ကမ်းခြေ ဆိုတာ စိတ်အပန်းဖြေဖို့၊ အနားယူဖို့ သွားရောက် လည်ပတ်စရာ၊ လေကောင်း လေသန့်ရနိုင်မယ့် နေရာပါ။ ဒါပေမယ့် အဆင်မပြေမှုတွေ ရှိလာမယ် ဆိုရင်တော့ သင့် အနေနဲ့ ကမ်းခြေရောက်ပါတယ် ဆိုလည်း ဘာမှ မထူးပါ။ ပြီးတော့ ကိုယ်သွားမယ့် ကမ်းခြေက အန္တရာယ်ရှိမယ် ဆိုရင် ဘာမှ အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ပါ။ သို့သော် အန္တရာယ် ရှိတဲ့ နေရာကိုမှ သွားချင်သူတွေလည်း ရှိနေနိုင်ပါတယ်။ သူတို့ အတွက်တော့ အဆင်ပြေကောင်း ပြေမှာပါ။
အခု ပြောမှာက အပန်းဖြေ အနားယူမယ် ဆိုသူတွေ အတွက် ရှောင်ရှားရမယ့် ကမ္ဘာပေါ်က အန္တရာယ် အများဆုံး ကမ်းခြေတွေ အကြောင်း လေ့လာတင်ပြမှာ ဖြစ်ပါတယ်။
(၁) Hanakapaai Beach – ဟာဝိုင်ရီ ကျွန်းစုထဲက Kauai ကျွန်းမှာ ရှိတဲ့ ကမ်းခြေပါ။ ဒီကမ်းခြေက ပင်လယ်ပြင်နဲ့ တိုက်ရိုက် တဆက်တည်း တည်ရှိနေတာကြောင့် လေပြင်းတိုက်ပြီး လှိုင်းကြီး တတ်ပါတယ်။ ကမ်းခြေကတော့ အလွန်တရာ လှပပါတယ်။ ရေလွှာလျှောစီးရင်း၊ ရေကူးရင်း လှိုင်းနဲ့ ရောပါ သေဆုံးမှုတွေတောင် ရှိတယ် လို့ သိရပါတယ်။ လှိုင်းဒဏ်ခံ ကျောက်တန်း ကာကွယ်ထားလည်း မရှိလို့ လာရောက် လည်ပတ်သူတွေ အတွက် အန္တရာယ် ရှိနေတာပါ။
(၂) New Smyrna Beach – အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက ကမ်းခြေပါ။ ကမ္ဘာမှာ ငါးမန်း တိုက်ခိုက်မှု အများဆုံး ကမ်းခြေ အဖြစ် လူသိများပါတယ်။ ၂၀၁၇ အတွင်း ဖလော်ရီဒါ တက္ကသိုလ်ရဲ့ နိုင်ငံတကာ ငါးမန်း တိုက်ခိုက်ခံရမှု မှတ်တမ်း စာရင်း အရ ငါးမန်း အကိုက်ခံရမှု ၉ မှု ဖြစ်ခဲ့ပါတယ်။ ဒါတောင် ၂၀၁၆ အတွင်းက ၁၅ မှုတောင် ဖြစ်ခဲ့တာပါ။
(၃) Gansbaai – တောင်အာဖရိကမှာ ရှိပါတယ်။ ကမ်းခြေက သဲသောင်ပြင်တွေ အပြင် ကျောက်တန်းတွေနဲ့ ရောနှော ဖြစ်တည် နေပါတယ်။ အရမ်းလှပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ အခု ကမ်းခြေ နယ်တဝိုက်ကို Shark Alley လို့ ခေါ်ပါတယ်။ ငါးမန်းတို့ အသိုက်ချရာ ကျောက်တွင်းတွေ ရေအောက်မှာ အများအပြား ရှိနေလို့ ရေကူးရင်း ငါးမန်းတွေရဲ့ တိုက်ခိုက်မှု ခံရတတ်ပါတယ်။
(၄) Cape Tribulation – သြစတြေးလျမှာ ရှိတဲ့ အခု ကမ်းခြေက Jellyfish (ငါးဖန်ခွက်) တွေ အများအပြား ကျက်စားရာ နေရာပါ။ ရေငံ ပင်လယ်ပြင်နေ ငါးတွေ ဖြစ်လို့ အဆိပ်ရှိပါတယ်။ ဒေသခံတွေကတော့ ပင်လယ်နဲ့ မြစ် ချိတ်ဆက်ရာ မြစ်ဝမှာ ရေ မကူးဖို့ အကြံပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် မြစ်ဝမှ မဟုတ်ဘဲ ကမ်းခြေ တဝိုက်မှာလည်း ငါးဖန်ခွက် တွေ နေထိုင်လျက် ရှိပါတယ်။ ရေကူးဝတ်စုံ လုံခြုံ သေချာအောင် ဝတ်ဆင်ပြီးမှ ရေကူးသင့်တဲ့ ကမ်းခြေ တခုပါ။
(၅) Playa Zipolite – သေမင်းတမန် ကမ်းခြေ (Beach of Death) လို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ ကမ်းခြေပါ။ ကမ်းခြေက သာယာ လှပသလောက် လှိုင်းကြီးလွန်း၊ ကြမ်းလွန်းပါတယ်။ လူမျောပါ သေစေနိုင်လောက်မယ့် လှိုင်းတွေ မကြာခဏ တက်ရောက် ရိုက်ခတ်တတ်ပါတယ်။ တော်သေးတာ တခုက အသက်ကယ် အဖွဲ့က အချိန်ပြည့် ရှိနေပါတယ်။ ဒါပေမယ့် အရမ်းတော့ မစွန့်စားသင့်၊ အပျော် မလွန်သင့်တဲ့ ကမ်းခြေပါပဲ။
(၆) Morecambe Bay – အင်္ဂလန်မှာ ရှိတဲ့ အခု ကမ်းခြေက ပင်လယ်ကွေ့ပေါ်မှာ ရှိနေပြီး The Guardian သတင်းစာရဲ့ ဖော်ပြချက်မှာကိုပဲ သဲသောင် မခိုင်မာတာတွေ၊ ရေအောက် ရေမြောင်းတွေ အများအပြား ရှိနေတာတွေ၊ မြစ်ရေ ဝင်ရောက်လေ့ ရှိပြီး ဒီရေ အတက်၊ အကျ အနေအထားတွေကြောင့် အန္တရာယ် ရှိတဲ့ ကမ်းခြေ တခုလို့ ဆိုထားတာပါ။ အပန်းဖြေဖို့တော့ ရှုခင်းရော၊ ဇိမ်ခံ လည်ပတ် သွားလာစရာပါ များပေမယ့် သဲသောင် မခိုင်မာမှုတွေက နစ်မြှပ်သွားတဲ့ ဘယ်အရာမှ ပြန်ပေါ် မလာဘူးလို့ ကြားရတာနဲ့တင် ကျောချမ်းစရာပါ။
(၇) Myrtle Beach – တောင်ကယ်ရို လိုင်းနားမှာ ရှိတဲ့ အခု ကမ်းခြေက ၂၀၁၇ ခုနှစ် အမေရိကန်မှာ အန္တရာယ် အများဆုံး ကမ်းခြေ စာရင်းမှာ အဆင့် ၃ ချိတ်ပါတယ်။ ငါးမန်းတွေလည်း ကမ်းခြေ အနီးတဝိုက်မှာ ကျက်စားလေ့ ရှိတယ်။ ရေလည်း သန့်ရှင်းမှု အားနည်းတာကြောင့် လည်ပတ် အပန်းဖြေဖို့ မကောင်းဘူး လို့ ဒီစာရင်းကို ထုတ်ပြန်တဲ့ SafeWise က မှတ်ချက် ပေးထားတာပါ။
ဒါပေမယ့် မိုင်တယ် ကမ်းခြေရဲ့ တာဝန်ခံ Mark Kruea ကတော့ ကမ်းခြေကို လာလည် လှည့်ပါ၊ မပြန်ချင်လောက်အောင် ပျော်ရပါလိမ့်မယ် လို့ ABC 15 News ကို ပြန်လည် ချေပ ပြောကြားထားတာ တွေ့ရပါတယ်။
(၈) Chowpatty Beach – ပတ်ဝန်းကျင် ရေမသန့်ရှင်းမှု တချက်တည်းနဲ့တင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ရှိတဲ့ အခု ကမ်းခြေက ဒီစာရင်းမှာ ပါရှိလာတာပါ။ အမှိုက်တွေလည်း မျောပါနေတတ်တယ်၊ ကမ်းခြေ သဲသောင်တွေ ပေါ်မှာလည်း စွန့်ပစ် ပစ္စည်းတွေ တင်နေတတ်တယ်။ ၂၀၁၁ ခုနှစ် အတွင်း ကျောက်မီးသွေး သင်္ဘောတစီး ကမ်းခြေ တဝိုက်မှာ နစ်ခဲ့လို့ မီးသွေး မက်ထရစ်တန် ၆ သောင်း ရေထဲကျပြီး ကတည်းက ရေမသန့်ရှင်းမှုက သိသိသာသာ ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
(၉) Fraser Island – သြစတြေးလျမှာ ရှိတဲ့ အခု ကမ်းခြေက သဘာ၀ ပတ်ဝန်းကျင် စစ်စစ်ရဲ့ အရသာကို ခံစားချင်သူတွေ အတွက် စိတ်ကြိုက် ဖြစ်မှာပါ။ ပြီးတော့ တောတောင်ထဲ အပျော်ခရီးထွက်ချင်သူတွေ အတွက်လည်း တောတောင်တွေ အနီးမှာ ရှိနေတာပါ။ ဒါပေမယ့် Dingo လို့ ခေါ်တဲ့ သြစတြေးလျ တောခွေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတတ်သလို လူသေဆုံးမှုတွေပါ ရှိနေလို့ စိတ်ချ လက်ချ မပျော်ရနိုင်တဲ့ ကမ်းခြေ တခု ဖြစ်လာပါတယ်။
အထူးသဖြင့်တော့ တောတွင်းပိုင်း ဝင်ရောက် မလည်ပတ်ဖို့နဲ့ တောတွင်းပိုင်း အတွင်း မနေထိုင်တာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် ကမ်းခြေနဲ့ သစ်တောနဲ့ကလည်း ဆက်စပ်နေ ပြန်ပါသတဲ့။
(၁၀) Amazon Beaches – တောင်အမေရိကတိုက် တဝှမ်း အမေဇုန်တောနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေအားလုံးက တောကြီး မြွေမျိုးတွေ၊ ဓာတ်လိုက်နိုင်မယ့် လျှပ်စစ်ဓါတ်ထုတ် ငါးရှည့်တွေ၊ အုပ်စုလိုက် တိုက်ခိုက်မှု ပြုတတ်တဲ့ အသားစား ငါးငယ် အုပ်တွေ၊ Vampire Fish လို့ ခေါ်တဲ့ အသားစား ငါးတွေရဲ့ တိုက်ခိုက်မှုတွေကို ခံရနိုင်ပါတယ်။
ပြီးတော့ မူးယစ်ဆေး လောကနဲ့ရော ဒုစရိုက်လောကနဲ့ပါ နီးစပ်နေလို့ လူ့ပတ်ဝန်းကျင်မှာလည်း စိတ်မချရပါဘူး။ ဒါကြောင့် ရေပေါ် ရေအောက် အန္တရာယ်များတဲ့ ကမ်းခြေတွေလို့တောင် ဆိုနိုင်ပါတယ်။
(၁၁) Northern Territory – သြစတြေးလျမှာပဲ ရှိတဲ့ အခု မြောက်ပိုင်း ကမ်းခြေက ရေေနေ သတ္တဝါတွေရဲ့ တိုက်ခိုက် အန္တရာယ်ပေးလာ နိုင်မှု များတဲ့ ကမ်းခြေပါ။ ငါးဖန်ခွက်တွေ၊ ကျောက်ငါးတွေရဲ့ တိုက်ခိုက်မှု ခံရနိုင်ပါတယ်။ ပြီးတော့ လူနေမှု ဝေးလံပြီး တနေရာရာ ကနေ အကူအညီ ရယူလိုမှု အတွက် ဖုန်းခေါ်မယ် ဆိုရင် အချိန် ပေးပြီး စောင့်ဆိုင်း ခေါ်ဆိုမှ အကူအညီ လာရောက်တတ်လို့ မတော်တဆမှု ဖြစ်ခဲ့ရင်တောင် ချက်ချင်း အကူအညီ မရနိုင်တဲ့ ကမ်းခြေ တခုပါ။
(၁၂) Staithes Beach – အင်္ဂလန်မှာ ရှိတဲ့ အခု ကမ်းခြေက လှိုင်းလုံး ကြီးကြီးမှာ ရေလွှာလျှောစီးချင်သူတွေ စိတ်ကြိုက် ဖြစ်မယ့် ကမ်းခြေပါ။ ဥရောပမှာ ရေလွှာလျှောစီးလို့ အကောင်းဆုံး ကမ်းခြေတွေထဲက တခုပါ။ ဒါပေမယ့် ရေထုကတော့ သိပ် မသန့်ပါ။ BBC ရဲ့ ဖော်ပြချက် တခု အရတော့ အဓိက ရေကို မသန့်စေတဲ့ အကြောင်းရင်းက စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ရေဆိုးတွေ စွန့်ထုတ်မှုကြောင့်လို့ ဆိုပါတယ်။ စွန့်ထုတ်ရေဆိုး ပမာဏက များပြီး ပယ်လယ်ရေနဲ့ အချိုးမကျတာက ကမ်းခြေကို ရေမသန့်ရှင်းမှု ဖြစ်နေစေတာပါ။
(၁၃) Kilauea – ဟာဝိုင်ရီ ကျွန်းစုမှာ ရှိတဲ့ ဒီကမ်းခြေက သဲသောင်ပြင်က အနက်ရောင် ဖြစ်လို့ ထူးခြားနေတာပါ။ ဒါပေမယ့် အခုထိအောင် မီးမငြိမ်းသေးတဲ့ မီးတောင်တွေ ရှိတယ်၊ ၃၅ နှစ်လောက် ဆက်တိုက် ဖြည်းဖြည်းချင်း ပေါက်ကွဲ နေတဲ့ မီးတောင်တွေပေါ့။ ချော်ရည်၊ ချော်ခဲ လွှင့်စင်မှုတွေလည်း ရှိတယ်။ ဒါကြောင့် ရေအပူချိန်က မြင့်တက်လာချိန် ဆိုရင် ၁၁၀ ဒီဂရီလောက်ထိအောင် ရောက်သွားတတ်ပါသေး တယ်။ ရေလည်း ပူ၊ မီးတောင်လည်း ကြောက်ရတဲ့ ကမ်းခြေတခု ပါပဲ။
Ref: www.rd.com