“The Beach” ရုပ်ရှင်ကြောင့် နာမည်ကျော်ကြားတဲ့ ထိုင်းနိုင်ငံရဲ့ Maya Bay ကမ်းခြေမှာ ရှိတဲ့ သန္တာကျောက်တန်းတွေမှာ အပူချိန် မြင့်မားလာမှုကနေ သက်သာရာ ရစေဖို့နဲ့ တနေ့ကို ခရီးသွား ထောင်နဲ့ ချီပြီး လာရောက်တဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်မှုတွေကို လျော့ပါးစေဖို့ ဇွန်လ ကနေစပြီးတော့ ၄ လကြာ ပိတ်ထားမှာဖြစ်ကြောင်း သိရပါတယ်။
ကပ္ပလီပင်လယ်ထဲက Phi Phi Leh ကျွန်းမှာရှိတဲ့ အဲဒီပင်လယ်အော် ဒေသဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ထွက်ရှိခဲ့ပြီး မင်းသား Leonardo Di Caprio ပါဝင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်အိမ် တည်ရာ နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ရုပ်ရှင်ကြောင့် ထိုင်းနိုင်ငံရဲ့ စိမ်းမြတဲ့ ပင်လယ်နဲ့ ဖြူဖွေးတဲ့ ပင်လယ်ကမ်းခြေအလှတရားတို့ကို ကြည့်ရှုသူ ပရိသတ်တွေ မြင်တွေ့ခံစားခဲ့ကြရပါတယ်။
အဲဒီကမ်းခြေမှာ တနေ့ကို ခရီးသွား ၅ ထောင်လောက် လာရောက်ကြတယ်လို့ ထိုင်းနိုင်ငံရဲ့ ခရီးသွား အေဂျင်စီက ပြောဆို ထားပါတယ်။ မီတာ ၁၀၀ လောက်မြင့်တဲ့ တောင်ချောက်ကမ်းပါးက ကာရံထားတဲ့ Maya Bay ဒေသမှာ စပိဘုတ်နဲ့ ကူးတို့ လှေတွေနဲ့ သွားလာနိုင်ကြပါတယ်။ ဇွန်လ ၁ ရက်ကနေ စပြီး ပိတ်လိုက်ရတာကတော့ ပူနွေးလာတဲ့ အပူချိန်နဲ့ မြင့်တက်လာတဲ့ ခရီးသွားအရေအတွက် ကြောင့် ထိခိုက်နေရတဲ့ အဲဒီဒေသမှာရှိတဲ့ သန္တာကျောက်တန်းတွေကို ကယ်တင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာရှိတဲ့ ခရီးသွားလုပ်ငန်းအာဏာပိုင်းရုံးက ဒါရိုက်တာ Kanokkittika Kritwutikon က “ကျနော်တို့ရဲ့ အရေးကြီးတဲ့ ခရီးသွားလုပ်ငန်းမှာ အဓိကကျတဲ့အပိုင်းမှာ ရှိတဲ့ ကျနော် တို့ရဲ့ သဘာဝအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးစားဖို့က ဒီတနည်းပဲရှိတာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဘယ်စက်လှေတွေကိုမှ ပင်လယ်အော်ထဲမှာ ကျောက်ချခွင့်ပြုမှာမဟုတ်ဘူးလို့ ခရီးသွားလုပ်ငန်း Maya Bay Tours ကဆိုထားပါတယ်။
ဒုတိယအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ဝင်ငွေ ၁၂ ရာခိုင်နှုန်းက ခရီးသွားလုပ်ငန်းကနေ ရရှိတာ ဖြစ်ပေမယ့် ခရီးသွားဦးရေ လျင်လျင်မြန်မြန် မြင့်တက်လာတာနဲ့ ကြီးမားတဲ့ ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်နိုင်မှုအပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာ နေပါတယ်။
ဒီနှစ်မှာတော့ ပတ်ဝန်းကျင်ထိခိုက်မှု စိုးရိမ်ချက်များကြောင့် ကမ်းခြေနေရာ ၂၄ ခုမှာ ဆေးလိပ် မသောက်ဖို့နဲ့ အမှိုက်မပစ်ဖို့ တားမြစ်ထားပါတယ်။ ထိုင်းနိုင်ငံဟာ သမုဒ္ဒရာစွန့်ပစ်အညစ်အကြေး အကြီးမားဆုံး ထုတ်လွှတ်သူ ဖြစ်ပြီး တောရိုင်း တိရိစ္ဆာန်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတယ် လို့ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်တဲ့ Science မဂ္ဂဇင်းရဲ့ အစီရင်ခံစာ တခုမှာ ဖော်ပြထားပါတယ်။
Ref:asiaone