Travel

ငါးမည်ရ ပြည်ရွှေဘိုသို့ ခြေဦးလှည့်မိခြင်း

ရွှေဘိုလို့နာမည်ကြားလိုက်တာနဲ့ ကျမတို့တတွေ အရင်ဆုံး မျက်စိထဲမြင်လိုက်တာက ကုန်းဘောင် မင်းဆက်ကို တည်ထောင်တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ အမည် ငါးမျိုးနဲ့ နာမည်ကျော်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့ကြီးဆိုတာပေါ့။ ရန်ကြီးအောင်၊ ကုန်းဘောင်၊ မုဆိုးဘို၊ ရွှေဘို၊ ရတနာသိင်္ဃ ဆိုတာ ငယ်ကတည်းက ကျောင်းစာထဲမယ် အတော်နားစွဲခဲ့တဲ့ဒေသပါ။

ရွှေဘိုကိုရောက်ဖူး၊ လည်ပတ်ချင်နေတာကြာပါပြီ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်။ စစ်ကိုင်းမြို့အထိ ရောက်ပြီးရင် ရှေ့ဆက်မတက်နိုင်ဘဲ ရပ်ရပ်သွားတာဖြစ်လို့ ရွှေဘိုဟာ စိတ်ကူးထဲတင် ပုံဖော်တာပြီးပဲ ရောက်နေရပါတယ်။ တကယ်တမ်း ရောက်သွားတဲ့အခါကျတော့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းနဲ့ ကပ်သီးကပ်သတ် လည်ရသလိုဖြစ်ပေမယ့် စိတ်ကျေနပ် ရတယ်လို့ဆိုရပါမယ်။

ကျမတို့ သူငယ်ချင်းတွေ နေပြည်တော်ကနေ ရွှေဘိုကို သောကြာညနေဘက် ထွက်သွားလိုက်တာ ညဘက် ၁၀ နာရီလောက်ရောက်ပြီး အဲဒီတညကို ရွှေဘိုမြို့မှာ အိပ်ပါတယ်။ နောက်ရက်ကစပြီး ရတဲ့ အချိန်လေးအတွင်း လည်ပတ်ဖို့ အစီအစဉ်တွေ ဆွဲကြပါတယ်။ ရွှေဘိုဟာ စစ်ကိုင်းတိုင်းထဲက ခရိုင်မြို့ကြီးတမြို့ဖြစ်တာမို့လို့ တခြားမြို့တွေထက်စာရင် မြို့အင်္ဂါရပ် အကုန်ပြည့်စုံပြီး ကျယ်တယ်လို့ ပြောရပါမယ်။ အင်္ဂလိပ်ခေတ်က နယ်ပိုင်၊ အရေးပိုင်မင်းများ ရုံးစိုက်ရာမြို့ဖြစ်လို့လည်း သူက ကိုလိုနီခေတ် လက်ရာ အငွေ့အသက်တွေ ကျန်သေးတယ်လို့ ပြောရမှာပါ။

ပြည်တွင်းဖြစ် ချည်ထည်တွေဖြစ်တာမို့လို့ ရာသီဥတုနဲ့ ကိုက်ညီပြီးတော့ ဈေးလည်းသက်သာတယ်/ကျော်ဆုမွန်

ကျမတို့က ရွှေဘိုရောက်တဲ့အချိန်မှာ သွားချင်တဲ့နေရာတွေက များနေတော့ ဆက်စပ်ပြီး သွားရလွယ်မယ့် နေရာတွေကို စီစဉ်ရပါတယ်။ ရွှေဘိုသူ သူငယ်ချင်းမတွေ ပါလာတာဖြစ်လို့ လမ်းပျောက်မှာတော့ မစိုးရိမ် ရတော့ဘူး ပေါ့နော်။

အဲဒီပထမရက်မှာ ကျမတို့ရွေးလိုက်တာက ရွှေဘိုခရိုင်ထဲက နာမည်ကျော် ဆိပ်ခွန်အထည်တွေ ရက်လုပ်တဲ့ ဆိပ်ခွန်ရွာကို သွားလည်ဖို့ပါ။ ဆိတ်ခွန်ရွာကိုရောက်ဖို့ ကျမတို့ ရွှေဘိုမြို့ကနေ ၄၅ မိနစ်လောက် ကားမောင်းသွားရပါတယ်။ ဆိပ်ခွန်ရွာကြီးကို ဝင်တဲ့လမ်း တလျှောက်မှာ အရိပ်ရ အပင်ကြီးတွေ အစီအရီနဲ့မို့ လမ်းတလျှောက် ကြည်နူးရတာ မပြောပါနဲ့။ အညာမြေရဲ့ အငွေ့အသက် ထနောင်းပင်တွေ၊ လယ်ကွင်းတွေ၊ ကောက်ရိုးပုံတွေ ကောက်လှိုင်းတွေနဲ့ ကတော့ တကယ်ကို စိတ်ထဲမယ် ကျေနပ်ရတယ်လို့ ပြောရပါမယ်။

ဆိပ်ခွန်ရွာ ဆိုင်းဘုတ်ကိုမြင်တော့ One Village, One Product ဆိုတဲ့ “တရွာ၊ ထုတ်ကုန်တမျိုး” ဆိုတဲ့ အဆိုလေးကို ပြန်သတိရလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာတရွာကို နာမည်ကျော်ထုတ်ကုန် တမျိုးစီတော့ ရှိတတ်ကြတယ် မဟုတ်လား။ ဒီထဲမှာ ဆိပ်ခွန်ရွာက ထွက်တဲ့ ဆိပ်ခွန်ပုဆိုး၊ လုံချည် တွေဟာ ဈေးကွက်တော်တော် ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လေ။ ပြည်တွင်းဖြစ် ချည်ထည်တွေဖြစ်တာမို့လို့ ရာသီဥတုနဲ့ ကိုက်ညီပြီးတော့ ဈေးလည်းသက်သာတာဟာ ဒီထုတ်ကုန်အတွက် ဈေးကွက်ကောင်းကောင်း ရဖို့ ဖြစ်လာတာပဲပေါ့။

 

ဆိတ်ခွန်ရွာ/ကျော်ဆုမွန်

အမှန်တော့ ကျမက ဆိပ်ခွန်ရွာထဲက လက်ယက်ကန်းတွေကနေ ထုတ်လုပ်တဲ့ ဆိပ်ခွန်အထည်တွေကို လေ့လာချင်တာပါ။ ဖြစ်ချင်တော့ အဲဒီမှာ လက်ယက်ကန်းလုပ်သူတွေ ပမာဏက နည်းပါးသွားပါပြီ။ အချိန်တို အတွင်းမှာ ပမာဏ အများကြီးထုတ်နိုင်တဲ့ စက်ယက်ကန်းတွေကပဲ ဆိပ်ခွန်ရွာထဲမှာ စက်သံ တဂျိန်းဂျိန်းနဲ့ ဖြစ်နေပြီလေ။

ကျမတို့က စက်ယက်ကန်း ဆိုတာလည်း ဘယ်လိုလုပ်သလဲ ဝင်စပ်စုချင်တော့ အဲ့ဒီက ‘ဆင်နှစ်ကောင်’ စက်ယက်ကန်း လုပ်ငန်းထဲ ဝင်ကြည့်မိကြပါတယ်။ စက်ယက်ကန်း စက်ရုံဆိုတော့ လုပ်ငန်းစတာနဲ့ ကျယ်လောင်လှတဲ့ စက်သံတွေကြားမယ်၊ အလုပ်သမားတွေက ချည်ရောင်စုံတွေကို သူ့စက်အသီးသီးမှာ လိုက်စွပ်ပြီး အကွက်မျိုးပေါင်းစုံနဲ့ ဆိပ်ခွန်ချည်ထည် ပုဆိုးတွေကို ထုတ်လုပ်နေကြပါတယ်။ သူ့အဆင့်နဲ့သူ ယက်လုပ်ပြီးတဲ့ အခါမှာ ပုဆိုးကွင်းတွေ တပိုင်းစီဖြစ်အောင် ပြန်ကိုက်ကြပါတယ်။ အကွက်ပေါင်းစုံ၊ အရောင်ပေါင်းစုံနဲ့ ဆိပ်ခွန်အမျိုးသားဝတ် ပုဆိုးတွေဟာ ဈေးကွက်ထဲကို အစည်းလိုက်ဖြန့်ဖို့ အဆင်သင့် ဖြစ်တဲ့အထိ ကျမတို့ ဝင်ကြည့်ဖြစ်ပါတယ်။

စက်ရုံထဲက ထွက်လာတာနဲ့ ကျမတို့က ရွာစပ်လောက်ကို ဝင်ကြည့်ကြပါတယ်။ ရွာထဲက အိမ်တချိုမှာ ချည်တွေ အရောင်ဆိုးတဲ့ လုပ်ငန်းမျိုး၊ ဒါမှမဟုတ်၊ လက်နဲ့ ချည်လုံးတွေ ပြန်ထုတ်ကြတာမျိုးတွေ တွေ့ရပါတယ်။ စက်ယက်ကန်းအတွက် လိုအပ်တဲ့ ချည်ကုန်ကြမ်းတွေကို ပြန်သွင်းပေးကြတာမျိုးပါ။ အဲဒီအိမ်လေးတွေ ဝင်လေ့လာပြီးတော့ ကျမတို့က ဆိပ်ခွန်ထည်တွေ လက်လီဝယ်လို့ရတဲ့ ယက်ကန်းရုံမှာ ကိုယ်လိုချင်တဲ့ ပမာဏလောက် ဝင်ဝယ်ကြပါတယ်။ အမျိုးသားဝတ်ကော၊ အမျိုးသမီးဝတ်ကော တထည်ကိုမှ ၂၈၀၀ ကျပ်ပဲ ပေးရလို့ လက်ဆောင်ပေးဖို့ အတော်များများ ဝယ်ခဲ့ကြပါတယ်။

 

ဟန်လင်းမှာ ၂ နာရီကျော် လောက်ပဲ နေဖြစ်တယ်/ကျော်ဆုမွန်

ငယ်ငယ်က ရုပ်မြင်သံကြားတွေမှာ မြန်မာပြည်က ထုတ်ကုန်တွေအကြောင်း ရုပ်သံကဏ္ဍတွေလာရင် ကြည့်ရမှာ အင်မတန်ပျင်းပါတယ်။ ဒါပေမယ့် အရွယ်ရလာတဲ့အခါ ဒီလိုလုပ်ငန်းတွေဟာ နယ်မြို့တွေမှာ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းလာပြီးတော့ နာမည်တလုံးရအောင် တည်ဆောက် လာကြသလဲ ဆိုတာ လေ့လာမိရင် ခရီးသွားရင်းရတဲ့ ရသတမျိုးကို ခံစားရမှာ အမှန်ပဲလို့ တွေးမိလာ ပါတယ်။

ဆိပ်ခွန်ရွာကနေ ထွက်လာတော့ နေမွန်းတည့်နေပါပြီ။ အဲဒီကနေ ရွှေဘိုခရိုင်ထဲက ဝက်လက်မြို့မှာရှိတဲ့ ဟန်လင်း ရှေးဟောင်းပျူမြို့ဟောင်းကို ဆက်သွားပါတယ်။ ဟန်လင်းမြို့ဟောင်းအကြောင်းကတော့ သီးသန့် ရေးခဲ့တာမျိုး ရှိကြတာဖြစ်လို့ အကျယ်မထည့်တော့ပါဘူး။ မန္တလေး – ရွှေဘိုလမ်းမပေါ်မှာရှိတဲ့ စိုင်နိုင်ကွေ့ကနေ ဟန်လင်းမြို့ဟောင်းရှိတဲ့ နေရာကို မိနစ် ၄၀ ကျော် မောင်းရင် ရောက်ပါတယ်။

ဟန်လင်းမြို့ဟောင်းမှာ နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်း ကျွန်းတိုင် ၁၀၀ ရှိတဲ့ ဘုန်းကြီးကျောင်းလို လေ့လာစရာတွေ၊ ရေပူစမ်းတွေ၊ ပျူမြို့ဟောင်းထဲက ပြတိုက်၊ ပျူအရိုးတွေ တူးဖော်ရာကုန်းတွေ၊ တလက် စတည်း ဟန်လင်းမြို့ဟောင်းထဲမှာပဲ အခြေစိုက်နေဆဲ ဒေသခံတွေ စသဖြင့် လေ့လာစရာတွေ သိပ်များ ပါတယ်။ တကယ်တော့ ဟန်လင်းဟာ ပျူမြို့ဟောင်းတွေထဲမှာ ရှေးအကျဆုံးလို့ ပြောလို့ရအောင် သမိုင်း အထောက်အထားတွေ တွေ့နေပြီဖြစ်တဲ့ မြို့ဟောင်းပါ။

ဒီဟန်လင်းမြို့ဟောင်းမှာ လေ့လာမယ်ဆိုရင် ရက်အတော်ပေးပြီး သေချာ လေ့လာရမှာဖြစ်ပါတယ်။ ကျမတို့ကတော့ အချိန်ကလည်းတို၊ သွားချင်တဲ့နေရာတွေကလည်း များတော့ ဟန်လင်းမှာ ၂ နာရီကျော် လောက်ပဲ နေဖြစ်ပါတယ်။ ထပ်သွားချင်သေးတဲ့ နေရာက ရှိနေသေးတာကိုး။

ဟန်လင်းကပြန်ထွက်လာတော့ ကျမတို့ရွေးထားတဲ့ နေရာက ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့က အိုးလုပ်တဲ့ နေရာကိုပေါ့။ ကျောက်မြောင်းက အိုးဟာ နာမည်အတော် ကျော်ပါတယ်။ ဧရာဝတီ မြစ်ကမ်းဘေးက ဒီကျောက်မြောင်းမြို့က လုပ်တဲ့ အိုးတွေဟာ မြန်မာနိုင်ငံအရပ်ရပ်ကို ရေကြောင်း ကနေကော၊ ကုန်းကြောင်းကနေကော ပို့ပါတယ်။

ဧရာဝတီမြစ်ဖြတ်၊ ရတနာသိင်္ဃ တံတားအဆင်း၊ ကျောက်မြောင်းဘက်မှာရှိတဲ့ နွယ်ငြိမ်းရွာ ဘက်မှာဆိုရင် ဒီဒေသကထွက်တဲ့ အိုးရောင်စုံ၊ အိုးကြီးအိုးသေးတွေကို ဆိုင်လေးတွေဖွင့်ပြီး ရောင်းချနေတာ တွေ့ရ ပါတယ်။ ရွှံ့နဲ့လုပ်တဲ့ အသုံးအဆောင်တွေထဲမှာ အိုးအရွယ်ပေါင်းစုံအပြင်၊ အိုးပုတ်ကလေးတွေ၊ စုဘူးတွေ၊ ဆေးလိပ်ပြာခွက်တွေ၊ အလှဆင် ပန်းအိုးတွေ၊ ရေနွေးကြမ်းအိုး၊ ခွက် စတာတွေအပြင် နေ့စဉ်သုံး အသုံးအဆောင် တော်တော်များများကို တွေ့ရမှာပါ။ ရောင်စုံရွှံ့ အသုံးအဆောင် ပစ္စည်းတွေကြားမယ် ဘယ်ဟာကို ရွေးဝယ်ရမယ်ဆိုတာ မသိအောင်ကို ရွေးရခက်ခဲလှပါတယ်။

အဲဒီမှာ ကျမတို့က ဧရာဝတီမြစ်ကမ်းဘေးက နွယ်ငြိမ်းရွာကို လျှောက်ကြည့်မိတဲ့အခါ တွေ့လိုက် ရတာကတော့၊ အိုးဖုတ်ဖို့ စီရရီတင်ထားတဲ့ ထင်းပုံကြီးတွေပါပဲ။ ထင်းပုံကြီးဆိုတာထက် ခုတ်ဖြတ်ပြီး စီတင် ထားတဲ့ သစ်ပင်အရွယ်စုံပဲပေါ့။ မြစ်ကမ်းဘေး တလျောက် များပြားလှတဲ့ သစ်ပင်ပုံတွေကို မြင်ရတဲ့အခါ စိတ်ထဲမယ် တော်တော်လေးကိုတော့ မကောင်းဖြစ်သွားရတာလည်း ရှိပါတယ်။ အိုးတလုံးဖုတ်နိုင်ဖို့ ထင်း အဖြစ်သုံးရတဲ့ သစ်ပင်တွေ ဘယ်လောက်များ အသုံးပြုခံခဲ့ရပြီးပြီလဲ ဆိုတာလည်း တွေးမိရပါတယ်။ ဘယ်လိုနည်းနဲ့များ ထင်းအစားထိုး လောင်စာကနေ အိုးဖုတ်နိုင်မလဲလို့လည်း တသီတတန်းကြီး တွေးမိပါသေးရဲ့။

 

ရွှေဘိုခရိုင် ကျောက်မြောင်းက အိုးဟာ နာမည်အတော် ကျော်ပါတယ်/ကျော်ဆုမွန်

ဒေသရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ အိုးလုပ်ငန်းဟာ ရေရှည်တည်တန့်ဖို့အတွက် လုပ်ငန်းရှင်တွေက ကြိုးစားကြရမှာပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ စီးပွားရေး တခုဖြစ်ဖို့တော့ လိုအပ်မယ်လို့ တွေးမိရပါသေးတယ်။ ဒါက ခရီးသွားရင်းတွေ့လိုက်ရတဲ့ မြင်ကွင်းကို ပြန်ပြောပြခြင်းသာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ သက်ဆိုင်ရာ အစိုးရတွေကတော့ ဒီအတွက် စဉ်းစားထားတာတွေ ရှိတန်ကောင်းမယ် လို့လည်း တွေးမိပါတယ်။

ကျမတို့ ရွှေဘိုမြို့ပေါ် ပြန်ရောက်တော့ ညဉ့် အတော်နက်နေပါပြီ။ နောက်နေ့အတွက် အစီအစဉ် ချရ ပါဦးမယ်။ ရွှေဘိုမြို့ပေါ်မှာဆိုရင် နာမည်ကျော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ နန်းတော်လို့ သတ်မှတ်ထားတဲ့ နန်းတော်နေရာ ရှိပါတယ်။ ရှေးဟောင်းသုတေသနက လေ့လာစရာ နေရာအဖြစ် လုပ်ထားပြီးတော့ အတွင်းမှာဆိုရင် ဦးအောင်ဇေယျရဲ့ ဂူပြာသာဒ်ဆိုတာလည်း ရှိပါတယ်။

အလောင်းမင်းတရားကြီးရဲ့ အောင်မြေနေရာတွေအပြင် နန်းဦးဘုရားလည်း ရှိပါတယ်။ ဒီနေရာတွေ လည်ပတ်ပြီးရင်တော့ ရွှေဘိုမြို့ထဲက မြို့ထောင့်စေတီ အပါအဝင် တန်ခိုးကြီးဘုရားတွေကို လှည့်လည် ဖူးလို့ ရပါတယ်။ အလောင်းမင်းတရားကြီး အောင်မြေ ၉ ဌာနရှိတာကြောင့် ဒီနေရာတွေမှာ အောင်မြေ နင်းမယ်ဆိုရင်လည်း ကိုယ်လိုရာမှာ အောင်မြင်မှုတွေ ရနိုင်တယ်လို့ အဆိုရှိပါသေးတယ်။ နာမည်ကျော် ရွှေဘိုသနပ်ခါး တွေကိုတော့ မြို့လယ်က ဘုရားစောင်းတန်းတွေမှာ ရနိုင်ပါတယ်။

ရွှေဘိုခရိုင် ကျောက်မြောင်းက အိုးဟာ နာမည်အတော် ကျော်ပါတယ်/ကျော်ဆုမွန်

ကျမတို့ ရွှေဘိုကနေ ပြန်ထွက်လာကြတော့ နေ့လယ် ၂ နာရီကျော်ဖြစ်နေပါပြီ။ အချိန်တိုလေးအတွင်းမှာ မရောက်ဖူးတဲ့ ဒေသတွေက လူမှုဘဝတွေနဲ့ စီးပွားရေးအကြောင်း၊ သမိုင်းကြောင်းတွေ တခါတည်း ထိတွေ့ခွင့် ရခဲ့တော့ ခရီးသွားရခြင်းရဲ့ မတူတဲ့ အရသာတွေကို ခံစားမိခဲ့ရပါတယ်။ ဒါကြောင့် သဘာ၀ အလှတွေအပြင် ကိုယ့်တိုင်းပြည်ထဲက နာမည်ကျော် သမိုင်းကြောင်း ရှိတဲ့ဒေသတွေကို ရတဲ့ အချိန်လေး အတွင်းမှာ သွားကြည့်ကြဖို့ တိုက်တွန်းမိပါတယ်။

(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)

Loading