Travel

အမျိုးသမီးတွေ တကိုယ်တော် ခရီးထွက်ခြင်းရဲ့ နောက်ကွယ်က အဆင်မပြေမှုများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေ တယောက်တည်း ခရီးသွားတယ်ဆိုတဲ့ နောက်မှာ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတာပါ။ အနောက် နိုင်ငံတွေမှာတော့ တကိုယ်တော် အမျိုးသမီး ခရီးသွား ဆိုတာ မစိမ်းပေမယ့် အာရှတိုက် အထူးသဖြင့် အရှေ့တောင် အာရှလို ရှေးရိုးစွဲ အမြင်တွေ ရှိနေသေးတဲ့ နိုင်ငံတွေမှာတော့ နည်းနည်းစိမ်းနေပါလိမ့်မယ်။

တကယ်တော့ အမျိုးသမီးတွေ တကိုယ်တော် ခရီးသွားရတာ အလုပ်ကိစ္စကြောင့်လည်း ဖြစ်နိုင်သလို၊ ခရီးထွက်ပြီး စွန့်စားချင်စိတ်၊ ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်စိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ခရီးသွားဖို့ စီစဉ်ရင်း အတူတူသွားမယ့် သူငယ်ချင်းတွေနဲ့ ညှိမရတဲ့အဆုံး ကိုယ်ဘာသာ တယောက်တည်း ခရီးစ သွား ဖြစ်တာလို့ အမျိုးသမီး ခရီးသွား Blogger တယောက် ရေးထားတာ ဖတ်ခဲ့ရဖူးပါတယ်။ မှန်ပါတယ်။ တချို ကြတော့လည်း တခြားသူတွေနဲ့ ညှိရင်း အဆင်မပြေတဲ့အဆုံး ကိုယ့်ဘာသာပဲ ခရီးသွားကြည့်ရင်း တယောက်တည်း သွားရတာကို ကြိုက်သွားတာမျိုးလည်း ရှိပါတယ်။

“ဘယ်သူနဲ့မှ ညှိနှိုင်းစရာ မလိုဘူး၊ နောက်ဆံမတင်းပဲ သွားနိုင်တယ်၊ ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်လုပ်ကြည့် ချင်တဲ့ အရာတွေ လုပ်ကြည့်နိုင်တယ်” စတဲ့ အားသာချက်တွေကြောင့် အမျိုးသမီးတွေ တကိုယ်တော် ခရီးသွားကြတာပါ။

တကိုယ်တော် ခရီးက ပြန်လာပြီး နောက်ပိုင်း “အမှီအခို ကင်းလာတယ်၊ တယောက်တည်း ဆုံးဖြတ်နိုင်လာတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာတယ်” စတဲ့ ကောင်းကျိုးတွေ ရှိလာတယ်လို့ အများစုက ဆိုကြပါတယ်။ တဖက်မှာလည်း အခုချိန်ထိ တွေ့ကြုံနေရတဲ့ အဆင်မပြေမှုတွေတော့ ရှိနေဆဲပဲလို့ ဝန်ခံကြပါတယ်။

အမျိုးသမီးတွေ တကိုယ်တော် ခရီးထွက်တဲ့အခါ ဘယ်လို အဆင်မပြေမှုတွေ အများစုတွေ့ကြုံရလဲ ကြည့်ရအောင်။

(၁) အမျိုးသမီး တယောက်တည်း ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ အကြည့်ခံရတဲ့ မျက်လုံးတွေက မတူပါဘူး။ သူတို့ အကြည့်တွေရဲ့ နောက်ကွယ်မှာ “ဘာလို့ တယောက်တည်း လာတာလဲ၊ ရိုးရိုးသားသား ဟုတ်ရဲ့လား” စတဲ့ သံသယတွေ ရှိနေတတ်သလို တချို့ကျပြန်တော့ “ဒီအရွယ်ရောက်နေပြီ၊  အတူတူလိုက်လာမယ့် အိမ်ထောင်ဘက်တောင် မရှိဘူးလား” ဆိုတဲ့ သနားတဲ့ အကြည့်တွေလည်း ရှိနေတတ်ပြန်ပါတယ်။

(၂) တယောက်တည်း ခရီးသွားတဲ့အခါ ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်ကြည့်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အကန့်အသတ်တာ ရှိနေပါတယ်။ ကိုယ်လုပ်ကြည့်ချင်တဲ့ တချို့အရာတွေက လူအများနဲ့ သွားမှ အဆင်ပြေမယ့် နေရာမျိုး၊ လူနဲ့ဝေးတဲ့ မြို့အစွန်ကနေရာတွေကို သွားလည်ချင်တယ်ဆိုရင် အမျိုးသမီး တယောက်တည်းသွားလို့ အန္တရာယ်ရှိ နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၃) တချို့နိုင်ငံတွေကျပြန်တော့ သူတို့ရဲ့ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ အမျိုးသမီး တယောက်တည်း သွားလာတာကို ခွင့်မပြုတာမျိုးလည်း ရှိပါတယ်။ အင်ဒိုနီးရှား၊ ဘာလီက ဘုရားကျောင်းတွေထဲကို ရာသီလာတဲ့အချိန် အဝင် မခံတာမျိုး၊ မော်ရိုကို နိုင်ငံမှာဆိုရင် အမျိုးသမီးတယောက်တည်း ကော်ဖီဆိုင် မထိုင်ရတာမျိုး၊ မွတ်စလင်နိုင်ငံတွေမှာဆိုရင် လုံလုံခြုံခြုံ ဝတ်ရတာမျိုး စတဲ့ စည်းကမ်းချက်တွေနဲ့ ကန့်သတ်ထားကြပါတယ်။ ဒီလို အမျိုးသမီး တွေကို ကန့်သတ်မှုများတဲ့ နိုင်ငံတွေကိုတော့ တယောက်တည်း ခရီးသွားမယ်ဆိုရင် ဂရုစိုက် ပြင်ဆင် ထားသင့်သလို၊ သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်လေ့လာ သွားသင့်ပါတယ်။

(၄) အမျိုးသမီးတယောက်တည်း သွားလာနေတာဖြစ်လို့ တချို့နေရာတွေမှာ ကိုယ့်ကို မလိုအပ်ဘဲ အာရုံစူးစိုက်ခံရ တတ်ပါတယ်။ အသားအရောင် မတူညီတဲ့ နိုင်ငံတွေဆို ကိုယ်တယောက်တည်း ကွဲထွက်ပြီး ထင်ပေါ်နေလို့ ဘယ်သွားသွား အာရုံစိုက်ခံ၊ ဝိုင်းကြည့်ခံရတယ်လို့ အာဖရိကကို သွားလည်ပတ်ခဲ့ဖူးတဲ့ အမျိုးသမီး ခရီးသွား Blogger က ဆိုပါတယ်။

(၅) တခါတလေတော့လည်း အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသားတွေလို ကြုံရာနေရာ တည်းလို့ အဆင်မပြေသလို၊ ဖြစ်သလိုနေလို့လည်း မရပါဘူး။ ခရီးသွားရင်း ရာသီလာချိန်နဲ့ တိုက်ဆိုင်သွားရင် ပိုဆိုးပါတယ်။ သန့်သန့်ရှင်းရှင်း ဖြစ်အောင် ရေချိုးလို့အဆင်ပြေမယ့်နေရာ၊ အိမ်သာ အဆင်ပြေမယ့် နေရာမျိုးတွေအထိ လိုက်ကြည့်ရပါတယ်။ နေမကောင်း မဖြစ်အောင်လည်း သတိထား ဆင်ခြင်ရပါတယ်။

(၆) အဆိုးဆုံးကတော့ အသက်အန္တရာယ် ဖြစ်လာနိုင်ခြေပါ။ တယောက်တည်းဖြစ်တဲ့အတွက် မမြင်ရတဲ့ လုယက်မှု အန္တရာယ်တွေ၊ အကြမ်းဖက်ခံရနိုင်တာတွေ၊ နောက်ဆုံး အသက်အန္တရာယ်ထိ ခြိမ်းခြောက်နိုင်တာမျိုးထိရှိလာနိုင် လို့ လုံခြုံစိတ်မှုတွေကို အလေးပေးဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး အန္တရာယ် ကင်းအောင် ဘယ်လိုလုပ်သင့်လဲ၊ ဖြစ်လာရင် အကြောင်းကြားနိုင်အောင်၊ အန္တရာယ်ရှိတဲ့ နေရာမျိုးတွေ တယောက်တည်းဆို မသွားမိအောင် ခရီးမသွားခင် သေချာလေ့လာသွားပါ။ အမျိုးသမီးတွေ တယောက်တည်း ခရီးသွားခြင်းက ကိုယ့်အတွက် ရလာနိုင်တဲ့ ကောင်းကျိုးတွေ အများကြီးရှိသလိုပဲ ဒီအချက်တွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ချင်လို့ တယောက်တည်းခရီးထွက်တော့မယ်ဆိုရင် မသွားခင်ကတည်းက သေချာအသေးစိတ် ပြင် ဆင်သွားသင့်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

Ref: MATADOR Network

Did you find apk for android? You can find new Free Android Games and apps.
Loading