ပူအိုက်တဲ့ နွေရုံးပိတ်ရက်တွေမှာ လည်စရာ၊ ပတ်စရာ အဖြစ် အပြင်ကိုလည်းထွက်ချင်တယ် ၊ အေးချမ်းတဲ့ နေရာလည်း ဖြစ်ရမယ် လို့ တွေးနေရင်တော့ ရန်ကုန်မြို့ကနေ နေ့ချင်းပြန်သွားရောက် လည်ပတ်နိုင်မယ့် မုက္ခာ ရေတံခွန်နဲ့ ဆင်စခန်းကို ညွန်ပြချင်ပါတယ်။
မုက္ခာ ရေတံခွန်ဆိုတာ မုက္ခာ ရေလှောင်တံမံရေပိုလွဲှကနေ စီးဆင်းနေတဲ့ ရေတံခွန်ဖြစ်ပြီး အခုနွေရာသီမှာတောင် ရေမခမ်းခြောက်သေးဘဲ ရေဆော့ကစားလို့ ရတဲ့ ရေတံခွန်အသေးစားတခု လိုဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ မုက္ခာ ရေတံခွန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မိုင်တရာ ကျော် (၁၀၃မိုင်)အကွာအဝေးမှာ တည်ရှိပါတယ်။ ရန်ကုန်ကနေ ကားနဲ့သွားမယ်ဆိုရင် အချိန် သုံးနာရီခွဲကျော် မောင်းနှင်ရင် ရောက်ရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်- ပြည် လမ်းကနေ မင်းလှမြို့အထိသွားရမှာ ဖြစ်ပြီး မင်းလှမြို့ထဲ မင်းလှ တာဆုံ လမ်းဆုံရောက်ရင် ညာဘက်အခြမ်းကို ချိုးဝင်ရမှာ ဖြစ်ပါတယ်။ ကားလမ်းမကြီးကနေ အထဲကို မိနစ် ၂၀ လောက် မောင်းပြီးရင်တော့ မုက္ခာ ရေတံခွန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ရေတံခွန်နဲ့ ဆင်စခန်းက မနီးအဝေးမှာ ရှိနေပြီး ဆင်စခန်းကတော့ ဒီနှစ် နှစ်ဆန်းပိုင်းကမှ စတင်ဖွင့်လှစ်ထားတာကြောင့် ဆင်စခန်းကြောင့် မုက္ခာ ရေတံခွန်ကို လူပိုသိလာကြတာ ဖြစ်ပါတယ်။ မုက္ခာရေလှောင်တံမံကို အဝေးကနေမြင်ရပြီး အပေါ်ပိုင်းအထိ တက်ရောက်နိုင်ပါတယ်။ ရေတံခွန်ကတော့ နွေရာသီဖြစ်တဲ့အတွက် ရေ စီးဆင်းနှုန်းက သိပ်အကြမ်း ကြီးမဟုတ်ဘဲ ရေကတော့ ဆော့ကစားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က သဘာဝတောလမ်းနဲ့ သာသာယာယာရှိလှတာကြောင့် ရေကစားပြီး ယူလာတဲ့ ဖျာခင်းကာ သက်သောင့်သက်သာ အနားယူ အပန်းဖြေ နိုင်ပါတယ်။ မုက္ခာကို လာရောက်လည်ပတ်ကြသူများမှာ ရန်ကုန်၊ ပြည်၊ မင်းလှ၊ ဇီးကုန်မှ အများပြည်သူများ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ကားရပ်နားဖို့ နေရာကိုလည်းသေချာစီစဉ်ထားပေးပြီး အထဲမှာ စားသောက်ဆိုင်များလည်း ရှိပါတယ်။ ဒီဆိုင်များကလည်း ဒီနှစ်ဆန်းမှ စတင်ဆောက်လုပ်ကာ စည်ကားလာတာ ဖြစ်ပါတယ်။ ဒီဆိုင်တွေမှာ ထမင်း၊ဟင်း နဲ့ စားဖွယ်ဆုံရာနဲ့ အအေး၊ ရေသန့်များကို အဓိက ထားပြီး ရောင်းချကြတာကို တွေ့ရပါတယ်။
မေတ္တာလမ်းဆုံ စားသောက်ဆိုင်မှ ဆိုင်ရှင်ကလည်း “ အစ်မတို့က ဒီမှာ ဖွင့်တာ လေးလကျော်ပြီ၊ ဒီမှာနေတယ်။ ဆိုင်မှာ ထမင်းဟင်း အဓိက ထားရောင်းတယ်။ ဟင်းက ထူးထူးဆန်းဆန်းစားချင်တာရှိရင် ကြိုမှာထားလို့ရတယ်။ ဥပမာ ဆတ်၊ ဖွတ်၊ လို့ အသားမျိုးပေါ့။ ဈေးနှုန်းတွေက အဝစား ၁၅၀၀ နဲ့ ရောင်းချပေးတယ်” လို့ ဆိုပါတယ်။
မုက္ခာ ဆင်စခန်းမှတော့ ဆင်ကောင်ရေ ၁၂ ကောင်ရှိပြီး ဆင်စခန်းကနေ ဆင်စီးပြီး ဘေးပတ်ဝန်းကျင်ကို လေ့လာ ချင်ရင်တော့ တဦးကို မြန်မာကျပ်ငွေ ၅၀၀၀ နဲ့ စီးနိုင်တယ်လို့ သိရပါတယ်။ ဆင်စခန်းအတွင်းကို ဝင်ကြေးကတော့ လူတဦးကို မြန်မာကျပ်ငွေ ၅၀၀ကျပ်သတ်မှတ်ထားပြီး အထဲမှာ ဆင်များကိုလည်း ကြည့်ရှှု့လေ့လာနိုင်ပါတယ်။ ဆင်စခန်း ထဲမှာလည်း အေးဆေးနားပြီး ထမင်းစားလို့ရတဲ့ နားနေဆောင်တွေလည်း ရှိပါတယ်။
မုက္ခာကို သွားရောက်လည်ပတ်မယ်ဆိုရင် အဓိက သဘာဝတောရနံ့ တောင်ရန့ံ့နဲ့ သဘာဝလေကို ပြည့်ပြည့်၀၀ ရှှုရှှိုက်ရင်း စိတ်ကို ကြည်နူးမှုဖြစ်စေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ အသစ်အသစ်သော သဘာဝတွေကို ဖော်ထုတ်တဲ့ အခါမှာ ဒါတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့ သူများအနေနဲ့ ရေတံခွန်မှာ အနားယူရင်း အမှိုက်များကို စည်းကမ်းနဲ့ စနစ်တကျပစ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ တချို့နေရာတွေမှာ ရေထဲကို ပလစ်စတစ်များနဲ့စားကျွင်းစားကျန်များ ပစ်ထားတဲ့အတွက် အကျဉ်းတန်တဲ့ မြင်ကွင်းကို ဖြစ်စေပါတယ်။ သဘာဝက ရရှိတဲ့ အလှတရားကို ရေရှည်ထိန်းသိမ်း ဖို့က လူတဦးချင်းစီရဲ့ အပြုအမှုနဲ့လည်း ဆိုင်ပါတယ်။ အမှိုက်များကို စနစ်တကျပစ်ဖို့ အားနည်းနေသေးတာကို တွေ့မြင်ခဲ့ရတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရန်ကုန်မြို့နဲ့လည်း နေ့ချင်းပြန်သွားရောက်နိုင်ကာ အသစ်အသစ်သော သဘာဝတွေကို ခံစားချင်ရင် တော့ မုက္ခာရေတံခွန်နဲ့ ဆင်စခန်းကတော့ ဒီနွေရာသီမှာ လည်ပတ်ဖို့ ကောင်းတဲ့ နေရာတခုလို့ ညွန်းဆိုချင်ပါတယ်။