အားလပ်ရက် နေထိုင်ရာ မြို့ရဲ့ ပြင်ပ ဝေးဝေးလံလံ ခရီးမထွက်ဘဲ ကိုယ့်မြို့အတွင်းမှာ ရှိတဲ့ လည်ပတ်စရာကောင်းတဲ့ နေရာ (သို့) အနီးအနား ဟိုတယ်မှာ အပန်းဖြေနေထိုင်တဲ့ အလေ့အထဟာ မြန်မာနိုင်ငံမှာ စတင်လာပြီးတော့ လူကြိုက်များလာတာလည်း တွေ့ရပါတယ်။ Holistay သို့မဟုတ် daycation လို့လည်း ခေါ်တဲ့ ဒီလိုအပန်းဖြေတဲ့ အလေ့အထဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မြန်မာနိုင်ငံ အတွင်း စတင်ရေပန်းစားလာတာပါ။
လူတွေက အလုပ်တွေ အကြာကြီး ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့ အခါ အနားယူအပန်းဖြေဖို့ ခရီးထွက်ချင်ပေမယ့် လုံလောက် တဲ့ အချိန် မရှိတဲ့ အတွက် အနီးအနားမှာရှိတဲ့ ဟိုတယ်တခုခုမှာ staycation နေဖို့ ရွေးချယ်ကြပါတယ်။ အဲဒီ staycation မှာ မနက်ပိုင်းမှာတော့ မြို့ပြရဲ့ အရသာကို လည်ပတ် ခံစားတတ်ကြပြီး ညဘက်ကျတော့ ဇိမ်ခံဟိုတယ်တလုံးမှာ တညတာ အိပ်စက်တာ ဖြစ်ပါတယ်။ အစီအစဉ် ဆွဲရတာနည်းနည်း၊ သွားလာရတဲ့ ခရီးအကွာအဝေးနည်းနည်း၊ စိတ်ဖိစီးမှု ကင်းကင်း သက်တောင့်သက်သာ ဇိမ်ကျကျ အနားယူတာကို ဆိုလိုတာပါ။
“တခြားနိုင်ငံတွေမှာတော့ staycation အလေ့အထ ဆိုတာ ကိုယ့်မြို့ထဲ လည်ပတ်လို့ ကောင်းတဲ့ နေရာ၊ အနားယူတဲ့ စံအိမ်လိုမျိုး တွေမှာ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းနဲ့ ဖြစ်စေ ကုန်ဆုံးတတ်ကြတာမျိုးဖြစ်ပေမယ့် မြန်မာပြည်မှာကတော့ ဟိုတယ် ကောင်းကောင်းတခုမှာ တရက်တာ အချိန်ကုန်ဆုံးတာမျိုး လို့ပဲ မြင်နေကြပါသေးတယ်” လို့ ချက်ထရီယမ် ရွိုင်ရယ်လိတ်ခ် ဟိုတယ်က ဈေးကွက်နဲ့ ဆက်သွယ်ရေး လက်ထောက်ဒါရိုက်တာ မသဉ္ဇာမြတ်မွန်က ပြောပါတယ်။
ကိုယ့်မြို့မှာ (ဒါမှမဟုတ်) အနီးအနားက မြို့တွေမှာ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ အထူးသဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်မျိုး၊ တခြား အများပြည်သူ ပိတ်ရက်မျိုးမှာ အနားယူချင်သူတွေ အတွက် staycation က အသင့်တော်ဆုံး ပါပဲ လို့ သူက ဖြည့်စွက်ပြောပါတယ်။
ယေဘုယျအားဖြင့်တော့ ဒီလိုပုံစံနဲ့ အပန်းဖြေချင်သူ ဧည့်သည်တွေဟာ နေ့ခင်းဘက်မှာ ရေကူးကန်မှာ အနားယူ၊ gym တို့ spa တို့နဲ့ တခြားဟိုတယ် ဝန်ဆောင်တွေနဲ့ တနေ့တာ ကုန်ဆုံးလေ့ ရှိပါတယ်။
“ရေကူးကန် (ဒါမှမဟုတ်) ရှုခင်းကောင်းတဲ့ နေရာမှာ စာဖတ်ရင်း၊ သူငယ်ချင်းတွေနဲ့ စကားထိုင်ပြောရင်း၊ ကလေးတွေနဲ့ ဆော့ရင်း အေးအေးလူလူ နေချင်တယ် ဆိုရင် ဟိုတယ်တွေကတော့ staycation အတွက် အကောင်းဆုံး အပန်းဖြေ နေရာပဲ ဖြစ်ပါတယ်” လို့ မသဉ္ဇာမြတ်မွန်က ပြောပါတယ်။
ချက်ထရီယမ်ဟိုတယ်ဟာ နွေရာသီပိတ်ရက်၊ သင်္ကြန်နဲ့ နှစ်သစ်ကူး ကာလတွေ အတွက် အနားယူအပန်းဖြေတဲ့ အစီအစဉ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက စတင်ဝန်ဆောင်မှုပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ နိုင်ငံခြားသားတွေရော ပြည်တွင်းခရီးသည်တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ချက်ထရီယမ်ဟိုတယ် အနေနဲ့ နွေရာသီ staycation package ကို လူနှစ်ယောက်စာ အတွက် တညတာ တည်းခိုမယ် ဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀ ကျသင့်မှာ ဖြစ်ပြီး နံနက်စာနဲ့ အားကစားခန်းမ၊ ရေကူးကန် အသုံးပြုခွင့်ပါ ပါဝင်မှာ ဖြစ်တဲ့အပြင် spa ဝန်ဆောင်မှု ၂၀ ရာခိုင်နှုန်းလျှော့ပေးတာ၊ စားသောက်ဆိုင်နဲ့ဘားမှာ ၁၅ ရာခိုင်နှုန်း လျှော့ပေးတာတွေပါ ထပ်ဖြည့်ပေးထားပါတယ်။
“၂ ည တည်းဖို့ ရွေးချယ်မယ် ဆိုရင်တော့ ဟိုတယ်မှ လက်ဆောင်အနေနဲ့ နေ့လယ်စာ (ဒါမှမဟုတ်) ညစာကို ဟိုတယ်မှာ သုံးဆောင်ခွင့် ရမှာဖြစ်ပါတယ်” မသဉ္ဇာမြတ်မွန်က ဆိုပါတယ်။
ဧည့်သည်တွေထဲမှာ ပြည်တွင်းကရော နိုင်ငံခြားသားတွေ ပါဝင်ပြီး မိသားစုလိုက်၊ သူငယ်ချင်းတသိုက် လာကြတာ ရှိပါတယ် လို့ သူ့ရဲ့အဆိုအရ သိရပါတယ်။
ချက်ထရီယမ်ဟိုတယ်ရဲ့ Summer Staycation Package အတွက် မြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံသားများ၊ ပြည်ပမှ လာရောက်သူများနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူများကို လက်ခံပြီး ယင်း Package ကိုတော့ အခုလာမယ့် မေလ ၁၀ ရက်နေ့အထိ ရှိနေမှာ ဖြစ်ပါတယ်။
ချက်ထရီယမ်ရွိုင်ရယ်လိတ်ခ် ဟိုတယ်ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းဟိုတယ်များထဲမှာ တလုံးအပါအဝင်ဖြစ်ပြီး တာမွေမြို့နယ်မှာ ရှိတဲ့ နတ်မောက်လမ်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
တခြားထိပ်တန်းဇိမ်ခံဟိုတယ် တလုံး ဖြစ်တဲ့ နိုဗိုတယ်မက်စ်ရန်ကုန် ဟိုတယ်မှ Marketing Coordinator ဖြစ်တဲ့ မဂျိုအန်နာယုက ဟိုတယ်မှာ အားလပ်ရက် အပန်းဖြေခြင်း(staycation) ဟာ ဟိုတယ်တွေရော ဧည့်သည့်တွေ အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ် လို့ ပြောပြပါတယ်။ ဟိုတယ်တွေမှာ ဧည့်ဝင်မှု ပိုမို တိုးပွားလာတာ မြင်ရပြီးတော့ ဧည့်သည်တွေ အတွက်လည်း ထပ်ဆောင်း ဝန်ဆောင်မှုတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ရတဲ့ package တွေ ရရှိစေတယ် လို့ ဆိုပါတယ်။
နိုဗိုတယ်မက်စ်ရန်ကုန် ဟိုတယ်က ပေးထားတဲ့ Staycation package မှာဆိုရင် နေထိုင်မှုနဲ့ မိသားစု တစုအတွက် မနက်စာ (လူကြီး ၂ ယောက်၊ ၁၆ နှစ်အောက် ကလေး ၂ ယောက်စာ) ပါဝင်မှာ ဖြစ်ပြီး တညကို ၁၄၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ မေလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အတွင်း ရှိနေမယ့် ယင်း Package ကို စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင်္ကြန်တွင်းမှာတော့ ပြည်တွင်းက မိသားစုတွေ အတွက် အထူးအနေနဲ့ ၁၁၁ ဒေါ်လာကို နိုဗိုတယ်က ဈေးလျှော့ပေးထားတယ်လို့ မဂျိုအန်နာယုက ပြောပါတယ်။ လုပ်ငန်းဆောင်တာ များလွန်းတဲ့ ပြည်တွင်းဧည့်သည်တွေ အတွက် ဒီလို အစီအစဉ်ကို အထူးဝန်ဆောင်မှု ပေးထားတာပါ။
“အလုပ်များတဲ့ သူ တယောက်အနေနဲ့ ဟိုတယ်မှာပဲ အားလပ်ရက်အပန်းဖြေရတဲ့ staycation အလေ့အထကို ကျမ မြတ်နိုးမိပါတယ်။ ကျမရဲ့ အလုပ်အချိန် ဇယားတွေကြောင့် ခရီးထွက်ဖို့ အချိန်မရတာ အမြဲတမ်းလိုလို ပါပဲ။ ဒါကြောင့် ကျမ သူငယ်ချင်းတွေနဲ့ ကျမဟာ ဟိုတယ်မှာပဲ Staycation ကို လုပ်ဖြစ်ကြပါတယ်” လို့ အသက် ၂၈ နှစ်အရွယ်ရှိ မသန္တာက ပြောပြပါတယ်။
Staycation ဟာ အထူးတလည် အစီအစဉ်ရေးဆွဲ ရတာမျိုး မလိုတဲ့ အပြင် အထုတ်အပိုးတွေလည်း ခေါင်းအစားခံပြီး ပြင်ဆင်စရာ မလိုတဲ့ အတွက် ပျော်မိပါတယ် လို့ သူက ဖြည့်စွက်ပြောပါတယ်။ သူဟာ မကြာသေးခင်ကပဲ ဆီဒိုးနား ဟိုတယ်မှာပဲ သူငယ်ချင်းတွေနဲ့ staycation အပန်းဖြေခဲ့ပါသေးတယ်။
“ကျမတို့ ဒီလိုပဲ ထပ်အပန်းဖြေဦးမှာပါ။ ဖြစ်နိုင်တယ် ဆိုရင်တော့ တနေရာရာကို ခရီးထွက်ရရင်တော့ ပိုကောင်းတာပေါ့ လေ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ staycation တည်းရတာလည်း ပျော်စရာပါ”ဟု မသန္တာက ပြောပါတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဧပြီ ၂၃ ရက်က ဖော်ပြခဲ့သည့် Staycation Culture Booms in Myanmar ကို ဆီလျော်အောင်ဘာသာပြန်သည်။