ကျမ ချင်းပြည်နယ်ကို သွားချင်သည်မှာကြာခဲ့ပြီ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ခဲ့ပါ။ မြန်မာပြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ဒီချင်းပြည်နယ် တခုတည်း ရောက်ဖို့ ကျန်ပါတော့တယ်။ ဒီအချိန်မှာ အလုပ်ကိစ္စနဲ့ ဆက်စပ်ပြီး ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ ဘက်ကို ရောက်ဖို့ ဖြစ်လာပါတယ်။
သွားလာရ အင်မတန်ခက်ခဲတဲ့ ချင်းပြည်နယ်ဟာ အခုတော့ လမ်းတွေ ကောင်းလာပြီလို့ ပြောကြပေမယ့် ရန်ကုန်ကနေဆို ၆၇၅ မိုင်ကျော်ဝေးတဲ့ ဒီနေရာရောက်ဖို့ အနည်းဆုံး ၂၄ နာရီကျော် ကားမောင်းသွားဖို့ လိုပါလိမ့်မယ်။ ကျမတို့ကတော့ နေပြည်တော်ကနေ ထွက်ဖြစ်တာမို့ မိုင် ၂၀၀ ကျော်လောက် သွားလာရ သက်သာသွားပါတယ်။ အချိန်ယူသွားရတဲ့ နေရာဖြစ်လို့ အချိန်ကုန် လူပင်ပန်းခံနိုင်မှပဲ ရောက်နိုင်မယ့် နေရာလို့ ဆိုချင်ပါတယ်။
ကျမရဲ့ Road trip သွားခဲ့သမျှမှာ အပင်ပန်းဆုံး ခရီးလို့ဆိုနိုင်ပါတယ်။ ကျမတို့ နေပြည်တော်ကနေ အမြန်လမ်းအတိုင်း သွားပြီးတဲ့အခါ သီးကုန်းလမ်းခွဲကနေ ပုဂံ – ညောင်ဦး၊ အဲဒီကနေ ပခုက္ကူ တံတားကို ဖြတ်ပြီး ပေါက်မြို့နယ်ကနေတဆင့် ဖြတ်သန်းကာ ကလေးမြို့အထိ ကားနဲ့သွားပါတယ်။ အဲဒီအထိကို ကားက ၁၂ နာရီကျော် စီးရပါတယ်။ ကလေးမြို့မှာ ညအိပ်ပြီး တီးတိန်မြို့ကို တောင်ပေါ်လမ်း စတက်တာနဲ့ အကွေ့အကောက်တွေ ကြားက လမ်းကလေးတွေမှာ မြေပြိုတာတွေ ခဏခဏ ကြုံရတာကြောင့် စောင့်ဆိုင်းရတာတွေ ရှိပါတယ်။
ကလေးမြို့ကအတက် လမ်းပိုင်းဟာ JICA ကနေ ဖောက်လုပ်ပေးထားတဲ့ လမ်းဖြစ်လို့ လမ်းပိုင်း ကောင်းပါတယ်။ တီးတိန်မြို့ကိုရောက်ဖို့ ၃ နာရီကျော် မောင်းပြီးတဲ့အခါ ခဏနားကြပါတယ်။ တီးတိန်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်ကနေ ပေပေါင်း ၅၆၀၀ ကျော် မြင့်တာကြောင့် နွေရာသီ ဖြစ်တာတောင် နေ့လယ်ပိုင်းမှာ အအေးဓာတ်လေး ကျန်နေသေးတာကို ခံစားရပါတယ်။
တီးတိန်ကနေ ရိဒ်ခေါဒါမြို့ကို ဆက်ထွက်မယ်ဆိုရင်တော့ လမ်းတွေက တော်တော်ကြမ်းသွားပါပြီ။ အကွေ့အကောက်က များရတဲ့အထဲမှာ လမ်းတွေက မြေသားလမ်းတဝက် ကျောက်ခင်းလမ်း တဝက်ဖြစ်လို့ ကားတော်တော် ကောင်းမှရမယ့် အနေအထားပါ။ လမ်းတလျှောက် ဖုန်တွေအပြည့်နဲ့မို့လို့ တောင်ပေါ်က နွေရာသီမှာ ဖုန်တလုံးလုံးနဲ့ တော်တော်လေးကို ကြမ်းတဲ့လမ်းတွေပါပဲ။
ရိဒ်ခေါဒါရ်မြို့လေးကို ရောက်ဖို့ နောက်ထပ် ၃ နာရီလောက် မောင်းရပါတယ်။ မြေပြန့်မှာမောင်းရင် ၁ နာရီခွဲ၊ ၂ နာရီသာသာလောက်ပဲ ရှိတဲ့ လမ်းကြောကို တောင်ပေါ်မှာတော့ ၆ နာရီနီးပါး မောင်းရပါတယ်။ ဒါတောင် လမ်းကြောကို ကျွမ်းကျင်ပြီး ထိန်းမောင်းတတ်မှ ဖြစ်မှာပါ။ တောင်တွေကို အင်မတန်ချစ်တဲ့ ကျမမှာ ကားစီးရင်း တောင်တွေကို မကြည့်ချင်အောင် ဖြစ်လာရတဲ့ခရီးပါပဲ။
ရိဒ်ခေါဒါ မြို့လေးကိုရောက်တော့ ညမှောင်နေပါပြီ။ ဒီမြို့လေးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်စပ် မြို့လေး ဖြစ်တာကြောင့် အလယ်က မဏိပူရ် မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားကို ကျော်လိုက်တာနဲ့ ချင်းပြည်နယ်ကနေ မီဇိုရမ် ပြည်နယ်ကို သွားလည်လို့ရပါပြီ။
မြန်မာပြည်တွင်းမှာရော အိန္ဒိယပြည်မီဇိုရမ်ပြည်နယ်မှာပါ နေကြတဲ့ မီဇိုလူမျိုးတို့ရဲ့ နိဗ္ဗာန်ဘုံကို သွားရာ ဂိတ်ပေါက်လို့ ယုံကြည်ကြတဲ့ မြန်မာ – အိန္ဒိယနယ်စပ်က ချင်းပြည်နယ်၊ ရိဒ်ခေါရ်ဒါမြို့ထဲမှာ ရှိတဲ့ ရိဒ်ရေကန်ဟာ ဘာကြောင့် နာမည်ကြီးရပါသလဲ၊ ဘာကြောင့် ချင်းပြည်နယ်ရဲ့ အသည်းနှလုံး အထိမ်းအမှတ်အဖြစ် နာမည်ကျော်နေရပါသလဲ။
ရိဒ်ရေကန်ကို ဒီဒေသမှာ နေထိုင်ကြတဲ့ ချင်းလူမျိုး (မြန်မာပြည်ဘက်အခေါ်) နဲ့ မီဇိုလူမျိုး (မီဇိုရမ် ပြည်နယ်အခေါ်) တွေဟာ နတ်ရေကန် ဒါမှမဟုတ် ကောင်းကင်ဘုံကို ရောက်နိုင်တဲ့ ဝင်ပေါက်တခုအဖြစ် ယုံကြည် ကြပါတယ်။ တမလွန်ကို သွားမယ့်သူတွေဟာ ဒီရေကန်ကနေ တဆင့် ဖြတ်သန်းသွားရတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီရေကန်ဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက အင်းလေးနဲ့ အင်းတော်ကြီးကန်တွေလို အလွန် ရှည်လျား ကျယ်ပြန့်လွန်းလှတာ မဟုတ်ပါဘူး။ တောင်တွေ ကာရံထားတဲ့နေရာက ကန်ဆိုပေမယ့် အရှည် တမိုင်သာသာနဲ့ အကျယ်က မိုင်ဝက်လောက်ပဲ ရှိပါမယ်။ ကန်ရေဟာ စိမ်းလဲ့ကြည်လင်နေပြီး ကန်ထဲမှာ အမှိုက်သရိုက် ကင်းပါတယ်။ ဒေသခံတွေ အဆိုအရ ရေကန်ရဲ့ အနက်ကို သေချာတဲ့ အတိုင်းအတာအဖြစ် အခုထိ တိုင်းတာလို့ မရဘူးလို့ဆိုပေမယ့် ဝီကီပီဒီယား မှာတော့ ပေ ၆၀ လောက် နက်တယ်လို့ ဆိုထား ပါတယ်။
ကန်ထဲမှာ စက်လှေနဲ့ လည်ပတ်စီးနိုင်တဲ့အတွက် အသည်းနှလုံးပုံဖြစ်နေတဲ့ အကွေးနေရာလေး အထိကို လိုက်ကြည့်လို့ ရနိုင်ပါတယ်။ စက်လှေစီးချိန်ကတော့ ကန်တပတ်ကို မိနစ် ၂၀ သာသာလောက်ပါပဲ။ ကန်ထဲကနေ ဘေးက တောင်ကြီးတွေပေါ်မှာ ပေါက်နေတဲ့ ရာသီပေါ်ပန်းတွေကိုလည်း မြင်နိုင်မှာပါ။ ကျမတို့ကတော့ ခုချိန် အလုံးအခဲလိုက်ပွင့်နေတဲ့ ချင်းစွယ်တော်ပန်းတွေကို မြင်ခဲ့ရပါတယ်။ ပင်လုံးကျွတ် ပွင့်နေတဲ့ စွယ်တော်ပန်းတွေဟာ ပန်းရောင်သမ်းနေပြီးတော့ ရုတ်တရတ်ကြည့်လိုက်ရင် ချယ်ရီနဲ့တောင် ဆင်ပါသေးတယ်။
ရေကန်ထဲမှာ စက်လှေ ပတ်စီးချင်တယ်ဆိုရင် တစီးကို ခြောက်ယောက် စီးနိုင်တဲ့ စက်လှေတွေ ရှိပါတယ်။ တစီးကို ကျပ် ၁ သောင်းပေးရပါတယ်။ များသောအားဖြင့် လူစည်ကားတဲ့ အချိန်တွေဟာ ပွဲတော်ချိန်တွေနဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေပါပဲ။ အိန္ဒိယပြည်ထဲကနေ လာရောက် လည်ပတ်သူတွေ များပြီဆိုရင်တော့ ကမ်းပတ်လည်မှာ လူတွေ ပျားပန်းခတ်မျှပါပဲ။
လာရောက်လေ့လာ လည်ပတ်တဲ့သူတွေ အနေနဲ့တော့ ရိဒ်ရေကန်ကိုလာရင် တည်းခိုဖို့ နှစ်ခန်းတွဲ ဘန်ဂလို လေးတွေ ၆ လုံးလောက် ရှိပါတယ်။ အဲဒီတည်းခိုဆောင်ကို ရိဒ်ကန်သာ မိသားစုကနေ ဖွင့်ထားပါတယ်။ တခန်းကို ၂ ဦးနေနိုင်တဲ့ ဒီဘန်ဂလိုလေးတွေထဲမှာ ကုတင် ၂ လုံး၊ ရေချိုးခန်း၊ အိမ်သာ တွဲလျက်အပြင် ညဘက်လည်း မီးရနိုင်ပါသေးတယ်။ နွေရာသီပေမယ့် ညဘက်မှာ နွေရာသီတောင် အေးလှတာမို့ စောင်ထူထူတွေလည်း ပါသေးတယ်။ အံံံ့သြစရာ ဈေးနှုန်းဖြစ်လို့ တည်းခိုသူတွေ အံ့သြရမှာက ဒီဘန်ဂလို တခန်းအတွက် လူတဦးကို မြန်မာငွေကျပ် ၅၀၀၀ ပဲ ပေးရပါတယ်။ ကျမတော့ နောက်ထပ် တညတောင် ထပ်တည်းခိုချင်စိတ် ဖြစ်ခဲ့ပါသေးတယ်။ သုံးရေကတော့ စိမ့်တက်နေအောင် အေးပါတယ်။
ရိဒ်ရေကန် ဘေးမှာတော့ စားသောက်ဆိုင်လည်း ရှိပါတယ်။ အစားအသောက် များများ မှာစားလို့ မရနိုင်ပေမယ့် တောင်ပေါ်ဒေသမှာတော့ အတော်လေးကို စားရသောက်ရ အဆင်ပြေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်မှာ မနက်စာ၊ နေ့လယ်စာ စားသောက်ပြီးပြီ ဆိုရင်တော့ ကန်ထိပ်မှာရှိတဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေနဲ့အတူ ဓာတ်ပုံရိုက်၊ ဒါမှမဟုတ် ရေကန်စပ်က သစ်ပင်တွေမှာလည်း ပို့စ်မျိုးစုံပေးပြီး ဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။
ဒီထက်ပိုပြီး မြင်ကွင်းကောင်းတဲ့ နေရာကနေ ဓာတ်ပုံရိုက်ချင်တယ် ဆိုရင်တော့ ရိဒ်ခေါ့ဒါ မြို့ရဲ့ အထက ကျောင်းဝင်းထိပ်က VIEW POINT ကနေ အပေါ်စီး အနေအထားနဲ့ ရိုက်မယ်ဆိုရင် ရိဒ်ရေကန်ကြီး တခုလုံးကို မြင်ရမှာဖြစ်ပါတယ်။ အသည်းနှလုံးပုံပေါ်နေတဲ့ ရိဒ်ရေကန် အပေါ်စီးမြင်ကွင်းဟာ အတော် လှပါတယ်။ တောင်တွေကြားကနေ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ဒီကန်ဟာ ဒီဒေသခံတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲဖြစ်ပါတယ်။
ရိဒ်ရေကန်ကို သွားမယ်ဆိုတော့ ကျမတို့ မြေပြန့်ကလူတွေက ပြောကြတာရှိပါတယ်။ ကန်ကရေကို ခပ်ခဲ့ပါ ဆိုတာပါ။ ကျမလည်း ဘာကြောင့်ခပ်ခိုင်းတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် အတွေ့အကြုံ ရှိသူတွေ ပြောကြတာကတော့ ကန်ထဲကရေနဲ့ ခပ်ထားပြီး ဘူးထဲထည့်ထားတဲ့ ရေအရောင်ဟာ အမြဲတူနေတယ် ဆိုတာပါ။ ဥပမာ ကန်ထဲကရေ နောက်နေရင် ဘူးထဲကရေပါ လိုက်နောက်တတ်တဲ့ သဘောပါတဲ့။ အဲဒီရေကို ဘယ်နေရာကိုပဲ ယူသွားသွား၊ ရေကန်ထဲကရေအတိုင်း အမြဲ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ ကျမကတော့ အလုပ်များနေတာနဲ့ ရေခပ်ခဲ့ဖို့တောင် မေ့သွားခဲ့ရပါတယ်။
ရိဒ်ရေကန်ဟာ တကယ်တော့ မြင်လိုက်တာနဲ့ သိပ်ထူးဆန်းလွန်းတဲ့ ရေကန်ကြီး တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းလေးတွေ၊ ဒေသခံတွေရဲ့ အယူအဆတွေနဲ့ တောင်ကြားထဲက ဖြစ်ပေါ်နေတဲ့ သဘာဝရေကန်ရဲ့ အလှဟာ ချင်းပြည်နယ်အတွက်တော့ ဂုဏ်ယူစရာ၊ ပြောစမှတ်တွင်နေစရာ ကန်ပဲဖြစ်ပါတယ်။
ရိဒ်ရေကန်ကို သွားလည်ရင်း အိန္ဒိယပြည်ထဲက မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်း (Champhai) မြို့ကိုလည်း နယ်စပ် ဖြတ်ကျော်ပြီး သွားလည်လို့ရပါသေးတယ်။ နယ်စပ်က ဇိုကောဒါရ် ရွာလေးကနေ ၂၀ ကီလိုမီတာလောက် ကားစီးရင် ရောက်နိုင်တာမို့ သွားလည်မယ်ဆိုလည်း လည်နိုင်ပါသေးတယ်။ ဒီတော့ လာမယ့် သင်္ကြန်ပိတ်ရက်တွေမှာ ချင်းပြည်နယ်ထဲက နာမည်ကျော် ရိဒ်ရေကန်ကို သွားလည်ရင်း တဖက်နိုင်ငံကိုလည်း လည်ပတ်ရင်း ကိုယ့်ရဲ့ ခရီးသွားရက်တွေကို စွန့်စားသွားလာရင်း ကုန်ဆုံး ကြည့်စေချင်ပါတယ်။ ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦးဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)