ဟိုချီမင်းမြို့ဟာ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဖြစ်သလို အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုင်ဂုံလို့ လည်း သိကြပါတယ်။ ပြင်သစ် ကိုလိုနီနယ်မြေ တခုအဖြစ် သိကြပြီး Notre-Dame ဘုရားရှိခိုးကျောင်းနဲ့ ၁၉ ရာစု တုန်းက စာတိုက်ရုံးတွေနဲ့ အခြားသော ပြင်သစ် အနုပညာ အမြောက်အမြားကို တွေ့ရှိရမယ့် နေရာတခုပါ။
စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေနဲ့အတူ ကောင်းမွန်တဲ့ အစားအစာတွေကြောင့် အင်္ဂလန်နိုင်ငံသား ခရီးသွား စာရေးဆရာ တယောက်က ဟိုချီမင်းမြို့တော်ကို သွားလည်သင့်တဲ့ အချက် ၁၁ ချက် ရေးသားထားပါတယ်။
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ကို သွားလည်သင့်တဲ့ အချက် ၁၁ ချက်ကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) Ben Thanh Market
ဟိုချီမင်းမြို့ရဲ့အကြီးဆုံး ဈေးဖြစ်သလို အလယ်ဗဟိုမှာ တည်ရှိပြီး ဆိုင်ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ သက်တမ်း အကြာဆုံး ဈေးဖြစ်သလို ပင်လယ်စာ၊ ပန်း၊ အုန်းရည် အပြင် အဝတ်အစား၊ ပရိဘောဂနဲ့ အမွှေးနံ့သာ အစုံကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တံဆိပ်မျိုးစုံနဲ့ ကုန်ပစ္စည်း အစုံအလင် တွေ့ရှိရမှာဖြစ်ပြီး ခရီးသွား အများစုသွားရောက် လည်ပတ်တဲ့ နေရာ တခုပါ။
(၂) မော်တော်ဆိုင်ကယ်
ဟိုချီမင်းမြို့မှာ မော်တော်ဆိုင်ကယ်ပေါင်း ၇ ဒဿမ ၄ သန်းကျော် ရှိပါတယ်။ လူဦးရေက ၈ ဒဿမ ၄ သန်း ရှိပါတယ်။ မြို့ကို ရောက်ပြီဆိုတာနဲ့ လမ်းမမှာ မော်တော်ဆိုင်ကယ် စီးတဲ့သူတွေကို မျက်စိနောက်လောက်အောင် တွေ့ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခရီးသွားတွေအနေနဲ့ မြို့ကိုလည်ဖို့ မော်တော်ဆိုင်ကယ်ကို အသုံးပြုနိုင်ပြီး ငွေကုန်ကြေးကျလည်း သက်သာပါတယ်။
(၃) စစ်သမိုင်း ပြတိုက်
ဗီယက်နမ် စစ်ပွဲတုန်းက အမှတ်တရ မျိုးစုံကို ပြတိုက်မှာ လေ့လာတွေ့ရှိ နိုင်ပါတယ်။ ကြည့်ရှုရတာ တန်တဲ့ အချက်တွေထဲက တခုကတော့ ပဋိပက္ခ ဖြစ်တုန်းက အသတ်ခံခဲ့ရတဲ့ ဓာတ်ပုံဆရာ Tim Page ရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ပြတိုက်ရဲ့အပြင်ဘက်မှာဆိုရင် အမေရိကန်စစ်ကားတွေနဲ့ တိုက်လေယာဉ်တွေကို တွေ့ရမှာပါ။
(၄) ညအလှကို ခံစားခြင်း
မြို့ မှာ ဘားတွေအစုံရှိပြီး Pham Ngu Lao လမ်းကတော့ ကျောပိုုးအိတ်လွယ် ခရီးသွားတွေ အများဆုံး လည်ပတ်တဲ့ နေရာ တခုပါ။ အထပ်မြင့်မြင့်မှာ သောက်ချင်တယ်ဆိုသူတွေအတွက် Sky Bar တွေကလည်း မနည်းမနောပါ။ Saigon Saigon Bar နဲ့ Eon Heli Bar တွေကတော့ နာမည်ကြီးတွေပါ။
(၅) လမ်းဘေး အစားအစာ
မြို့ရဲ့လမ်းမ တဖက်တချက်ဆီမှာ လမ်ဘေးဆိုင်တွေ အများကြီးရှိပြီး ခရီးသွား အများစု စိတ်ဝင်စားတဲ့ နေရာ တခုပါ။ Banh Xeo, Banh trang me, Banh Khot ဆိုတဲ့ အစားအစာတွေကတော့ မြည်းစမ်းသင့်ပါတယ်တဲ့။
(၆) ဟိုတယ်
ပိုက်ဆံ ချွေတာချင်တဲ့ သူတွေအတွက် ဈေးနည်းတဲ့ Guest House တွေ ရှိသလို အကောင်းစား တည်းချင်တဲ့သူတွေ အတွက် ကတော့ အမေရိကန်သမ္မတ အိုဘားမား တည်းခဲ့တဲ့ InterContinental Saigon လည်း ရှိပါတယ်။
(၇) ကော်ဖီဆိုင်
ကော်ဖီ ကြိုက်နှစ်သက်သူတွေအတွက် အရသာမျိုးစုံနဲ့ ကော်ဖီတွေရှိတဲ့ ကေ်ာဖီဆိုင်၊ ပန်းဆိုင်နဲ့ စားသောက်ဆိုင် တစုတစည်းတည်း တွေ့ရှိနိုင်တဲ့ အဆောက်အအုံတွေလည်း ရှိပါတယ်။ အရင်က အစိုးရဝန်ထမ်းတွေနဲ့ စစ်သားတွေ သုံးခဲ့တဲ့ အဆောက်အအုံကို စားသောက်ဆိုင်အဖြစ် ပြန်လည်ပြင်ဆင်ထားတာ တွေ့ရမှာပါ။
(၈) တောရိုင်းတိရစ္ဆာန်
သမရိုးကျ မဟုတ်တဲ့ အစားအစာတွေ မြည်းစမ်းချင်သူတွေအတွက် မြွေဝိုင်နဲ့ အိမ်မြောင်၊ သမင်သားပေါက်လေးတွေ တွေ့နိုင်ပါတယ်။ အချို့ဆိုင်တွေမှာတော့ မိကျောင်းကို ချိတ်ဆွဲပြထားတာကို တွေ့နိုင်ပါတယ်။
(၉) Thich Quang Duc အဆောက်အအုံ
Thich Quang Duc မှာ နာမည်ကြီးတာ တခုကတော့ ဗီယက်နမ် တောင်ပိုင်းအစိုးရက ဗုဒ္ဓဘာသာတွေကို ဖိနှိပ် ညှင်းပန်းမှုတွေအပေါ် ကာကွယ်ဖို့ ကိုယ့်ကိုယ့်ကိုယ် မီးလောင်ပြီး အသေခံခဲ့တဲ့ ဘုန်းကြီးရဲ့ ရုပ်ထုပါ။
(၁၀) ခရီးသွားကုမ္ပဏီ
မြို့ကို အစုံရောက်ဖို့ အတွက်ဆိုရင် ခရီးသွားဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေနဲ့ ဆက်သွယ်သင့်ပါတယ်။ တချို့ ဂိုက်တွေက သင့်ကို မော်တော်ဆိုင်ကယ် အနောက်မှာ တင်ပြီး မြို့အနှံ့လိုက်ပြသလို ဗဟုုသုတမျိုးစုံကိုလည်း အချိန်တိုအတွင်း သိနိုင်ပါတယ်။
(၁၁) ကော်ဖီ
ဗီယက်နမ်ဟာ ဘရာဇီးပြီးရင် ကော်ဖီ တင်ပို့မှုမှာ ဒုတိယ အများဆုံးပါ။ ဟိုချီမင်းမြို့ မှာတင် ကော်ဖီဆိုင်ပေါင်း ထောင်ချီ ရှိနေပါတယ်။ သက်တမ်း အကြာဆုံး ကော်ဖီဆိုင်ကတော့ Cheo Leo ပါ။ ကော်ဖီချစ်သူတွေ အတွက်တော့ ဟိုချီမင်း ရောက်တာနဲ့ ကော်ဖီသောက်ဖို့ ကြိုးစားသင့်ပါတယ်။
ဒါတွေကတော့ ဟိုချီမင်းမြို့ရဲ့ စိတ်ဝင်စားဖွယ်ရာအချက်တွေပါ။ ဒါကြောင့် နိုင်ငံခြား သွားလည်ချင်သူတွေအတွက် ဟိုချီမင်းမြို့တော်ကို သွားလည်သင့်တဲ့ အချက် ၁၁ ချက် ရေးသားဖော်ပြ လိုက်ပါတယ်။