Travel

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် ၁၀ ခု

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်များ စာရင်းထဲမှာတော့ အာရှမြို့တော်များက လွှမ်းမိုးထားတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်က ပြုစုတဲ့ ဒီစာရင်းထဲကို မိုးမျှော်တိုက် ၂ တိုက် ထပ်မံဝင်ရောက်ခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း မိုးမျှော်တိုက် ၁ တိုက် ဝင်လာတာပါ။

ဟောင်ကောင်ရှိ မိုးမြင့်မျှော်တိုက်တချို့မှာ အံ့ဘနန်း ဖြစ်သော်လည်း မြို့တော်ရဲ့အထပ်မြင့်တိုက်များ အတွက် ကန့်သတ်ချက် များကြောင့် ဟောင်ကောင်က မိုးမျှော်တိုက် တလုံးတည်းသာ ဒီစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မြို့ပြအထပ်မြင့် အဆောက်အဦများ ကောင်စီက ကောက်ခံရရှိတဲ့ အချက်အလက်တွေ အရ ကမ္ဘာတလွှား အမြင့်ဆုံး တိုက်များ စာရင်းကို ဖော်ပြလိုက်ပါတယ်။ ယင်းကောင်စီက အမြင့်ပေကိုသာ ဦးစားပေးထားပြီး ဗိသုကာ ဆိုင်ရာ အချက် အလက်တွေ ကိုတော့ ထည့်သွင်း စဉ်းစားခြင်း မရှိဘူး လို့ ဆိုပါတယ်။

၁၀။ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးစင်တာ၊ ဟောင်ကောင်၊ အမြင့်ပေ ၁၅၈၈

ဟောင်ကောင်မှာ ရှိတဲ့ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး စင်တာဟာ အထပ်ပေါင်း ၁၀၈ ထပ် ရှိပြီးတော့ ၂၀၁၀ ပြည့်နှစ်က ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီ တိုက်ရဲ့အနေအထားက ဒီစာရင်းထဲမှာ နံပါတ် ၁၀ နေရာကို လျှောကျ သွားပေမယ့် ထိုစဉ်ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထအမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်ခဲ့ပါတယ်။ အဲဒီ မိုးမျှော်တိုက် အဆောက်အဦးထဲမှာတော့ Ritz-Carlton, Hong Kong စတဲ့ ကုမ္ပဏီကြီးတွေ၊ လူနေအခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ကြယ်ငါးပွင်း စားသောက်ဆိုင်တွေ အပါအဝင် အပေါ်ဆုံး အထပ် ၁၀၈ ထပ်မှာ ရေကူးကန်ကြီးလည်း ပါဝင်တာကြောင့် ကမ္ဘာ့အမြင့်ဆုံး ရေကူးကန်လို့ ဆိုရမှာပါ။

၉။ ရှန်ဟိုင်းကမ္ဘာ့ဘဏ္ဍာရေးစင်တာ၊ တရုတ်၊ ၁၆၁၄ ပေ

ရှန်ဟိုင်း ကမ္ဘာ့ဘဏ္ဍာရေးစင်တာဟာ ၂၀၀၈ ခုနှစ်မှာ ဆောက်လုပ် ပြီးစီးခဲ့ပြီး အမြင့်ပေ ၁၆၁၄ ဖြစ်ကာ အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ရှန်ဟိုင်းမြို့ ပူဒေါင်ခရိုင်မှာ တည်ရှိပြီး နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး စင်တာ အဖြစ် အသုံးပြုနေ ပါတယ်။ ဟိုတယ်အခန်းများ၊ ရုံးခန်းများ၊ ခန်းမများ၊ သုတေသနလုပ်ငန်းများနဲ့ ရှော့ပင်းမောလ်တွေ ပါဝင်ပါတယ်။

အဲဒီမိုးမျှော်တိုက်ကို တြာပီဇီယမ် (မျက်နှာချင်းဆိုင် အနားတစုံသာ ပြိုင်သောစတုဂံ) ပုံစံနဲ့ အမြင့်ကိုထိုးတက်သွားတဲ့ အမိုးချွန်ဒီဇိုင်းပါ။ လေထုထည်ချိန်ညှိစနစ် (Variable Air Volume) လို့ခေါ်တဲ့ လေဖိအားထိန်းချုပ်တဲ့ စနစ်ပါ တပ်ဆင်ထား ပါတယ်။ အဆောက်အဦးအမြင့်မှာ တက်နေတဲ့ လူတွေအဖို့ မြေပြင်နဲ့ မခြား လေတိုက်ခြင်း၊ ပစ္စည်းပစ္စယ များ လေးလံခြင်းတို့ ရှိစေအောင် ထောင့်ဖြတ်ဖရိမ် ဗိသုကာဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာပါ။ အဲဒီ မိုးမျှော်တိုက် ဒီဇိုင်းကို ကောင်းမွန် ပြည့်စုံတဲ့ ဒီဇိုင်း အဖြစ် ဝေဖန်ကြပါတယ် လို့ ဆိုပါတယ်။

၈။ တိုင်ပေ ၁၀၁ ၊ ထိုင်ဝမ်၊ ၁၆၆၇ ပေ

အမြင့်ပေပေါင်း ၁၆၆၇ ပေရှိပြီး ၁၀၁ ထပ် ပါဝင် တည်ဆောက်ထားတဲ့ တိုင်ပေ ၁၀၁ မိုးမျှော်တိုက်ဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေ မြို့တော်မှာ တည်ရှိပါတယ်။ ၂၀၀၄ ခုနှစ်က ဆောက်လုပ်ပြီးစီးတဲ့ အချိန်မှာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် ဟိုးဟိုးကျော် သွားခဲ့ပါတယ်။ အဆောက်အဦကို စိမ်းပြာရောင် မှန်ချပ်တွေနဲ့ ဖိတ်ဖိတ်တောက်နေအောင် တန်ဆာဆင်ထား ပါတယ်။ ဒီဇိုင်းဆွဲ၊ ပုံထုတ် တည်ဆေက်ခဲ့တာကတော့ C. Y. Lee & Partners နဲ့ KTRT ဆောက်လုပ်ရေးတို့ ပူးပေါင်းအဖွဲ့ ဖြစ်ပါတယ်။ မြေငလျင်ဒဏ်နဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ်တွေ ခံနိုင်အောင် စီမံထားတယ် လို့ ဆိုပါတယ်။ ဒီအဆောက်အအုံ တည်ဆောက်ပုံကို Leadership in Energy and Environmental Design (LEED) အဖွဲ့ကနေ အသိအမှတ်ပြု ဆုချီးမြှင့် ခဲ့ပါတယ်။ တိုင်ပေ ၁၀၁ ဟာ ပို့စ်မော်ဒန် ဗိသုကာပညာရဲ့ နမူနာဆိုရင်လည်း မမှားပါဘူး။

၇။ CTF ဘဏ္ဍာရေးစင်တာ၊ တရုတ်၊ ၁၇၃၉ ပေ

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂေါင်ဇုပြည်နယ်မှာတည်ရှိတဲ့ CTF ဘဏ္ဍာရေးစင်တာဟာ ကမ္ဘာ့အမြင့်ဆုံးစာရင်းမှာ ဝင်လာတာ သိပ်မကြာသေးပါဘူး။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ပြီးစီးခဲ့တဲ့မိုးမျှော်တိုက်ပါ။

တနာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ အတက်အဆင်းပြုလုပ်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကား တပ်ဆင်ထားတဲ့ အတွက် စံချိန်တင်ပါတယ်။ စုစုပေါင်း ၁၁၁ ထပ်ရှိပါတယ်။ ကားရပ်ဖို့ နေရာပေါင်း ၁၇၀၅ ခု ပါဝင်တဲ့ ရှော့ပင်းမောတခုကိုလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ ရုံးခန်းများ အပြင် အထပ် ၇၀ ကျော်မှာ အခန်းပေါင်း ၂၅၁ ခန်းရှိတဲ့ ဟိုတယ်တလုံး ရှိပေမယ့် မဖွင့်ရသေးပါဘူး။

၆။ One ကမ္ဘာ့ကုန်သွယ်မှု ဗဟိုဌာန၊ အမေရိကန်နိုင်ငံ၊ ပေပေါင်း ၁၇၇၆

ပေပေါင်း ၁၇၇၆ ရှိပြီး ၁၀၄ ထပ်ရှိတဲ့ One ကုန်သွယ်မှုဗဟိုဌာနဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်မှာ အမြင့်ဆုံး ဖြစ်ရုံမက အနောက်တိုင်းမှာလည်း အမြင့်ဆုံး မိုးမျှော်တိုက်ပါ။

၂၀၁၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးပါတယ်။ အိုစမာဘင်လာဒင်ရဲ့ ၉/၁၁ တိုက်ခိုက်ခံရမှု အထိမ်းအမှတ် အဖြစ် မူလ ဝေါထရိတ်စင်တာရဲ့ မြောက်ဘက်မှာ တည်ရှိတဲ့ အတွက် မြောက်ဘက်တာဝါလို့ နာမည်ပေးထားပါတယ်။ ဒီအဆောက်အဦဟာ သဘာဝမိုးရေခံတဲ့ စနစ်အပါအဝင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုထားပါတယ်။ One ကုန်သွယ်မှု ဗဟိုဌာနရဲ့ အနာဂတ်အစီအစဉ် အဖြစ် စက်တင်ဘာ ၁၁ အထိမ်းအမှတ် အောက်မေ့ဖွယ်ရာ ပြတိုက်နဲ့ ရုံးခန်းများ ပေါ်လာထွက်ဖို့ လျာထားပါတယ်။

၅။ လော်တီ (LOTTE) ကမ္ဘာ့မျှော်စင်၊ တောင်ကိုရီးယား၊ ၁၈၁၉ ပေ

တောင်ကိုရီးယား နိုင်ငံမှာ ရှိတဲ့ လော်တီ ကမ္ဘာ့မျှော်စင်ဟာ ဒီစာရင်းထဲ အသစ်ဝင်လာတဲ့ မိုးမျှော်တိုက်ပါ။ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ဆောက်လုပ် ပြီးစီးခဲ့ပြီး ကမ္ဘာပေါ်မှာ နံပါတ် ၅ နေရာ ရှိတဲ့ မိုးမျှော်တိုက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လမှာ စတင် တည်ဆောက်ခဲ့ပြီး ၁၃ နှစ် တိုင်တိုင်ကြာမြင့်ပါတယ်။ ၁၂၃ ထပ်ရှိပြီး မြေအောက်မှာ ၆ ထပ်ရှိပါသေးတယ်။ ငလျင်ဒဏ် ရစ်ချ်တာ စကေး ၉ အထိခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတယ် လို့ သိရပါတယ်။

၄။ ပန်အန်း နိုင်ငံတကာ ဘဏ္ဍာရေး စင်တာ၊ တရုတ်၊ ၁၉၆၅ ပေ

ပန်အန်း နိုင်ငံတကာ ဘဏ္ဍာရေး စင်တာဟာ တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်မှာ တည်ရှိပြီး ၁၉၆၅ ပေ မြင့်ပါတယ်။ မကြာသေးမီကမှ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်များ စာရင်းထဲ ရောက်လာတာပါ။ ၂၀၁၅ ခုနှစ် ကတည်းက အမြင့်ဆုံး အဆောက်အဦစာရင်းထဲ ထည့်သွင်းခဲ့ ပေမယ့် ၂၀၁၇ မကုန်မီ ဆောက်လုပ်မှု အားလုံး ပြီးစီးဖို့ လျာထားခဲ့တာပါ။ အဲဒီ အဆောက်အဦဟာ ပန်အန်း အာမခံလုပ်ငန်းကို အစွဲပြုပြီး အမည်ပေးထားတာပါ။ အထပ်ပေါင်း ၁၁၅ ထပ်ကို အတက်အဆင်း ချက်ချင်း လုပ်နိုင်အောင် နှစ်ထပ်ဓာတ်လှေကား ၃၃ စင်းထည့်သွင်းထားပါတယ်။ ဒီအဆောက်အဦမှာ လေကြောင်း ခရီးစဉ်အတွက် အနှောင့်အယှက်ဖြစ်စေတယ် လို့ ဆိုပေမယ့်လည်း ရုပ်သံလွှင့် လုပ်ငန်းတွေ အတွက် အင်တင်နာ တာဝါ အဖြစ် သုံးဖို့ အဆောက်အဦဒီဇိုင်းမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

၃။ မက္ကာ့ချ် တော်ဝင်နာရီမျှော်စင်၊ ဆော်ဒီအာရေဗျ ၊ ၁၉၇၂ ပေ

အာဘရေး အယ် ဘိုင်တစ် လို့ ရည်ညွှန်းကြတဲ့ မက္ကာ့ချ်တော်ဝင်နာရီမျှော်စင်ဟာ ၁၉၇၂ ပေမြင့်တဲ့ အတွက် ကမ္ဘာ့တတိယ အမြင့်ဆုံး အဆောက်အဦပဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာ ရှိပြီး ဆော်ဒီအစိုးရပိုင်ပါ။ အထပ်ပေါင်း ၁၂၀ ရှိတဲ့ ဟိုတယ်တလုံး အဖြစ် ဆော်ဒီဘင်လာဒင်လုပ်ငန်းစုက တည်ဆောက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစုဟာ ဆော်ဒီ ဆောက်လုပ်ရေး လောကမှာ အကြီးဆုံးပါ။

၂၀၁၂ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဂျာမန်ဗိသုကာ လုပ်ငန်း SL Rasch GmbH နဲ့ မာမက်ဗိသုကာလုပ်ငန်းတို့ ပူးပေါင်းပြီး ဒီနာရီမျှော်စင်ကို ဒီဇိုင်းထုတ်ခဲ့ကြပါတယ်။ နာရီမျက်နှာပြင်ကို ၁၄၁ စတုရန်းပေ ယူထားတဲ့ အတွက် ကမ္ဘာ့ အကြီးဆုံး နာရီအဖြစ် ဖန်တီးထားပါတယ်။ ဟိုတယ်အခန်းတွေ အပြင် ဒီမျှော်စင်ကို အစည်းအဝေးခန်းမ၊ အစ္စလာမ် ပြတိုက်၊ လူတသောင်းဆန့် ဝတ်ပြုဆုတောင်းခန်း၊ ဥပုသ်ရာသီ လ, စောင့်ကြည့်ခန်း၊ အထပ် ၅ ထပ်ပါ ရှော့ပင်းမောလ် တို့ပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ နာရီရဲ့ထိပ်မှာ အစိမ်းနဲ့ အဖြူမီးပွင့်ပေါင်း ၂၁၀၀၀ တပ်ဆင်ထားပြီး ဆုတောင်း ဝတ်ပြုချိန်ကို အချက်ပြပေးနေပါတယ်။ အဲဒီမီးအလင်းဟာ ၁၉ မိုင်အထိ ရောက်ပါတယ်။

၂။ ရှန်ဟိုင်းမျှော်စင်၊ တရုတ်၊ ၂၀၇၃ ပေ

အထပ်ပေါင်း ၂၁၂ ထပ်ရှိပြီး အမြင့်ပေ ၂၀၇၃ ပေရှိတဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ရှိတဲ့ ရှန်ဟိုင်းတာဝါဟာ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး အဆောက်အဦပါ။ ရှန်ဟိုင်းတာဝါကို ၂၀၀၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လမှ လုပ်ငန်း အပြီးသတ်ခဲ့တဲ့ အတွက် ရှစ်နှစ်ကြာခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး လေ့လာရေး မျှော်စင်လည်း ဖြစ်ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်ကတော့ ၄ ဒသမ ၂ ဘီလီယံပါ။

ရှန်ဟိုင်းဘဏ္ဍာရေး ဇုန်မှာ တည်ရှိပြီး ရှန်ဟိုင်းမှာ ရှိတဲ့ အမြင့်ဆုံးမိုးမျှော်တိုက်တွေ ဖြစ်တဲ့ ဂျင်မော်မျှော်စင်နဲ့ ရှန်ဟိုင်း ကမ္ဘာ့ဘဏ္ဍာရေး စင်တာတို့ထက် မြင့်ပါတယ်။ ဒီမျှော်စင်ကို အမေရိကန်ဗိသုကာ လုပ်ငန်းတခု ဖြစ်တဲ့ ဂန်စလာ (Gensler) ကနေ ဟိုတယ်တလုံးနဲ့ ရုံးခန်းအဖြစ် သုံးနိုင်အောင် ဆောက်ပေးခဲ့တာပါ။ ကားပါကင်ပေါင်း တသောင်းတထောင်ပါဝင်ပြီး ဟိုတယ်အခန်း ၃၂၀ ရှိပါတယ်။ ရှန်ဟိုင်းတမြို့လုံးရဲ့ ကောင်းကင်မြင်ကွင်းကို တနေရာတည်းကနေ အကုန်ကြည့်နိုင်အောင် ဆွဲဆောင် ဖန်တီးပေးထားပါတယ်။

၁။ ဘာ့ဂျ်ခလီဖာ၊ အာရပ်စော်ဘွားများပြည်ထောင်စု – ၂၇၁၇ ပေ

မူလက ဘာ့ဂျ်ဒူဘိုင်းလို့ ခေါ်တဲ့ ဘာ့ဂျ်ခလီဖာဟာ ဒူဘိုင်းတမြိ့လုံးကို ကြည့်ရှုခံစားနိုင်တဲ့ ကောင်းကင်မြင်ကွင်းတခု ဖန်တီးပေးထားပါတယ်။ အထပ်ပေါင်း ၁၆၃ ထပ်နဲ့ ၂၇၁၇ ပေမြင့်ပါတယ်။ ဒါဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦပါပဲ။ စတီးနဲ့ ကွန်ကရစ် အသုံးပြု တည်ဆောက်ထားပါတယ်။ ဆောက်လုပ်ပေးတဲ့ လုပ်ငန်းစုတွေ ကတော့ မိုးမျှော်တိုက် ဆောက်ခြင်း အတွေ့အကြုံရှိကြတဲ့ One ကမ္ဘာ့ကုန်သွယ်မှု စင်တာ၊ ဝီလစ်မျှော်စင်စတာတွေ ဆောက်ခဲ့တဲ့ ဗိသုကာ အကျော်အမော် Owings, Skidmore နဲ့ Merrill of Chicago တို့ ဖြစ်ကြပါယ်။

တောင်ကိုရီးယားမှ ဆမ်ဆောင်း C&T က အင်ဂျင်နီယာပိုင်းနဲ ဆောက်လုပ်မယ့် ပုံစံတွေ ထုတ်ပေးခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ် မှာ အပြီးသတ်ခဲ့ပါတယ်။ ဒီအဆောက်အဦး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ယူအေအီး အစိုးရက တိုင်းပြည် ဝင်ငွေကို ရေနံအပေါ် တည်မှီ နေရာမှ ခရီးသွား လုပ်ငန်းဘက် အာရုံပြောင်းတဲ့ အနေအထားကြောင့်ပါ။ အိမ်ခန်းပေါင်း သုံးသောင်း၊ လူနေမျှော်စင် ၁၉ ခု၊ ဧက ၃၀ ကျယ်တဲ့ လူလုပ် ရေကူးကန်၊ ၇ ဧက ကျယ်တဲ့ ပန်းခြံ၊ ဟိုတယ် ၉ လုံး၊ ရှော့ပင်းမောလ် တခုတို့ ပါဝင်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုအောင် ယူအေအီးအစိုးရက အထူးတည်ဆောက် ထားတာပါ။ ချောမွေ့ပြောင်လက်တဲ့ အဆောက်အဦ ဒီဇိုင်းက ဝေဖန်သူတွေရဲ့ ချီးမွမ်းမှု ရရှိစေပါသတဲ့။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading