နေ့ချင်းပြန် ခရီးသွားတာတွေ ခေတ်စားလာတဲ့ နောက်မှာ ရန်ကုန်မြို့မှာ နေထိုင်သူတွေကတော့ စနေ၊ တနင်္ဂနွေ၊ ဒါမှ မဟုတ် အစိုးရ ရုံးပိတ်ရက်တွေ ရပြီဆိုတာနဲ့ မြို့ပြကနေ ဘယ်ကို ထွက်ပြီး အပန်းဖြေရမလဲ ဆိုတာကို စဉ်းစားနေကြပါပြီ။
သိသာထင်ရှားတဲ့ မြင်ကွင်းကို ပြောပါဆိုရင်၊ ပိတ်ရက်ဆက်တိုက်တွေ ရှိတာနဲ့ အနည်းဆုံးတော့ နေ့ခြင်းပြန် ခရီးလေး ထွက်လိုက်ရမှ အာသာပြေမယ့် သူတွေ၊ ထွက်ခွာလာတဲ့ ကားတန်းတွေဟာ ရန်ကုန်- မန္တလေး အမြန်လမ်း တလျှောက် စည်ကားနေတာကို ဒီနှစ်ပိုင်းတွေမှာ ပိုမို မြင်တွေ့လာရတာပဲ ဖြစ်ပါတယ်။
ခရီးထွက်ခြင်း အကျိူးကျေးဇူးတွေကြောင့်လည်း လုပ်ငန်းခွင်ထဲ ကိုယ်၊ စိတ်ပင်ပန်းနေသူတွေ လန်းဆန်းတက်ကြွ လာတာကို လူမှုကွန်ရက်တွေမှာ တင်ကြတဲ့ သူတို့ရဲ့ အပျော်တွေကနေ တဆင့် မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ မွန်ပြည်နယ် ခရီးစဉ်လေး တခုအကြောင်း ပြောပြချင်ပါတယ်။
တကယ်တော့ မွန်ပြည်နယ်ထဲမှာ သွားလာ လည်ပတ်စရာတွေ ကတော့ အတော်များပါတယ်။ မွန်ပြည်နယ်ဟာ ရန်ကုန်ကနေ ခရီးထွက်မယ် ဆိုရင် နေ့ချင်းပြန် ဆိုလည်း သွားလည်လို့ ကောင်း၊ ၂ ရက်လောက် အချိန်ယူမယ် ဆိုရင်လည်း အဆင်ပြေတဲ့ နေရာ ဖြစ်နေပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင်ကနေ ကျော်ပြီး ဝေါမြို့နယ်ထဲကို စဝင်တာနဲ့ နာမည်ကျော် ကျိုက်ထီးရိုးဆံတော်ရှင်၊ စိမ်းလဲ့တင် resort ၊ သုဝဏ္ဏဘူမိ resort စတာတွေ အပြင် ဇင်းကျိူက်က ရေတံခွန်၊ မော်လမြိုင်မြို့တလျှောက်နဲ့ မုဒုံမြို့က ဝင်းစိန်တောရ၊ ထိုင်တော်မူ ရုပ်ပွားတော်၊ သံဖြူဇရပ်က စစ်သချႋုင်း၊ သေမင်းတမန် ရထားလမ်းပြတိုက်၊ စက်စဲကမ်းခြေ၊ ကျိူက်က္ခမီ ရေလယ်ဘုရားနဲ့ ရေးမြို့က ကဗျာ၀ ကမ်းခြေ စတာတွေ လည်ပတ်လို့ရပါတယ်။ ဒီနေရာတွေကို လည်ပတ်ဖို့ အချိန် ၂ ရက်ပေးရင် ကောင်းကောင်း လည်ပတ်လို့ ရနေပါပြီ။
အဲဒီ နာမည်ကျော် နေရာတွေ အပြင် လူသွားနည်းသေးတဲ့ ပေါင်မြို့နယ်ထဲက ဆင်ရွာ ရေတံခွန် အကြောင်း ပြောပြပါမယ်။ အချိန်လည်း သိပ်မပေးရ၊ ခဏတဖြုတ် မြို့ထဲကနေ ထွက်ချင်တယ် ဆိုတဲ့ သူတွေ အတွက် ပေါင်မြို့နယ်ထဲက ဆင်ရွာရေတံခွန် ဆိုတဲ့ အပန်းဖြေ နေရာသစ် တခုကို ဘယ်လို သွားရမလဲ ဆိုတာက စပြီးပြောပါမယ်။
မော်လမြိုင်လမ်းကနေပဲ ဖြစ်ဖြစ်၊ ဘားအံလမ်းခွဲကနေပဲ ဖြစ်ဖြစ် အဲဒီ ဆင်ရွာရေတံခွန်ကို သွားလို့ရပါတယ်။ ဘားအံ လမ်းခွဲကနေ သွားမယ် ဆိုရင် ဘားအံ – မုတ္တမ လမ်းခွဲကနေ ဝင်ရပါတယ်။ သူက ရန်ကုန်- မော်လမြိုင်လမ်းနဲ့ အပြိုင်ပါပဲ။ လမ်းက မော်လမြိုင်လမ်းလောက် မကျယ်ပေမယ့် ကတ္တရာလမ်း ဖြစ်လို့ သွားလာရတော့ လွယ်ပါတယ်။
ဒီလမ်းဟာ သထုံမြို့ကို အလွန်၊ တောင်တန်းကြီးတွေရဲ့ တဘက်ခြမ်းမှာ ရှိတဲ့ လမ်းပေါ့။ အဲဒီလမ်းက ဝင်ရင် တနာရီလောက် မောင်းရင် ပေါင်မြို့နယ်ထဲက ဆင်ရွာကို ရောက်ပါပြီ။ အတွင်းလမ်း အတိုင်း ၁၀ မိနစ်လောက် ထပ်မောင်းရင် ရေတံခွန်ရှိရာကို ရောက်ပါမယ်။ အတွင်းလမ်း ကလည်း ကျောက်ချောလမ်း ဖြစ်လို့ သိပ်တော့ မဆိုးလှ ပါဘူး။
မော်လမြိုင်လမ်းကနေ သွားမယ် ဆိုရင်တော့ ပေါင်မြို့နယ်ထဲက နတ်ကြီးချောင်ရွာကို ရောက်၊ နတ်ကြီးချောင်ရွာ ကနေ ညာဘက်ခြမ်း လမ်းကို ဝင်ရပါတယ်။ လမ်းက ခင်းပြီးစ ဖြစ်လို့ တော်တော် ကောင်းမွန်ပါတယ်။ မော်လမြိုင်လမ်းပေါ်ကနေ မိနစ် ၄၀ လောက်မောင်းပြီး ရင် ဆင်ရွာ အဝင်လမ်း စောစောက ပြောခဲ့တဲ့ ဆင်ရွာထိပ်ကို ရောက်ပါတယ်။
ဒီ ဆင်ရွာ ရေတံခွန်က အတော်မြင့်ပါတယ်။ ရေတွေက အမြင့်ဆုံးတောင်ထိပ် အထပ်ထပ်ကနေ ဆင်းလာပြီး အောက်ခြေမှာ စမ်းချောင်းလေးလို စီးဆင်းသွားပါတယ်။
အခုအချိန်က နွေရာသီဆိုတော့ ရေကတော့ နည်းနေပါတယ်။ မိုးရာသီကတော့ ရေများတာမို့ အတော်လှတယ် လို့ ဆိုပါတယ်။
အဲဒီနေ့က ရေတံခွန်အပေါ်ထိ တက်ဖို့ကလည်း အတော်မောလှတာ ဖြစ်လို့ အောက်က စမ်းချောင်းမှာပဲ ရေဆော့ကြရင်း ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ အောက်ခြေက စမ်းချောင်းလေးဟာ အရမ်းလှတယ် လို့ မပြောလိုပေမယ့် ကျောက်တုံး ကျောက်စိုင်တွေကြား စမ်းရေအေးအေး လေးတွေ စီးနေတာကတော့ သဘောကျစရာပါ။
ရေတံခွန်အောက်ခြေမှာ အရိပ်ရ အပင်တွေလည်းရှိတာမို့ ထမင်းချိုင့်တွေ ထည့်သွား၊ ဖျာခင်းပြီး တောတောင်ရနံ့နဲ့ စမ်းချောင်းလေးကြားမှာ အနားယူမယ် ဆိုရင်တော့ တနေ့တာအတွက် အပန်းဖြေလို့ ကောင်းတဲ့ နေရာလေးပါပဲ။ ရန်ကုန်ကနေ နေ့ချင်းပြန် လည်စရာ နေရာလေးတခု ပေါ့။ ရန်ကုန်က မနက်စောစော ထွက်သွား၊ ဆင်ရွာရေတံခွန်မှာ နေ့လည်စာ စားသောက်၊ အနားယူ၊ ညနေပြန်ထွက် လာရင် ညဦးပိုင်း လောက်ဆို ပြန်ရောက်ပါပြီ။
အဲဒီမှာ ပျော်ပွဲစား ထွက်ချင်သူတွေ အတွက် စားဖို့သောက်ဖို့ အတွက်လည်း ရေတံခွန်တောင်ခြေမှာ ဆိုင်လေးတွေ ရှိပါတယ်။ အခုချိန်က လူလည်း ရှင်းတဲ့ ကာလဆိုတော့ အေးအေးလူလူနဲ့ တောတောင်သဘာဝကို ရှုစားချင် ခံစားချင်သူတွေ အတွက်တော့ သွားကြည့်သင့်တဲ့ နေရာလေး တခုလို့ ညွှန်းချင်ပါတယ်။
မွန်းကြပ်တဲ့ ရန်ကုန်မြို့ကနေ ခဏလေး ပြေးထွက်ပြီး ပျော်ပွဲစားလည်းထွက်၊ တောတောင်သဘာဝကို လည်း ကြည့်ရှု စားခံစားရင်း ခရီးလည်း မပန်း၊ စရိတ်လည်း သိပ်မကုန်တဲ့ အပန်းဖြေခရီးလေးစဉ်လေး တခု သွားနိုင်ကြဖို့ ညွှန်းလိုက်ရပါတယ်။ ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)