ခရီးသွားခြင်းဟာ သင့်စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ခရီးသွားခြင်းကြောင့် စိတ်ဖိစီးမှုတွေ ပျောက်ကင်းစေနိုင်တဲ့အပြင် အတွေးအခေါ်အသစ်တွေကိုပါ ရရှိနိုင်လို့ လူတိုင်းက နှစ်သက်ကြပါတယ်။ ဒါပေမယ့် အပေါင်းအဖော်မပါဘဲ ခရီးသွားဖို့ ကိုတော့ လူတွေက စိုးရွံ့တတ်ကြပါတယ်။
လူငယ်တွေအနေနဲ့ တယောက်တည်းခရီးသွားတဲ့အခါမှာ အိမ်က မစိုးရိမ်ရအောင် ကိုယ့်ကိုတိုင်လည်း လုံခြုံမှုရှိအောင် လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁)အရေးပေါ်ဆက်သွယ်ရမယ့် လိပ်စာတွေကို ချရေးထားပါ။
ခရီးသွားနေစဉ်မှာ အရေးပေါ်ကိစ္စတွေဟာ ကြုံလာနိုင်တဲ့ ပြဿနာတခုပါ။ သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေလာတဲ့ အခါမှာ သင့်အနီးအနားမှာ သင်နဲ့ ပတ်သက်သူတွေရှိမနေနိုင်လို့ သူတို့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ အိမ်လိပ်စာ အစရှိတာ တွေကို ချရေးထားဖို့ လိုအပ်ပါတယ်။
ဖုန်းထဲမှာ Note အနေနဲ့ ရေးမှတ်ထားတာအပြင် စာရွက်ပေါ်မှာ ချရေးထားပြီး ပိုက်ဆံအိတ်စတဲ့ နေရာတွေမှာ သေချာသိမ်းဆည်းထားရပါမယ်။
(၂) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သော့ခတ်ထားပါ။
ခရီးသွားနေတုန်း ကိုယ့်မှာ ပါလာတဲ့ ပစ္စည်းတွေကို သော့ခတ်ထားတာဟာ ရှက်စရာမဟုတ်ပါဘူး။ သင်ဝယ်ထားရတဲ့ အဖိုးတန်ပစ္စည်းတွေကို မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုအပ်ပါတယ်။ သင်သတိလက်လွတ်ဖြစ်သွားချိန်မှာ ဒီပစ္စည်းတွေကို ဘယ်သူမဆို ခိုးယူသွားနိုင်တယ်ဆိုတာ သင်အမြဲတွေးထားဖို့လိုပါတယ်။
(၃)အခက်အခဲရှိလာရင် ဒေသခံတွေကို မေးမြန်းပါ။
လမ်းပျောက်တာဖြစ်ဖြစ်၊ သွားလည်ရမယ့် နေရာတွေကို မသိလို့ပဲဖြစ်ဖြစ် ပြဿနာ တစုံတခုဖြစ်လာခဲ့ရင် ဒေသခံတွေကို မေးမြန်းတာ အကောင်းဆုံးပါ။ ဒေသခံအများစုဟာ ဖော်ရွေပြီး ကူညီလိုစိတ်ရှိကြပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တည်းခိုတဲ့နေရာမှာရှိရင် ဧည့်ကြိုတွေကို မေးမြန်းတာပါပဲ။ သူတို့ဟာ စိတ်ရောကိုယ်ပါ ကူညီတတ်ကြပါတယ်။
(၄) သူစိမ်းတွေကို အပြည့်အဝ မယုံကြည်ပါနဲ့။
သင်ဘယ်နေရာကိုရောက်ရှိနေကြာင်း သင်တယောက်တည်းဖြစ်နေကြောင်းကို ဘယ်တော့မှ Facebook အစရှိတဲ့ လူမှုကွန်ရက်တွေအပေါ် မတင်သင့်ပါဘူး။
ဒါဟာ ခရီးသွားမှ မဟုတ်ပါဘူး။ အမြဲလိုက်နာရမယ့် စည်းကမ်းတခုပါ။ ကိုယ်သွားရောက်မယ့်မြို့မှာ တယောက်ယောက်က သင့်ကို ပထမအကြိမ်လာရောက်တာလား အစရှိတဲ့ မေးခွန်းတွေမေးလာခဲ့ပြီး သင်ဟာလည်းသူ့ကို မယုံကြည်သေးရင် ယခင်က ရောက်ဖူးတဲ့ပုံစံနဲ့သာပြန်လည်ဆက်ဆံပါ။ ဒီလိုမှ မပြောရင် သင်ဟာ ရိုက်စားလို့ အကောင်းဆုံး လူတယောက် ဖြစ်လာမှာပါ။
(၅) ကိုယ်ခံပညာကို အခြေခံအဆင့် တတ်မြောက်အောင်သင်ယူထားပါ။
တိုက်ကွမ်ဒို ခါးပတ်နက်ရနေဖို့အထိ မလိုအပ်ပေမယ့် အခြေခံကိုယ်ခံပညာကို သင်ယူထားသင့်ပါတယ်။ ဒီပညာကို တတ်လို့ သင်ဟာတချိန်လုံး သူများကို အနိုင်ကျင့်နေဖို့မဟုတ်ပါဘူး။ ကာကွယ်တတ်ဖို့ပါ။ တကယ်လို့ တစုံတယောက်က သင့်ကို လက်နက်တစုံတရာနဲ့ ပစ္စည်းပေးဖို့ ခြိမ်းခြောက်လာခဲ့ရင် သူတို့လိုချင်တာကို ပေးပြီး ပြေးနိုင်သမျှမြန်မြန်ပြေးပါ။
သင်ဟာ အရာဝတ္ထုတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ကျဉ်စက် ဒါမဟုတ် ငရုတ်ဖြန်းဆေး အစရှိတာတွေကို ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။
(၆) အရေးပေါ်ငွေ အမြဲချန်ထားပါ (ဝှက်ထားပါ)။
သင်ဟာတယောက်တည်း ခရီးသွားနေတာဖြစ်လို့ တစုံတရာ ကြုံတွေ့လာခဲ့ရင် သုံးနိုင်အောင် အရေးပေါ်ငွေထားရပါမယ်။ တယောက်ယောက်က သင့်ပိုက်ဆံအိတ်ကို ခိုးတာဖြစ်စေ၊ ပိုက်ဆံအိတ်ကျပျောက်တာဖြစ်စေ၊ ဒီလိုကိစ္စတွေ ကြုံ့တွေ့ လာခဲ့ရင် အရေးပေါ်ငွေကို သုံးစွဲဖို့ ဘောင်းဘီအတွင်းအိတ်ကပ်၊ ကျောပိုးအိတ်ရဲ့ အနောက်အိတ်၊ ဖိနပ်အထဲမှာ စသဖြင့် နေရာတွေမှာ ဝှက်ထားသင့်ပါတယ်။
(၇)ဆေးသေတ္တာဆောင်ပါ။
ခရီးသွားနေရင်း အနာတရဆိုတာဖြစ်တတ်ပါတယ် ။ ဂရုစိုက်တဲ့ကြားက ဒီလို အနာတရတွေ ဖြစ်တတ်လို့ ဆေးသေတ္တာ ဆောင်တာ အကောင်းဆုံးပါ။ ဒီအထဲမှာ Sunscreen ဘူးသေး ၊ ဓာတ်ဆားထုတ် ၊ ကပ်ကြေးအသေး၊ အကိုက်အခဲ ပျောက်ဆေး၊ အရေးပေါ်ခြုံစောင် ၊ အနာကပ် ပလပ်စတာ အစရှိတဲ့ ပစ္စည်းတွေ ပါဝင်တဲ့ ဆေးသေတ္တာကို ယူဆောင် သွားသင့်ပါတယ်။
(၈) အလွန်အကျွံသောက်တာကို ရှောင်ပါ။
ခရီးသွားရင်း ခင်မင်လာတဲ့ ခရီးသွားဖော်နဲ့ ဒါမှမဟုတ် တယောက်တည်း အလွန်အကျွံေသောက်ခြင်းကို ရှောင်ပါ။သင်ဟာ သင်နေနေကျနေရာမှာ နေတာ မဟုတ်တဲ့အတွက် အရက်၊ ဘီယာ စတာတွေကို အရမ်းမသောက်ဖို့ လိုပါတယ်။ သင်ဟာ သူစိမ်းတွေချည်းနေတဲ့ နေရာကို ရောက်ရှိလာတာ ဖြစ်လို့ သင့်ကိုသင် အရမ်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Ref;travelblog.com