Travel

အာရှဒေသရဲ့ အလှဆုံး တောင်ပေါ်မြို့ ၉ မြို့ စာရင်းဝင် ပြင်ဦးလွင်မြို့

Want create site? Find Free WordPress Themes and plugins.

တောင်ပေါ်မြို့တွေဟာ တောင်တန်းတွေပေါ်မှာ တည်ရှိပြီး ရာသီဥတ ုမျှတတာကြောင့် နွေရာသီမှာ လည်ပတ်လို့ အကောင်းဆုံး နေရာတွေပဲ ဖြစ်ပါတယ်။ အာရှမှာရှိတဲ့ ဒီလိုလည်ပတ်စရာ ကောင်းတဲ့ တောင်ပေါ်ဒေသ နေရာတွေကို နိုင်ငံခြား မီဒီယာတခုဖြစ်တဲ့ Post Magazine က ဖော်ပြထားပြီး အဲဒီစာရင်းမှာ မြန်မာနိုင်ငံက အထင်ကရ တောင်ပေါ်မြို့လေး ပြင်ဦးလွင်မြို့လည်း ပါတယ်။

အာရှဒေသရဲ့ အလှပဆုံး တောင်ပေါ်မြို့ ၉ မြို့ကတော့

(၁) Shimla

အိန္ဒိယမှာ တည်ရှိပြီး ၁၈၂၀ ခုနှစ်လောက်တုန်းက ကိုလိုနီနယ်မြေ ဖြစ်ခဲ့ပါတယ်။ အဲဒီကို သွားဖို့အတွက် အရင်တုန်းက ဆင်တွေကိုသာ အသုံးပြုရပြီး အခုတော့ ရထားလမ်း၊ ကားလမ်းတွေနဲ့ပါ သွားလို့ ရနေပါပြီ။ ခရစ်ယာန်ဘုရားကျောင်းတွေ ရှိသလို နှင်းတွေပါ တွေ့ရတတ်တာမို့ ခရီးသွားတွေ အများစု လာရောက်လည်ပတ်တဲ့ တောင်ပေါ်မြို့လည်း ဖြစ်ပါတယ်။

(၂) Baguio

၁၉ ရာစုတုန်းက အမေရိကန်တွေက ဖိလစ်ပိုင်နိုင်ငံအတွင်းက အပူရှောင်လို့ ရတဲ့နေရာအဖြစ် Baguio ကို အသိအမှတ် ပြုခဲ့ပါတယ်။ Baguio ကို သွားဖို့အတွက် ကမ်းရိုးတန်းပေါ်မှာ ကားလမ်း တည်ဆောက်ထားပါတယ်။ ၁၉၀၀ ပြည့်နှစ် တုန်းက တည်ဆောက်ခဲ့တဲ့ အမေရိကန်တောင်ကုန်း ဘူတာရုံသာလည်း အဲဒီ့နေရာမှာပဲ တည်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နွေရာသီမှာ သွားလည်ဖို့ သင့်တော်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

(၃) ပြင်ဦးလွင်

ပြင်ဦးလွင်မြို့ဟာ အခုထိတိုင် ကိုလိုနီခေတ်လက်ရာတွေနဲ့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်

“မေမြို့” လို့ သိကြတဲ့ ပြင်ဦးလွင်ဟာဆိုရင် ကိုလိုနီခေတ်လက်ရာတွေနဲ့ အခုထိတိုင် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဘုရား၊ တရုတ်ဘုံကျောင်း ၊ ခရစ်ယာန်ဘုရားကျောင်း အစုံတွေ့ရမှာ ဖြစ်သလို ကန်တော်ကြီးပန်းခြံဟာလည်း လန်ဒန်က Kew ပန်းခြံကို နမူနာယူထားတယ်လို့ သိရပါတယ်။ အေးမြတဲ့ ရာသီဥတုနဲ့ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေကြောင့် ပြင်ဦးလွင်ဟာ မြန်မာပြည်မှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ နေရာတခုပဲ ဖြစ်ပါတယ်။

(၄) Maubisse

အရှေ့တီမောက မြို့တခုဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၄၀၀ မီတာမှာ တည်ရှိပါတယ်။ ကိုလိုနီနယ်မြေ ဖြစ်သလို နှင်းဆီခြံတွေ ပေါ်တူဂီဝိုင်တွေက နာမည်ကြီးပါတယ်။ ခရီးသွားတွေ အများဆုံး လာရောက်ကြတဲ့ နေရာ ဖြစ်တာကြောင့် ဒေသခံတွေအတွက် ဝင်ငွေတွေ ဖန်တီးပေးနိုင်တဲ့ နေရာတခုပါ။

(၅) Cameron Highlands

မလေးရှားမှာ ရှိပါတယ်။ ၁၉၆၀ ခုနှစ်မှာ ခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် အဆင့် တိုးမြှင့်ခဲ့ပြီး အရှေ့တောင်အာရှက ခရီးသွားလာသူတွေက ဒီနေရာမှာ ကိုယ်တိုင်စ တော်ဘယ်ရီသီးတွေ ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။ လက်ဖက်နဲ့ အခြား ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့အတွက် မြေဆီသြဇာ အလွန်ကောင်းတဲ့ မြို့လည်းဖြစ်ပါတယ်။

(၆) Da Lat

ဗီယက်နမ်က Da Lat ကလည်း ခရီးသွားအများစုကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတခုပါ။ ပြင်သစ် အငွေ့အသက်တွေ လွှမ်းခြုံထားပြီး ပေါင်မုန့်ရှည်၊ ချိစ့်နဲ့ ပြင်သစ်ဝိုင်တွေပါ တွေ့ရမှာ ဖြစ်ပါတယ်။ လှပတဲ့ ရှုခင်းတွေကို ရထား(သို့မဟုတ်) စက်ဘီးနဲ့ လှည့်လည် ကြည့်ရှုနိုင်ပါတယ်။

(၇) Nuwara Eliya

သီရိလင်္ကာမှာ ရှိပါတယ်။ ရေတံခွန်တွေ ထင်းရှူးတောတွေရှိပြီး ခြေလျင်တက်မယ်ဆိုရင် ၄ နာရီလောက် အချိန်ပေး ရပါတယ်။ ဂေါက်ကွင်းတွေရှိပြီး မြင်းပြိုင်ပွဲတွေကိုပါ ကြည့်ရှုခံစားနိုင်ပါတယ်။

(၈) Bogor

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရဲ့ တောင်ပိုင်းမှာ တည်ရှိပြီး ဒတ်ချ်တွေရဲ့ အငွေ့အသက်တွေ လွှမ်းခြုံလို့ နေပါတယ်။ အပင်မျိုးစိတ်ပေါင်း ၁၅၀၀၀ တွေ့ရတဲ့ ရုက္ခဗေဒဥယျာဉ်ဟာ သုတေသနလုပ်ဖို့ အကောင်းဆုံးနေရာတခုပါ။

(၉) Murree

ပါကစ္စတန်နိုင်ငံမှာ ရှိပြီး ၁၈၅၃ ခုနှစ်တုန်းက အင်္ဂလိပ်စစ်တပ်တွေ အခြေချခဲ့တာပဲ ဖြစ်ပါတယ်။ ကိုလိုနီခေတ် အဆောက်အဦတွေကို အခုချိန်မှာ ဟိုတယ်အဖြစ် မြင်တွေ့ရမှာ ဖြစ်သလို ပြည်တွင်း ခရီးသွားလာရေးအတွက် အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။

ဒီနေရာ ၉ ခုကတော့ အာရှမှာ လည်ပတ်ဖို့ အကောင်းဆုံးနဲ့ ကိုလိုနီလက်ရာတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် တောင်ပေါ်မြို့တွေပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading