိတ်ကြိုက်ဖြစ်မယ့် လည်ပတ်စရာနေရာတွေပါ။ ဗာတီကန်ကိုလည်း အလွယ်တကူ သွားလာနိုင်သေးတယ်။ အဲဒီမှာ စိန့်ပီတာရဲ့ Basilica နဲ့ Sistine Chapel လို လည်ပတ်သွားလာစရာတွေ ရှိပါတယ်။ ပြီးတော့ ဧပြီမှာ Roseta Rose လို ပန်းခြံလည်းဖွင့်ထားပြီး ဒီပန်းခြံက မေလကုန်ဆို ပြန်ပိတ်တော့မှာဖြစ်လို့ နွေရာသီမှာပဲ လည်ပတ်နိုင်မယ့် နေရာပါ။

(၇) ဆိုက်ပရပ် (Cyprus)

မြေထဲပယ်လယ်နယ်ထဲက နိုင်ငံသေးလေးဖြစ်ပေမယ့် ဧပြီလအတွက်ကတော့ လည်ပတ်ဖို့ ကောင်းတဲ့ နေရာပါ။ ဒီအချိန်က ဆိုက်ပရပ်ကမ်းခြေမှာ နေပူဆာလှုံဖို့ရော လမ်းလျှောက်ဖို့ပါ အကောင်းဆုံးပါ။ Troodos လို တောင်ကြောတွေကိုလည်း သွားလည်နိုင်တယ်။ ရေတံခွန်လည်း ရှိတယ်၊ တောင်တန်း ရှုခင်း ကောင်းကောင်းတွေလည်း ခံစားနိုင်သလို တောလည်(အပျော်တမ်းအမဲလိုက်)မယ် ဆိုရင်လည်း ရနိုင် ပါသေးတယ်။

(၈) ကနေရီကျွန်း (Canary Islands)

မော်ရိုကိုကျွန်းမှာရှိတဲ့ ပြင်သစ်နဲ့ နီးစပ်တဲ့ စပိန်ပိုင်ကျွန်းပါ။ ရာသီဥတုအနေအထားက ဧပြီလမှာ ဥရောပထက် သာယာပါတယ်။ လည်ပတ်ဖူးသူတွေကတော့ ကာနရီနဲ့အတူ အဓိက လည်ပတ်စရာ အနီးအနား ကျွန်း ၇ ခုရှိကြောင်း ပြောပါတယ်။ ကမ်းခြေရဲ့အရသာ၊ ရိုးရာ အစားအစာတွေ၊ ရှုခင်းကောင်းကောင်းတွေ၊ Gran Canaria မှာရှိတဲ့ ညဈေးတန်း၊ Fuerteventura မှာ ရှိတဲ့ စွန်စီးပွဲ (လူလိုက်ပါစီးနင်းနိုင်တဲ့ စွန်ကြီးများ စီးနင်းပွဲ)၊ La Gomera မှာ တောင်တက်ခြင်းတွေ လုပ်ဆောင်နိုင်မှာပါ။

(၉) ဗစ်တိုးရီးရေတံခွန်များ (Victoria Falls)

ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနယ်စပ်မှာရှိပြီး လက်ရှိ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေတံခွန်အဖြစ် မှတ်တမ်းဝင် နေပါတယ်။ ဧပြီဟာ ဒီနယ်အတွက်တော့ ခြောက်သွေ့ရာသီပါ။ ဒီတော့ ရေစီးနည်းသွားတယ်။ လည်ပတ်ဖို့ရော ရှုခင်းရော ပိုကောင်းသွားစေပါတယ်။ နယ်စပ်မှာရှိလို့ ဇမ်ဘီယာဘက်ကနေ လည်မလား။ ဇင်ဘာဘွေ ဘက်ကနေ လည်မလား စဉ်းစားပါ။ နှစ်နိုင်ငံလုံး ဝင်ချင် ထွက်ချင်ရင်တော့ ဗီဇာအတွက် ဒေါ်လာ ၁၀၀ တောင်မကုန်ပါဘူး။

(၁၀) ပီနန်၊ မလေးရှား (Penang, Malaysia)

မလေးရှားပြည်နယ်တစ်ခုဖြစ်တဲ့ ပီနန်က အာရှမှာ ရိုးရာအစားအသောက်အတွက် လည်ပတ်ဖို့ အကောင်းဆုံး နေရာတခုပါ။ ဂျော့တောင်းကို ဖြတ်သွားတာနဲ့ ပျံကျဈေးသည်တွေ၊ အစားအသောက်ပွဲခင်းတွေ၊ လေဟာပြင်ဈေးတန်းတွေ အများကြီး တွေ့ရပါလိမ့်မယ်။ မလေး၊ တရုတ်နဲ့ အိန္ဒိယစာတွေကောင်းကောင်း ရနိုင်ပါတယ်။ မလေးစာ ဟင်းချိုကောင်းကောင်းလည်း သောက်နိုင်ပါတယ်။ သူက ဆန်ခေါက်ဆွဲကို အချဉ်ဦးစားပေးပုံစံ၊ အမွှေးအကြိုင်တွေ ထည့်ထားတယ်၊ မန်းကျည်းသီးပါတယ်၊ ကြက်သွန်တွေ၊ နာနတ်သီးတွေ၊ ပူစီနံ၊ ဂျင်း၊ မလေးရှားငပိတွေနဲ့ ချက်ပြုတ်ထားတာပါ။ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေလည်း လည်ပတ်စရာရှိတယ်၊ တောလမ်းတွေ၊ ပီနန်ယဉ်ကျေးမှုတွေကိုလည်းလေ့လာနိုင်ပါတယ်။

(၁၁) ထိုင်ဝမ် (Taiwan)

ပန်းမျိုးစုံနဲ့ ဝေဆာနေတဲ့ ပန်းခြံတွေက သင့်ကို ကြိုဆိုနေပါလိမ့်မယ်။ Yangmingshan National Park မှာ ဆိုရင် ထောင်ပေါင်းများစွာသော ချယ်ရီပင်တွေနဲ့ အဖြူ၊ အနီနဲ့ ပန်းရောင်အဆင်းရှိ ပန်းတွေပွင့်တဲ့ Azalea ပန်းပင်တွေနဲ့ ဝေဆာနေပါတယ်။ မီးတောင်ဒေသ အနီးတဝိုက်မှာရှိလို့ ရေပူစမ်းသမားတွေအတွက်လည်း စိတ်ကြိုက်ဖြစ်မှာပါ။ Beitou နဲ့ Wulai တွေကတော့ အကောင်းဆုံးနေရာတွေပါ။

(၁၂) တိုကျို၊ ဂျပန် (Tokyo, Japan)

ဧပြီဆိုတာ တိုကျိုအတွက် အထူးခြားဆုံးလပါ။ အကြောင်းကတော့ ချယ်ရီပန်းပွဲတော်တွေ ရှိနေလို့ပါ။ ပြီးတော့ မေလဆန်းမှာ ကျင်းပမယ့် ကလေးများနေ့အတွက် Koinobori ဆိုတဲ့ ငါးပုံစံ လေဖောင်းအိတ်တွေကို ပြင်ဆင်ချိတ်ဆွဲထားမှုကိုလည်း တွေ့နိုင်ပါမယ်။ ညပိုင်းမှာလည်း မြို့တော်ရဲ့ ညဈေး၊ ညလုံးပေါက် ပျော်ပွဲရုံတန်းတွေနဲ့ နောက်နေ့မနက် နေထွက်သည်ထိအောင် ပျော်ပါးနိုင်မှာပါ။

(၁၃) ဗဟိုအိုတာဂို၊ နယူးဇီလန်(Central Otago, New Zealand)

နယူးဇီလန်နယ်ရဲ့ တောတောင်ရေမြေတွေကို ကောင်းကောင်း ခံစားချင်ရင်တော့ ဗဟိုအိုတာဂိုနယ်ကို သွားလည်ရမှာပါ။ တောင်တန်းလှလှတွေ၊ တောင်ကြားလမ်းတွေနဲ့ သာယာလှပါတယ်။ ဧပြီဟာ ဆောင်းဦးရာသီဖြစ်နေပြီး သစ်ပင်နွယ်ပင်တွေက ဒီရာသီ်မှာ အစိမ်းရောင်ကနေ အနီ၊ လိမ္မော်၊ အဝါနဲ့ ရွှေအိုရောင်တွေအဖြစ် ပြောင်းလဲသွားလို့ ထူးခြားတဲ့ ရှုခင်းကောင်းကောင်း ခံစားနိုင်မှာပါ။ ရာသီဥတု ပြောင်းလဲမှုဟာနေ့လည်ဘက်တွေမှာ တောင်တက်ဖို့ရော စက်ဘီးစီးဖို့ရော အကောင်းဆုံး အရသာကို ရစေပါလိမ့်မယ်။

www.businessinsider.com တွင် ဖော်ပြထားတဲ့ 13 of the best places to visit if you’re planning a vacation in April ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading