Travel

ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားလာတဲ့ ဗီယက်နမ်နိုင်ငံမှ "ရွှေတံတား"

သစ်တောထူထပ်တဲ့ တောင်ကုန်းတွေရှိရာ ဗီယက်နမ်နိုင်ငံ၊ အလယ်ပိုင်းမှာ သစ်ပင်တွေကနေ ထိုးထွက်လာတဲ့ ကြီးမားတဲ့ ကွန်ကရစ် လက်နှစ်ဖက်က တောက်ပနေတဲ့ ရွှေတံတားကို ပင့်ကိုင်ထားတဲ့ မြင်ကွင်းဟာ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ Selfie ဓာတ်ပုံရိုက်ကူးရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။

ဘုရားသခင်ရဲ့ လက်တွေကို ဖြတ်ပြီး သေးငယ်တဲ့ အပ်ချည်မျှင်ပေါ်မှာ ဖြတ်လျှောက်နေရတဲ့ ခံစားချက်ကို ကမ္ဘာလှည့် ခရီးသည်တွေ ခံစားနိုင်စေဖို့ ဒီဇိုင်ရေးဆွဲထားတဲ့ အဲဒီ “ရွှေတံတား” ဟာ ပြီးခဲ့တဲ့ ဇွန်လ၊ ဒါနန်းမြို့အနီးမှာရှိတဲ့ ဘာနာ တောင်ကုန်းမှာ ဖွင့်လှစ်လိုက်ချိန်ကတည်းက ခရီးသည်တွေ အသွားအလာ မပြတ် ရှိနေခဲ့တာပါ။

အဲဒီတံတားရဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန်ရက် မီဒီယာတွေအပေါ်မှာ လူပြောများလာခဲ့ပြီး အခုလိုမျိုး ဆွဲဆောင်မှုတွေနဲ့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ တံတားကို ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့တဲ့ အင်ဂျင်နီယာ ကုမ္ပဏီက ဆိုပါတယ်။ TA Landscape Architecture ကုမ္ပဏီမှ ဒီဇိုင်းဥက္ကဋ္ဌနဲ့ တည်ထောင်သူ Vu Viet Anh က “ကျနော်တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာတဝန်းကလူတွေ ဝေမျှပြောဆိုကြတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

 

အရှည် ပေ ၄၉၀ ရှိတဲ့ အဲဒီတံတားဟာ ၁၉၁၉ ခုနှစ်တုန်းက နယ်ချဲ့ပြင်သစ်တွေ တောင်ကုန်းစခန်း အဖြစ် ထားရှိခဲ့ရာ တောင်တန်းတွေပေါ်မှာ အမြင့်တနေရာကနေ မြွေလိမ်မြွေကောက်ပုံစံမျိုးနဲ့ ဖြတ်သန်းထားတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီဒေသမှာ ကေဘယ်ကား၊ ရဲတိုက်အတုနဲ့ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် ပြင်သစ် အလယ်ခေတ် ကျေးရွာပုံစံ၊ ဥယျာဉ်တွေနဲ့ လေဒီဂါဂါ၊ မိုက်ကယ်ဂျော်ဒန်တို့ အပါအဝင် ထင်ရှားသူတွေရဲ့ ရုပ်တုတွေရှိရာ ဖယောင်းပြတိုက်တခုလည်းရှိတဲ့အတွက် ကမ္ဘာလှည့် ခရီးသွားတွေကို အဓိက ဆွဲဆောင်ရာနေရာတခုဖြစ်ပါတယ်။

ဒါပေမယ့် ခရီးသွားတွေကတော့ အသစ်ဆောက်လုပ်ထားတဲ့ ဗီယက်နမ်လို “Cau Vang” (မြန်မာလို ရွှေတံတား) လို့ခေါ်တဲ့ တံတားကို ပိုပြီး စိတ်ဝင်စားကြတာတွေ့ရပါတယ်။

ခရီးသည်တဦးဖြစ်သူ Nguyen Trung Phuc က “ဒီတံတားဟာ ထူးခြားတဲ့ ဗိသုကာလက်ရာ ပုံစံတခုနဲ့ လှပပါတယ်။ ဒီကနေ ဒါနန်းမြို့ကိုလည်း မြင်နိုင်ပါတယ်။ အရမ်းကို သာယာပါတယ်။” လို့ပြောကြားခဲ့ပါတယ်။ အခြားခရီးသည် Nguyen Hien Trang က “ကျမ ခရီးတွေ တော်တော်လေး သွားဖူးပါတယ်။ ဒါပေမယ့် ကျမ ဒီတံတားလိုမျိုး လှပတဲ့တံတားမတွေ့ဖူးပါဘူး” လို့ ဆိုပါတယ်။

ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ ခရီးသည်အရေအတွက်နဲ့ အရှေ့တောင်အာရှမှာ သွားရောက် ကြည့်ရှုသင့်တဲ့ နေရာတခုဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့သူနိုင်ငံတကာခရီးသည် ၃၅ သန်း ရှိခဲ့ပေမယ့် ဗီယက်နမ်နိုင်ငံကို ဝင်လာတဲ့ နိုင်ငံခြားသား ခရီးသည် အရေအတွက်ဟာ ၁၃ သန်းသာရှိခဲ့ပြီး အများစုက တရုတ်နိုင်ငံက ဖြစ်ပါတယ်။

အခုရွှေတံတား ဒီဇိုင်နာ Anh ကတော့ ဘာနာတောင်ကုန်းတွေမှာ ရှိနေပြီးသား တံတားနဲ့ ချိတ်ဆက်မှာ ဖြစ်ပြီး ဘုရားသခင်ရဲ့ ဆံချည်မျှင်နဲ့ တူတဲ့ ငွေတံတားတခုကိုလည်း ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဈေးသက်သက်သာသာနဲ့ ဗီယက်နမ်နိုင်ငံ သွားလည်ကြမယ် 

Ref: Dailymail

Loading