ကသည်းလူမျိုး၊ ကူကီးနဲ့ နာဂ လူမျိုးတို့လို့ ဆိုလိုုက်ရင် မြန်မာပြည်ရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားမျိုးနွယ်စု စာရင်းထဲမှာ ပါလို့ မြန်မာတွေအတွက်တော့ မစိမ်းပါဘူး။ ၎င်းတို့အများစုက မြန်မာနဲ့အိန္ဒိယနယ်စပ်တလျှောက် နေထိုင်ကြတာ ဖြစ်သလို အိန္ဒိယနိုင်ငံ အရှေ့မြောက်အရပ် ပြည်နယ် ၇ ခုထဲက မဏိပူရ၊ အာသံ၊ မီဇိုရမ်၊ နာဂလန်းနဲ့ အရုန်နာချာ ပရာဒေ့ ပြည်နယ်မှာ အများအားဖြင့် နေထိုင်ကြတာ ဖြစ်ပါတယ်။
အိန္ဒိယအရှေ့မြောက်ဒေသက ကသည်းလူမျိုးအများစုရှိတဲ့ မဏိပူရပြည်နယ်ကို အိန္ဒိယနိုင်ငံ အသေးစား လေးအဖြစ် တင်စားခေါ်ဝေါ်ကြတယ်။ မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့တောင်အာရှ ထွက်ပေါက်လိုု့ လည်း ရည်ညွန်းနေကြပါတယ်။ လူဦးရေ ၂ သိန်းခွဲကျော်ရှိတဲ့ အင်ဖာမြို့မှာ ကသည်းလူမျိုးများက အများ ဆုံးဖြစ်ပြီး၊ နာဂ နဲ့ ကူကီး မျိုးနွယ်စုတွေအပြင် ဟိန္ဒူ၊ မွတ်ဆလင်၊ ပန်ချာပီ စတဲ့ အင်ဒီးယန်းတွေလည်း စုပေါင်းနေထိုင် လျက်ရှိပါတယ်။
ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အိန္ဒိယ နိုင်ငံမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး၊ ပြည်နယ် အလိုက် အုပ်ချုပ်ရေးစနစ်မှာလည်း အဆင့်ဆင့် ရွေးကောက်တင်မြောက်ကြပြီး ခေါင်းဆောင်မှု ပြုကြပါတယ်။ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မတူကွဲပြားတဲ့ လူမျိုးစုတွေရှိတဲ့ ပြည်နယ်တွေ ပေါင်းစည်းပြီး အိန္ဒိယ နာမည်အောက်ကပဲ နိုင်ငံသားတွေ ခံယူကြရပေမယ့် ဘာသာစကား ယဉ်ကျေးမှု မတူတဲ့ အရှေ့မြောက်ဒေသက တောင်တန်းသားများကတော့ အချုပ်အခြာအာဏာပိုင်ခွင့်ရဖို့ တိုက်ပွဲဝင်နေတာ နှစ်ပေါင်း ၇၀ ကျော်လာပြီ ဖြစ်ပါတယ်။
အရှေ့မြောက်ဒေသဟာ နာဂ နဲ့ကသည်း လက်နက်ကိုင် သူပုန်တို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိတာ ကြောင့် လုံခြုံရေးကတော့ သူမတူအောင် တင်းကြပ်ထားတာကို တွေ့ရပါတယ်။ မဏိပူရ အရှေ့ဘက် တောင်တန်းတွေမှာ အမှတ် ၁၂ အာသံရိုင်ဖယ် အရန်တပ်က အဓိက လုံခြုံရေးယူတာပါ။ နယ်မြေခံရဲနဲ့ ဗဟိုအစိုးရ စစ်တပ် တပ်ရင်းတွေလည်း ရှိတာတွေ့ရတယ်။ မြို့ထဲ ဝင်လိုက်တာနဲ့ စစ်တပ်နဲ့ ရဲလုံခြုံရေး အမြောက်အမြားကို တွေ့ရတဲ့အခါ မလုံခြုံမှု ခံစားရပေမယ့် ဒေသခံတွေအတွက်တော့ သာမန် အနေအထား အတိုင်းပဲလို့ သိရပါတယ်။
ဇွန်လ အစောပိုင်းက မဏိပူရ မြို့တော် အင်ဖာနဲ့ နယ်စပ် မိုရေး မြို့ထဲ လှည့်လည် လေ့လာမိသလောက် ဧရာဝတီ က စုစည်း တင်ပြလိုက်ပါတယ်။
မဏိပူရ ပြည်နယ် မြို့တော် အင်ဖာဟာ အေဒီ ၃၃ ခုနှစ် ကတည်းက ကသည်းဘုရင်တို့ အဆက်ဆက် အုပ်ချုပ်ခဲ့ တာဖြစ်ပြီး အင်္ဂလိပ်တို့ လာရောက်သိမ်းပိုက်သည့် ၁၈၉၁ ခုနှစ်နောက်ပိုင်းမှာ ဗြိတိသ ျှကိုလိုနီဖြစ်ခဲ့ပြီး၊ လွတ်လပ်ရေး ရလိုက်သည့် အခါတွင်လည်း အိန္ဒိယနိုင်ငံ နယ်နိမိတ်ထဲ ပါဝင်လာခဲ့ရတယ်။ (မဏိပူရ ပြည်နယ် ဟာ ဘိုးတော်ဘုရားလက်ထက်က မြန်မာအပိုုင်ဖြစ်ခဲ့သော်လည်း ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး လက်လွှတ်ခဲ့ ရပါတယ်။)
အင်ဖာမြို့မှာ လည်ပတ်စရာ တွေထဲက မသွားမဖြစ် သွားသင့်တာက Kangla Fort လို့ ခေါ်တဲ့ ကသည်းဘုရင်ဟောင်း တို့ရဲ့ နန်းတော်ဟောင်း နေရာဖြစ်ပါတယ်။ ကန်ဂလာခံတပ်ထဲက ပြတိုက်မှာ သမိုင်းအချက်လက်ကို လေ့လာနိုင်ပြီး နန်းတော်ဟောင်း မြေနေရာတွေကို လိုက်လံကြည့်ရှုရတာ အတိတ်က ကသည်းတို့ ခမ်းနားခဲ့မှုကို ပြန်လည် ခံစားမိပါတယ်။
နန်းတော်ဟောင်း ဝင်းထဲမှာပဲ ၁၈၁၄ ခုနှစ်က ကသည်းဘုုရင် မာဂျစ် (Marjit) ဖောက်လုပ်ခဲ့တဲ့ ပိုလိုဂိမ်း ကစားကွင်း လည်း ရှိပါတယ်။ မဏိပူရ ပြည်နယ်က စတင်ခဲ့တဲ့ ပိုလိုဂိမ်းကစားနည်းက လက်ရှိမှာတော့ ကမ္ဘာကျော် အားကစား တမျိုးလည်း ဖြစ်နေတာကိုု တွေ့ရပါတယ်။
ကသည်းတို့ရဲ့ ရိုးရာဓလေ့ ယုံကြည်မှုက နတ်ဘုရား ကိုးကွယ်မှုဖြစ်ပြီး ဟိန္ဒူနဲ့ ခရစ်ယာန်လို တခြား ဘာသာဝင် တွေအဖြစ် ကူးပြောင်းခြင်း မခံရမှီအထိ ရိုးရာ ကိုးကွယ်ယုံကြည်မှုကို သက်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
မဏိပူရရောက်ရင် သွားသင့်တဲ့ နောက်တနေရာက သောင်ဘာ (Thoubal) ခရိုင်ထဲက ကသည်း စစ်သူကြီး ဗိုုလ်ချုပ် ပိုနာ Paona Brajabasi ကို ဂုဏ်ပြု ဖွင့်လှစ်ထားတဲ့ Khongjom စစ်သမိုင်းပြတိုုက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ပိုနာဟာ ဗြိတိသ ျှတပ်တွေကို ခုခံ တိုက်ခိုက်ရင်း ၁၈၉၁ ခုနှစ်က ကျဆုံးခဲ့တဲ့ သူရဲကောင်းဖြစ်တယ်လို့ သိရပါတယ်။
အင်ဖာမြို့မှ ၃၆ ကီလိုမီတာသာဝေးပြီး အင်ဒို-မြန်မာ ကားလမ်းပေါ်မှာ တည်ရှိတဲ့ ဒီစစ်သမိုင်းပြတိုက်က ဒေသခံ တွေ ညနေခင်း အပန်းဖြေရာ နေရာလေး တခုလည်း ဖြစ်တာကို တွေ့ရပါတယ်။ ပေ ၇ ရာကျော်သာ မြင့်တဲ့ တောင်ကုန်းလေးပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အင်ဖာမြို့တွင်းမှာ စစ်သူကြီးကို ဂုဏ်ပြုထားတဲ့ ပိုနာဘဇာ ဈေးရှိပြီးတော့ မနက်စောစောပိုင်းနဲ့ ညနေဘက် တွေမှာ စည်ကားတဲ့ Ima ခေါ် အမေဈေးက ဒေသထွက် သီးနှံတွေ၊ လက်မှု အထည်တွေအကြောင်း လေ့လာ နိုင်ပါသေးတယ်။ ညနေဘက်ဈေးမှာတော့ ကုန်စိမ်းဈေးဗန်းလေးတွေမှာ ဘက်ထရီမီးတိုုင်လေးတွေ အစီအစဉ် တကျ ထွန်းပြီး ရောင်းချတာ ဖြစ်ပါတယ်။ အမေဈေးလို့ခေါ်တာဟာ အသက်ကြီးကြီး အမျိုးသမီးတွေ သာ ရောင်းကြပြီး အမျိုးသားတွေနဲ့ လူငယ်အမျိုးသမီးတွေက ဈေးရောင်းလေ့ မရှိတာကြောင့်လို့ ဒေသခံတွေက ဆိုပါတယ်။ ပိုနိုဘဇာ ဈေးမှာပဲ အိန္ဒိယ-မြန်မာနယ်စပ် မိုရေး-တမူးမှာရှိတဲ့ နန်းဖာလုံဈေးက ကုန်ပစ္စည်းတွေ အများဆုံး သယ်ယူ ရောင်းချတာလို့လည်း သိရပါတယ်။
မြို့တော်အင်ဖာကနေ တောင်တန်းတွေကို ကျော်ပြီး အရှေ့တောင်ဘက်ကို သွားတဲ့အခါ တန်နုဖာ (Tengnoupal) ခရိုုင်ကိုဖြတ်ပြီး မိုရေးမြို့ကို ၃ နာရီအတွင်း ရောက်နိုင်ပါတယ်။ ၁၀၈ ကီလိုမီတာဝေးတဲ့ မိုရေးမြို့က မြန်မာနိုင်ငံ ဘက်ခြမ်း နယ်စပ် တမူးမြို့နဲ့ ကပ်လျက်ရှိပြီးတော့ နန်းဖာလုံ ဈေးဟာဆိုရင် ဒေသတွင်း အစည်အကားဆုံး ဈေးတခု ဖြစ်ပါတယ်။
နန်းဖာလုံဈေးက အင်ဒို-မြန်မာနယ်စပ်ဂိတ် အမှတ် ၂ မှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက မီး အကြီးအကျယ် လောင်ခဲ့ပေမယ့် ဈေးကတော့ ပုံမှန်လေး စည်းကား နေတာကို တွေ့ခဲ့ရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်အမှတ် ၁ ဂိတ်ဘက်မှာတော့ အင်ဒို-မြန်မာ ချစ်ကြည်ရေးတံတားကိုလွန်တဲ့အခါ နယ်စပ်ကုန်သွယ်ရေး ကြီးကြပ်ဖို့ စခန်းသစ်တခု တည်ဆောက်နေပြီး အာရှလမ်းမသစ်ကတဆင့် ကုန်စည် စီးဆင်းဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
မိုရေးမြို့မှာ ကူကီး လူမျိုးတို့ အများဆုံးနေထိုင်ပြီး နာဂမျိုးနွယ်စုတချို့၊ ကသည်းနဲ့ တမီးလ် လူမျိုးစုတွေအပြင် နီပေါ၊ မွတ်ဆလင် စတဲ့မျိုးနွယ်တွေလည်း နေထိုင်ကြကြောင်း ဒေသခံတွေက ဆိုုပါတယ်။ ဒေသခံ တိုုင်းရင်းသား တွေ အနေနဲ့ နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါတယ်။ ဒီအတွက် ကြောင့်လည်း လွတ်လပ်စွာ သွားလာခွင့်က နယ်စပ်မျဉ်း တဖက်တချက်စီမှာ နေထိုင်ကြတဲ့ ဒေသခံတွေအတွက် အတားအဆီး မရှိခဲ့ပါဘူး။
ဒီလို သွားလာနိုင်ပေမယ့် မြန်မာပြည်တွင်း အခြေစိုုက် နာဂ နဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့တွေက နယ်စပ် ဖြတ်ကျော်ပြီး အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မကြာခဏ တိုက်ခိုုက်တဲ့အတွက် ၁၆၄၃ ကီလိုမီတာ နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ နှစ်နိုုင်ငံ အစိုးရတွေက နယ်စပ်ခြံစည်းရိုးကာရံဖို့ ကြိုးစား နေကြပါတယ်။
ဒီခြံစည်းရိုး ကာရံနေတဲ့အပေါ်မှာတော့ ဒေသခံ လူထုတွေက ကန့်ကွက်ကြပါတယ်။ မဏိပူရပြည်နယ်တွင်းက အိုခရူးခရိုင်က ထန်ကူးနာဂ လူမျိုးများကတော့ နယ်စပ်ခြံစည်းရိုး ကာလိုက်ရင် မြန်မာပြည်ဘက်ခြမ်း စုမ်မရရွာက ၎င်းတိုု့ ထန်ကူးဆွေမျိုးများထံ သွားလာလိုု့ မရတော့မှာကြောင့် ခြံစည်းရိုးကာတာကို သဘောမတူနိုင်ဘူးလိုု့ ဆိုကြပါတယ်။ ထန်ကူး၊ ခွန်းညက် နာဂမျိုးနွယ်စုတွေဟာ မြန်မာပြည် ဘက်ခြမ်းရော အိန္ဒိယ ပြည်ဘက်ခြမ်းမှာပါ နေထိုင်ကြပါတယ်။
ဒေသခံ ဌာနေတိုင်းရင်းသားများက နယ်စည်းမခြား လွတ်လပ်စွာ သွားလာလုပ်ကိုင်လိုသော်လည်း အိန္ဒိယအရှေ့မြောက် ဒေသ၏ တည်ငြိမ်မှုမရှိသော အခြေအနေများကြောင့် ဗဟိုအစိုးရက ဒေသတည်ငြိမ်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အလားအလာများ မြင်တွေ့နေရသည်ကို တွေ့ခဲ့ရပါတယ်။
အဆိုပါ အခြေအနေများသည် မဏိပူရနှင့် အရှေ့မြောက်ဒေသအတွင်း လက်ရှိ အခြေအနေများကို သွားရောက်လေ့လာခဲ့သမျှ တင်ပြခြင်း ဖြစ်ပါတယ်။