ရခိုင်ပြည်နယ်လို့ ပြောလိုက်ရင် ပဋိပက္ခ အကြမ်းဖက်မှုတွေရှိရာ ဒေသတခုအဖြစ် အများက မြင်တတ်ကြပေမယ့် ရခိုင်ပြည်နယ် တောင် ပိုင်းမှာတော့ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးဖို့ တာစူနေတဲ့ အနေအထားတွေ ရှိနေကာ ကျယ်ပြန့်လှတဲ့ ပင်လယ်ပြင်ကြီးနဲ့ သဘာဝ အလှ အပတွေဟာ တကယ်ကို ရှု့မငြီးနိုင်အောင် ရှိနေတယ်ဆိုတာကို ဧပြီလအတွင်းက သွားရောက်ခဲ့ရတဲ့ ဂွမြို့ခရီးစဉ်အတွင်းမှာ သိရှိခဲ့ရပါ တယ်။
ရန်ကုန်မြို့ကနေဆိုရင် မိုင်ပေါင်း ၁၆၀ ကျော်ဝေးတဲ့ ဂွမြို့ကလေးဟာ လူဦးရေ ၆ သောင်းကျော်၊ ကျေးရွာအုပ်စု ၄၀ နီးပါးနဲ့ မြို့ပေါ်ရပ် ကွက် ၃ ခု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားပြည်နယ်က မြို့များနည်းတူ ဖွံ့ဖြိုးမှု နည်းသေးသလို လျှပ်စစ်မီးက မနှစ်ကမှ ရရှိတာဖြစ်ပြီး လမ်းတွေဟာလည်း အကုန် ကတ္တရာလမ်းတွေနဲ့ သွားလာလို့ရတဲ့ အနေအထားမျိုးရှိပေမယ့် ညီညီညာညာ ပုံစံတော့ မရှိသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဇာတိမြို့ဖြစ်တဲ့ ဂွမြို့ကလေးကို ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေရဲ့ ဖိတ်ခေါ်မှုကြောင့် မိသားစုလိုက် ခရီးတိုလေးတခု ထွက်နိုင်ခဲ့လို့ ဒေသန္တရ ဗဟုသုတတွေ၊ မိတ်ဆွေအသစ်တွေ အများကြီး တိုးပွားခဲ့ရ ပါတယ်။
ဂွ ခရီးစဉ်အစ
နေပြည်တော်မှာ လွှတ်တော်နားရက်မှာ အလုပ်ပါးချိန် ဂွမြို့ကို လိုက်ပါသွားရတဲ့ လမ်းကြောင်းကတော့ နေပြည်တော်ကနေ တိုက်ရိုက် ကားမရှိလို့ နေပြည်တော်-ရန်ကုန် ကားအရင် စီးရပါတယ်။ နံနက်ပိုင်း နေပြည်တော်က ထွက်ရင် ညနေပိုင်းမှာ ရန်ကုန်မြို့ အောင်မင်္ဂ လာ အဝေးပြေးကို ရောက်ရှိသွားပြီး ဂွမြို့ကို သွားတဲ့ကားကို စီးဖို့ သမိုင်းလမ်းဆုံက ဘုရင့်နောင် ပွဲရုံအနီးကို တက္ကစီငှားရပါတယ်။
တက္ကစီငှားတဲ့အခါ အဝေးပြေးကားဝင်းထဲမှာ တကယ် တက္ကစီသမားကို မငှားမိဘဲ ပွဲစားကို သွားငှားမိလို့ ကျနော်တို့အဖွဲ့မှာ အထုတ် တွေနဲ့ ကားပေါ်ရောက်ခါမှ ပွဲစားခဈေးမတည့်တဲ့အခါ အကုန်ပြန်ဆင်းခိုင်း၊ ကားပြောင်းခိုင်းလို့ ဒုက္ခရောက်ကြပါသေးတယ်။ ဖြစ်နိုင်ရင် အဝေးပြေးဝင်းထဲမှာ ပွဲစားဆိုသူတွေ ရှိမနေစေချင်ပါဘူး။
အဲဒီလိုနဲ့ ည ၈ နာရီမှာ ဂွမြို့ကို ထွက်မယ့် မီနီဘတ်စ်ကားလေးဟာ ဘုရင့်နောင်ပွဲရုံနားကနေ ရန်ကုန်မြို့ကို လှိုင်သာယာဘက်ကနေ ထွက်ပြီး ဧရာဝတီတိုင်းဘက်ကို ဦးတည်ပြီး မောင်းပါတော့တယ်။ ထန်းတပင်-ညောင်တုန်းလမ်းကနေ ငါးသိုင်းချောင်းဘက်ကို ဦးတည် လို့ အမြင့်ပေ ၁၈၀၀ ကျော်တဲ့ ရခိုင်ရိုးကို ဖြတ်တက်ရပါတယ်။
ရန်ကုန်မှာ ပူနေတဲ့အပူချိန်ဟာ ရခိုင်ရိုးမကို စတက်တဲ့အချိန်မှာပဲ သိသိသာသာ လျော့နည်းသွားပြီး နေလို့ထိုင်လို့ ကောင်းလာပါတယ်။ အင်မတန်မြင့်မားတဲ့ တောင်တန်းကြီးတွေကို ဖြတ်ဖောက်ထားတဲ့လမ်းတွေဟာ အကွေ့အကောက်တွေ များပေမယ့် ကတ္တရာ လမ်း ကောင်းကောင်း ခင်းပေးထားလို့ သွားလာရတဲ့ယာဉ်တွေ အဆင်ပြေကြပါတယ်။ တခုပဲ အရှိန်မထိန်းနိုင်တဲ့ ကားတချို့ဟာတော့ ချောက်ထဲကို ထိုးကျလေ့ရှိလို့ ဂရုတစိုက် မောင်းနှင်ကြဖို့ အကြံပြုလိုပါတယ်။
ဂွမြို့ကလေးနှင့် ချစ်စရာကောင်းတဲ့ ဂွကျွန်း
တညလုံးကားစီးပြီး နံနက်လင်းအားကြီးပိုင်းမှာ ဂွမြို့ကလေးကို ရောက်ရှိသွားပါတယ်။ ကျနော်တို့ကို အလည်ခေါ်သွားသူ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေဟာ ဂွမြို့နယ် တိုင်ကျိုးရွာဇာတိဖြစ်ပြီး သူ့ရွာကလေးဟာ သံတွဲမြို့ကို သွားရာလမ်းက ပင်လယ်ကမ်းခြေမှာ အင်မတန်မှ သာယာလှပပြီး အေးချမ်းတဲ့ ရွာကလေးတခု ဖြစ်ပါတယ်။ ရေချိုကောင်းကောင်းရပြီး လျှပ်စစ်မီးတော့ အခုချိန်ထိ မရသေး ပါဘူး။
အဲဒီဒေသမှာ အဓိက လုပ်ငန်းတွေကတော့ ရေလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့က အဓိကကျပြီး တရား မဝင် သစ်ထုတ်တာတွေနဲ့ မီးသွေးဖုတ်တာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ပင်လယ်နဲ့နီးလို့ လတ်ဆတ်တဲ့ ပင်လယ်စာတွေ၊ ငါး၊ ပုဇွန်တွေ အလွန်ပေါလို့ ပင်လယ်စာ ကြိုက်သူတွေအတွက်တော့ အဆင်ပြေတာပါပဲ။
ဒေသထွက် အစားအစာတွေကတော့ ရေကြက်၊ ရေမျောက်၊ ဂုံးသုပ်၊ ပုဇွန်၊ ရေဘဝဲ၊ ကတတ်ရိုး ကြာဇံသုတ်၊ ငပိသုတ်၊ မုန့်ကြက်တိုက်၊ ကျောက်ပွင့်သုတ်နဲ့ အုန်းကြာဇံတို့ဟာ စားကောင်းလွန်းလို့ ငရုတ်သီးကြိုက်သူတွေ အတွက်ကတော့ ရှုးရှုရှဲရှဲနဲ့ ပါးစပ် မစိရပါဘူး။
အဲဒီဒေသရဲ့ နံနက်စာကတော့ သူတို့အခေါ် မုန့်ဟင်းခါးလို့ ခေါ်တဲ့ ရခိုင်မုန့်တီပါ။ ငါးပေါပြီး ငပိကောင်းတာကြောင့် ကြိုက်တတ်ရင်တော့ အင်မတန် အရသာရှိတဲ့ ရခိုင်မုန့်တီကိုလည်း စောစောစီးစီး မြည်းစမ်းနိုင်ပါတယ်။ မကြိုက်တတ်ရင်လည်း နံနက်စာ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်တွေမှာပါ ကိုယ်ကြိုက်နှစ်သစ်ရာ မှာယူစားသုံးနိုင်ပါတယ်။
ရခိုင်တိုင်ရင်းသားတွေဟာ ငရုတ်သီးနဲ့ စိမ်းစားငပိကို အလွန်အားပြုစားကြပြီး ငါးငပိချက်ဟာ ထမင်းပွဲတွေဟာ မပါမဖြစ်လို ထမင်း မိန်စေတဲ့ အကြောင်းရင်းတရပ်လို့တောင် ပြောရမှာပါ။ အသီးအရွက်ကတော့ ဈေးအရမ်းမချိုလို့ စုံစမ်းကြည့်တဲ့အခါ အများစုကို ဧရာဝတီတိုင်းက တင်သွင်းရလို့ သယ်ယူပို့ဆောင်စရိတ် ရှိနေလို့ပါပဲ။
အခုနောက်ပိုင်းမှာတော့ အသီးအနှံတချို့ကို ဆောင်းသီးနှံအနေနဲ့ စိုက်ပျိုးဖို့ ကြိုးစားလာကြသလို စိုက်ပျိုးနိုင်ဖို့ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ဂွမြို့ကို ရောက်ပြီး မကြာခင်မှာပဲ မြို့နယ် မနီးမဝေး ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဂွကျွန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဂွမြို့နဲ့ ရေမိုင် ၄ ဖာလုံလောက်ပဲ ဝေးတဲ့ အဲဒီ ဂွကျွန်းလေးဟာ ရေကြည်ပြီး ဘယ်လောက်လှလဲဆိုရင် “ဟာ လှလိုက်တာ” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကို ရေရွတ်မိနေတဲ့အထိပါပဲ။
ကျနော်အဖွဲ့ကို လိုက်ပို့တဲ့ မိတ်တွေတချို့ဟာ ကျွန်းနားမှာတင် ရေငုပ်ပြီး ငါး၊ ပုဇွန်တွေ ရှာပေးခဲ့လို့ လတ်လတ်ဆတ်ဆတ် မီးကင်စား ရတာ ဘယ်လိုတွေတောင် ကောင်းတယ်လို့ ပြောရမယ်ဆိုတာ မသိတော့ပါဘူး။ သောက်တတ်ရင် ဘီယာ၊ အရက်လေး ဆောင်သွား သင့်ပြီး မသောက်တတ်လည်း အရသာရှိလှတဲ့ ပင်လယ်စာတွေကြောင့် ခံတွင်းတွေ့မှာ အမှန်ပါ။ တခုပဲ လှိုင်းမူးတတ်ရင်တော့ ရှုဆေး၊ ပရုတ်ဆီဘူးလေး လောက်တော့ ဆောင်သွားပေါ့။
နေမပူဘူးဆိုရင် ကျွန်းတပတ်ကို လှည့်ပတ်ကြည့်နိုင်ပြီး ကျွန်းက သိပ်မကြီးတာကြောင့် နာရီဝက်သာသာ ပတ်လိုက်ရင် တပတ်ပြည့် ပါပြီ။ လမ်းမှာ ဝါသနာပါရင် ခရုလေးတွေ၊ ကျောက်တုံး၊ ကျောက်ခဲ လှလှလေးတွေ ကောက်လို့ရပါတယ်။ အရမ်းလှတဲ့ ကျောက်ထရံ ကြီးတွေ၊ ကျယ်ပြန့်လှတဲ့ သဲသောင်ပြင်တွေကို ဖုန်း၊ ကင်မရာ ပါလာရင်တော့ သဘာဝအလှတရားတွေအဖြစ် တခုပြီးတခု မှတ်တမ်း တင်သွားလို့ ရပါသေးတယ်။
လူသူအရောက်အပေါက်နည်းနေသေးတဲ့ ဒီကျွန်းလေးကို ဒေသခံတွေကိုယ်တိုင်က လာလည်စေချင်သလို ခရီးသွားနေရာလေး တခု အဖြစ် ဖွံ့ဖြိုးလာရင် ဒေသခံတွေ ဝင်ငွေတိုးနိုင်တာကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတခုအဖြစ် ညွှန်းဆိုပါရစေ။ ရန်ကုန်ကနေ ဆိုရင် ၂ ညအိပ်ခရီး သွားလည်နိုင်ပြီး တည်းခိုနိုင်ဖို့လည်း တည်းခိုခန်းတွေ ဂွမြို့ပေါ်မှာ ရှိပါတယ်။
အပန်းဖြေခရီးသွားတာဖြစ်ပေမယ့် သတင်းထောက်နောက်ကို သတင်းလိုက်နေသလားလို့ အောက်မေ့ရအောင် ကျနော်ရှိနေတဲ့ ကာ လမှာပဲ ဂွမြို့ ကြွေချိုင်ဆိုတဲ့ရွာမှာ ဇာတ်လာကတဲ့ ဇာတ်အဖွဲ့ကားတစီးဟာ ဂွမြို့ကအပြန် ရခိုင်ရိုးပေါ်ကနေ ချောက်ထဲပြုတ်ကျလို့ လူ ၆ ဦးတဲ့ မနည်းသေဆုံးသွားတဲ့သတင်းကို ဆေးရုံကြီးကို ပြေးမေးပြီး ရေးလိုက်ရပါသေးတယ်။
ဂွဆေးရုံမှာတော့ ဆရာဝန်အင်အား နည်းပါးပြီး အပြောင်းအရွှေ့ကြောင့် ထွက်သွားရတဲ့ ဆရာဝန်၊ သူနာပြုတွေ နေရာကို အစားပြန်မ ဖြည့်နိုင်သေးတာကို တွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးတယောက်ကိုလည်း ဂွမြို့က ဈေးထဲမှာ ဒီလိုပဲ လျှောက်သွားနေတာကို တွေ့ခဲ့ရတော့ အရင်ခေတ်က တိုင်းမှူး သား၊ သမီးတွေနဲ့ ကွာတာပဲလို့ စိတ်ထဲမှာ ခံစားမိခဲ့ပါတယ်။
ဂွမြို့မှာလည်း နေရာတိုင်းမှာ ရှိနေတဲ့ မြေယာပြဿနာတချို့တော့ ရှိနေဆဲဖြစ်ပြီး လှပတဲ့ ပင်လယ်ကမ်းခြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ဧရာဝတီတိုင်းဘက်က ရေလုပ်သားတွေဟာ ရေကြည်ရာ မြက်နုရာဆိုသလို လာရောက် တဲထိုးနေကြတာ အခုဆို ရင် လူဦးရေ ထောင်နဲ့ချီရှိနေပြီဖြစ်လို့ ၎င်းတို့ကို ကျူးကျော်အဖြစ် သတ်မှတ်နေထိုင်ခွင့်ပြုထားတာ တွေ့ရပါတယ်။
၎င်းတို့ကို ရပ်ကွက်အာဏာပိုင်တွေက စာရင်းကောက်ယူထားပြီး လူနေထိုင်ခွင့်ရှိတဲ့ မြေကွက်တွေ ချပေးနိုင်ဖို့ ပြည်နယ် အစိုးရဆီကို တင်ပြထားတယ်လို့လည်း သိရပါတယ်။ နောက်ပြဿနာတခုကတော့ ဂွမြို့က ပင်လယ်ထွက်ပေါက်အနီး ဂွမြိုနဲ့ မကျေးငူရွာကို ကူးတဲ့ လှေဆိပ်လေးနားက ဂွဘက်ခြမ်းမှာ မြေတွေဖို့ပြီး ရပ်ကွက်ချဲ့ဖို့ ကြိုးစားတဲ့ ကိစ္စတခုပါ။
လုပ်ပိုင်ခွင့်ရ ကုမ္ပဏီဟာ ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျပ်သိန်းပေါင်းများစွာ အကုန်ခံပြီး မြေဖို့တာတွေ ပြုလုပ်လို့ မပြီးခင်မှာဘဲ ဒေသခံတွေက ကန့်ကွက်လို့ စီမံကိန်းကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းကြောင့် အရင် နေအိမ်တချို့ ဖျက်ပြီး ရွှေ့ပေးခဲ့ရတဲ့ လူတွေမှာလည်း ဘာဆက်လုပ်ရမယ်ဆိုတာ သေသေချာချာ မသိဘဲ ဒုက္ခရောက်နေကြပါတယ်။
အဲဒီလိုပဲ တရားမဝင် သစ်ထုတ်တာတွေလည်း ရှိနေပြီး လွှန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် သစ်တန် ၁၅၀ လောက်ကို သဘောင်္တစီးလုံး အပြည့် ဖမ်းမိခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူနိုင်ခဲ့တာမျိုး မရှိဘူးလို့ ဂွမြို့နယ်က ကြွေချိုင်ရွာသား ဦးခင်မောင်လေးက ပြောပြ ပါတယ်။ အဲဒီအပြင် မီးသွေးဖုတ်နေတဲ့လုပ်ငန်းတွေကိုလည်း ဂွမြို့အထွက် ရွှေတွင်းတူးဆိုတဲ့ ရွားနားမှာ တွေ့မြင်ခဲ့ရပါတယ်။
“ကျနော်တို့ဆီမှာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ ပိုတိုးတက်လာဖို့ လိုတယ်။ လျှပ်စစ်မီး ရလာလို့ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာရင် ပိုပြီ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မြင်တယ်” လို့ သူကပဲ ဆိုပါတယ်။
ဂွမြို့နဲ့ ဧရာဝတီတိုင်း ဘက်ကနေလာရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ခြားထားတဲ့ ချောင်းတခုအနီးမှာ ရှိတဲ့ ကျောက်ချွန်ဆိုတဲ့ ရွာနားမှာ ချောင်းကူးတံတားကြီးတစင်း တည်ဆောက်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ တံတားပြီးသွားခဲ့ရင် တိုင်းနဲ့ ပြည်နယ်တွေ ချိတ် ဆက်မိတော့မှ ဖြစ်ပြီး ဂွမြို့ကနေ မကျေးငူဆိုတဲ့ ရွာကလေးကို အခုချိန်အထိ ကူးတို့နဲ့ ကူးနေရဆဲဖြစ်ပေမယ့် အဲဒီချောင်းကြီးကိုလည်း တံတားထိုးဖို့ အစိုးရဆီကနေ နှုတ်ကတိရရှိထားလို့ မကြာခင်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာတော့မှာ အသေအချာပါပဲ။
ဧရာဝတီတိုင်း ငရုတ်ကောင်းဘက်ကနေ ဂွဘက်ကို လာတဲ့ ၉၆ မိုင်ကို ကျောက်ချောလမ်းခင်းနေပြီး ဒီလမ်းပြီးလို့ တံတားတွေလည်း ဆက်မိတဲ့အခါ ရခိုင်ပြည်နယ်တောင်ပိုင်းကို သွားချင်ရင် ရခိုင်ရိုးကို ကျော်စရာ မလိုတော့ဘဲ ပင်လယ်ကမ်းခြေကနေ အလွယ်တကူ သွားနိုင်ပါပြီ။
ကျနော်တို့အဖွဲ့ ၂ ရက်လောက် ညသွားအိပ်ခဲ့တဲ့ တောင်ပေါက်ဆိုတဲ့ရွာလေးဟာ ဂွမြို့ တဖက်ကမ်း မကျေးငူဆိုတဲ့ ရွာလေးကနေ ဧရာဝတီတိုင်းဘက်ကို သွားရတာဖြစ်ပြီး အခုလထဲမှာပဲ လျှပ်စစ်မီး စတင်ရရှိတာ ဖြစ်ပါတယ်။ ဒါတောင် လမ်းမီးတွေပဲ ရှိသေးပြီး အိမ်မီး တွေကတော့ မီတာဘောက်လျှောက်ထားခွင့်ပြုတဲ့ အဆင့်ပါမှာပဲ ရှိပါသေးတယ်။
ဒါပေမယ့်ခေတ်အဆက်ဆက်က လျှပ်စစ်မီး မမြင်ခဲ့ရတဲ့ရွာကလေးဟာ အခုဆိုရင်ပျော်လို့ တချို့ဆို ရွာမီးအလင်းရောက်လေးနဲ့တောင် ထွက်အိပ်ချင်ကြတယ်လို့ ဆိုကြပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းခံနေရချိန်မှာ အစိုးရကလည်း ရလာတဲ့ အကူအညီအများစုကို ရခိုင်မြောက်ပိုင်းကိုသာ ဦးစားပေးနေရတာမို့ ဒီပဋိပက္ခတွေကြောင့် ကျနော်တို့ တိုင်းပြည်ဟာ မိအေး ၂ ခါနာ ရတယ်လို့ပဲ ပြောရမှာပါ။
တကယ်လှတဲ့ ငပလီ
မြန်မာပြည်မှာသာမက အာရှမှာပါ ကျော်ကြားတဲ့ အလှဆုံး ကမ်းခြေတခုဖြစ်တဲ့ သံတွဲမြို့နယ်က ငပလီကမ်းခြေဟာဆိုရင်လည်း ဂွမြို့နဲ့ မိုင် ၈၀ အကွာမှာ တည်ရှိပြီး ကျနော်တို့အဖွဲ့ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပါသေးတယ်။ ဂွမြို့ကနေ နံနက်စောစောလေး ထွက်သွားရင် ပင်လယ်ကမ်းခြေ ကျေးရွာတွေဖြစ်တဲ့ ရိုင်ကတို့၊ သင်းဘော၊ လောင်းကျိုး၊ ဇီးကုန်း၊ ကမ်းသာယာ၊ ကင်းပုန်၊ ဆက်သွား၊ တိုင်ကျိုးနဲ့ ကြွေချိုင်တို့လို ပင်လယ်ကမ်းခြေမှာရှိတဲ့ ကျေးရွာလေးတွေကို ဖြတ်ပြီးရင် မိုင် ၄၀ အကွာမှာ ဂွလိုပဲ ဖွံ့ဖြိုးနေပြီဖြစ်တဲ့ ကျိန္တလီဆိုတဲ့ မြို့နယ်ခွဲလေးတခုကို အရင်ရောက်ပါတယ်။
အဲဒီမှာ နံနက်စာ စားသုံးပြီး ခရီးဆက်တဲ့အခါ သံတွဲမြို့အဝင် ဇလွန်ဆိုတဲ့ ကျေးရွာနားလေးမှာ လူတွေဟာ လမ်းပေါ်တက်ပြီး ငါးတွေ ကောက်နေကြတာကို အထူးအဆန်း မြင်ရပါတယ်။ အကြောင်းကတော့ ငါးတွေ တင်ဆောင်လာတဲ့ ငါးကားကြီး တစင်းက ပြုတ်ကျ သွားတဲ့ ငါးတွေကို ဒေသခံတချို့က ဝိုင်းကောက်နေကြတာပါ။ ပြုတ်ကျခဲ့တဲ့ ငါးတွေကလည်း တလမ်းလုံး အပြည့်နီးပါးပါပဲ။
ငပလီကို သွားတဲ့ ဂွ-သံတွဲ လမ်းဟာ မိုင် ၈၀ ရှိပြီး တလမ်းလုံးကို ကတ္တရာလမ်း ခင်းထားပေမယ့် ညီညာမှုတော့ နည်းပါးပါသေးတယ်။ လမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကမ်းသာယာနားက ပင်လယ်ကမ်းခြေမှာဆိုရင် ရခိုင်အိမ်ပုံစံ ဘန်ဂလိုလေးတွေနဲ့ ဟိုတယ်လေးတွေ ဆောက်ထားတာမျိုးတွေ တွေ့ခဲ့ရတယ်။
ငပလီကို ရောက်တဲ့အခါ သင်္ကြန်နားနီးမို့လို့ ဈေးသည်တွေ ဈေးရောင်းကြဖို့ တာစူနေကြပြီး ကမ်းခြေမှာပဲ ဝါးတဲလေးတွေ ထိုးဖို့ ကြိုးစား နေကြတာကို တွေ့ခဲ့ရပါတယ်။ အလှအပတရားတွေကို ကြည့်ရင်း ကမ်းခြေတလျှောက် ဓာတ်ပုံရိုက်၊ နေပူလာလို့ ကမ်းခြေ ဟိုတယ်တွေ ရှေ့က သစ်ပင် အရိပ်ကလေးနား ခေတ္တအရိပ်ခိုမိတဲ့အခါ ဟိုတယ်လုံခြုံရေး ယူနီဖောင်းဝတ်သူတဦး ထွက်လာပြီး ဒီနေရာမှာ ထိုင်လို့မရ ကြောင်း ထွက်သွားဖို့ မောင်းထုတ်ပါတယ်။
ခေတ္တလေး အရိပ်ခိုတာပါလို့ ပြောမယ်လုပ်နေတုန်း ကျနော်နဲ့ အတူပါလာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ဟုတ်ကဲ့ ဖယ်ပေးပါ့မယ်လို့ ပြောတဲ့အခါ ကိုယ်လည်း လိုက်ပြီး ဖယ်ပေးမယ်နော်လို့ ပြောတာကို အဲဒီလူဟာ မကြားဘဲ အတင်းသာ မောင်းထုတ် ပါတော့တယ်။ တကယ်ဆို ကျနော်တို့ ထိုင်တာ ဟိုတယ်အပြင် ပင်လယ် သောင်ပြင်အစပ်မှာပါ။ စိတ်ထဲမကောင်းပေမယ့် သူ့မှာလည်း သူ့တာဝန်နဲ့သူ ပြောရတာ ဖြစ်မယ်ဆိုပြီး ရှောင်ပေးလိုက်ရပါတယ်။
ဒါပေမယ့် ကမ်းခြေဟာတော့ ပြုပြင်ထိန်းသိမ်းမှု နည်းပါးပြီး အမှိုက်တွေကို ထိန်းသိမ်းနိုင်ခြင်းလည်း အားနည်းနေပါတယ်။ အရင်က ရန် ကုန်မြို့မှာ သတင်းထောက်လုပ်ပြီး အခုသံတွဲမြို့မှာ ပြန်ပြောင်းနေထိုင်တဲ့ မိတ်ဆွေတချို့ကတော့ ငပလီဟာ လူအများ လာရောက်ကြ ပေမယ့် အမှိုက်ပစ်တာစည်းကမ်း မရှိတာနဲ့ တခြားလိုအပ်ချက်တွေကြောင့် ကမ်းခြေအဆင့် သတ်မှတ်ချက် လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။
ငပလီမှာ လည်ပတ်စရာတွေကတော့ ချောင်းဖျားမှာ ဆင်စီးရင်း အပန်းဖြေနိုင်တာ၊ ဂျိတ္တောဆိုတဲ့ ရေလုပ်ငန်းတွေ အဓိကလုပ်တဲ့ ရွာ လေးကို သွားလည်နိုင်တာ၊ အဲဒီရွာလေးရဲ့ အပေါ်ဘက်ကို တက်သွားရင် ရပ်တော်မူဘုရားကြီးကို ဖူးရင်း တောင်ပေါ်ကနေ ငပလီရဲ့ အလှလေးတွေကိုလည်း ခံစားနိုင်ပါသေးတယ်။ သံတွဲမြို့အဝင်မှာ ဆံတော်၊ အံတော်နဲ့ အံတော် ဘုရားတွေကို ဖူးရင် ကုသိုလ်ယူလို့ လည်း ရပါသေးတယ်။
ငပလီကအပြန်တော့ မိုးချုပ်လို့နေပါပြီ။ ဘာပဲပြောပြော ခရီးသွားရတာ ပင်ပန်းပေမယ့် ဒေသန္တရ ဗဟုသုတွေ အများကြီးရတာ၊ ဒေသ ထွက်အစား အစာလေးတွေ စားရတာ၊ မိတ်ဆွေ သူငယ်ချင်းအသစ်တွေရတာနဲ့ ချစ်ခင်ရသူတွေနဲ့ အတူတူ ခရီးသွားရတာကြောင့် အပန်းပြေတယ်လို့ပဲ ပြောရမှာပါ။
ကျနေ်ာတို့ နိုင်ငံမှာ လူလတ်တန်းစားတွေဟာ စား၊ ဝတ်၊ နေ၊ ရေးအတွက် အချိန်ပြည့် အလုပ်လုပ်နေရတာကြောင့် ခရီးထွက်ဖို့ဆိုရင် အချိန်မပေးနိုင်သလို ငွေကြေးလည်း မတတ်နိုင်တာမျိုး ရှိတတ်တာကြောင့် ဖြစ်နိုင်ရင်တော့ မရောက်ဖူးသေးတဲ့ အသိ၊ မိတ်ဆွေ သူငယ် ချင်းတွေရဲ့ မွေးရပ်မြေတွေကိုပဲ လိုက်လည်ပတ်ရင်း ဘဝအမောတွေ ပြေနိုင်ကြပါစေဗျာ။ ။