ခရီးသွားခြင်းဟာ ဒေသန္တရ ဗဟုသုတတွေ ရှာဖွေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ရုံသာမက လက်ရှိအပူအပင် သောကတွေကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းကောင်း တခုပါ။ ငွေကုန်တာ တခုတည်းကို မကြည့်ဘဲ ခရီးသွားခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရနိုင်ကြောင်း ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် မျှဝေရေးသား လိုက်ပါတယ်။
(၁) ဦးနှောက်ကို Active ဖြစ်စေတယ်
အကြံဉာဏ်ကောင်းတွေ လိုချင်တဲ့သူ တော်တော်များများက ခရီးထွက်ကြပါတယ်။ လက်ရှိ အခြေအနေကနေ ပိုကောင်းတဲ့ နည်းလမ်းတခု ရှာဖွေဖို့ ခရီးထွက်ရင်း အတွေ့အကြုံ အသစ်တွေ ရှာဖွေကြမယ်။ နေရာအသစ်ကို သွားကြည့်မယ်ဆိုရင် သူ မတူတဲ့ အကြံဉာဏ်ကောင်းတွေ ထွက်လာပါလိမ့်မယ်။ လက်ရှိအလုပ်မှာ ငြီးငွေ့နေပြီ ဆိုရင် ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတခုကို ခရီးထွက်သင့်ပါတယ်။
(၂) အိုမင်းမှုရင့်ရော်မှုကို တားဆီးပေးတယ်
ခရီးထွက်ပြီး အနားယူခြင်းအားဖြင့် လူတင်မက စိတ်ပါ အနားရစေပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာကြောင့် အချိန်မတိုင်မီ အသက်အရွယ် ကြီးရင့်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ စိတ်ပျိုကိုယ်နု ဆိုသလို ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံနေရတဲ့ လက်ရှိဘဝထဲကနေ ခဏလောက် အနားယူဖို့ ခရီးထွက်ကြည့်ပါ။
(၃) ခရီးသွားခြင်းဟာ လေ့ကျင့်ခန်း လုပ်နည်းတခုပါ
သင်ဟာ ရုံးမှာအထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းနေတယ်ဆိုရင် တောင်တက်ခြင်း၊ ခြေလျင် လမ်းလျှောက်ခြင်း စတဲ့ ခရီးမျိုးကို ရွေးချယ်သင့်ပါတယ်။ သာမန် ဇိမ်ခံအနားယူရတဲ့ ခရီးထက် ဒီလိုကိုယ်လက် လှုပ်ရှားမှု လုပ်ရတဲ့ ခရီးမျိုး ရွေးချယ်ခြင်းဖြင့် သင်ဟာ ကိုယ်လက်လှုပ်ရှားမှုကို နှစ်သက်လာပါလိမ့်မယ်။
(၄) လူမှုဆက်ဆံရေး ပိုကောင်းလာမယ်
ခရီးထွက်ခြင်းဖြင့် သင်ဟာ လူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ပိုလွယ်ကူ လာပါလိမ့်မယ်။ တယောက်အကြောင်းကို တယောက် ပိုသိလာပါလိမ့်မယ်။ မာန်မာနတွေ၊ လက်ရှိဘဝက ပကာသနဂုဏ်ပုဒ်တွေကို ခရီးထွက်တဲ့ အချိန်မှာ ဘယ်သူမှ သယ်မလာကြတာကြောင့် ခင်မင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ အထူးသဖြင့် အသင်းအဖွဲ့တွေ စုစည်းပြီး ခရီးသွားကြတဲ့ အခါမျိုးမှာပါ။
(၅) ဘဝရဲ့ အဓိပ္ပာယ်ကိုပါ သိလာမယ်
မိသားစုနဲ့ အဆင်မပြေတဲ့သူတွေပါ ခရီးထွက်ခြင်းဖြင့် အိမ်ဟာကိုယ့်အတွက် ဘယ်လောက်အရေးပါလဲ ဆိုတာ သိလာပါလိမ့်မယ်။ “ဘယ်လောက်ပဲ ခရီးမှာပျော်ရွှင်နေပါစေ” အချိနိတန်ရင် အိမ်ကို သတိရစိတ် ဖြစ်လာမှာ မလွဲပါပဲ။ လူတဦး တယောက်ချင်းစီကို နားလည်ပြီး လေးစားရမှန်း သိမြင်လာပါမယ်။ သင်သိထားတဲ့ အသိဟာ သေးငယ် နေမှန်းလည်း သဘောပေါက် လာပါလိမ့်မယ်။
အထက်ပါ အကြောင်းအရာတွေက ခရီးထွက်ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ အခုက ခရီးသွားလို့ကောင်းတဲ့ ပွင့်လင်းရာသီထဲ ရောက်နေပြီဆိုတော့ လာမယ့် ကာလအတွင်းမှာ ခရီးများများ ထွက်ရင်း ဒေသန္တရ ဗဟုသုတတွေ စုဆောင်းနိုင်စေဖို့ ဆန္ဒပြုရင်း ရေးသားလိုက်ပါတယ်။ ။