ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ဂိုတိုကုဂျီ (Gotokuji) ဘုရားကျောင်းဝန်းထဲက လာဘ်ကောင်ကြောင် အဖြူရုပ်လေးတွေကို အကြောင်းပြုပြီး ခရီးသွားအများအပြား လာရောက်လည်ပတ်ကြပါတယ်။ “လာဘ်ခေါ်တယ်”လို့ နာမည်ကြီးနေတဲ့ ညာဘက် ကလေးမြှောက်ထားတဲ့ ကြောင်အဖြူရုပ်ပေါင်း ၁ သောင်းကျော်ရှိတဲ့ ဘုရားကျောင်းကြီးကို လာရောက် လည်ပတ်သူ အများစုကတော့ Instagram သုံးစွဲသူတွေပါပဲ။
Instagrammers လို့ခေါ်တဲ့ အင်စတာဂရမ် သုံးစွဲသူတွေဟာ ဒီကြောင်ရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ပြည်တွင်းကရော၊ ပြည်ပကပါ လာရောက ်လည်ပတ်နေကြတာပါ။ “ကျမ Google မှာ Instagram သုံးသူတွေ အသွားဆုံး ဂျပန်က နေရာတွေကို ရှာကြည့်လိုက်တော့ ဒီနေရာလေး ထွက်လာတယ်။ ဒီနေရာလေးက Instagram အသုံးပြုသူတွေ အများဆုံး လာကြတဲ့ ဆုံမှတ်နေရာတခုပါ” လို့ ဟောင်ကောင်ကနေ လာရောက်လည်ပတ်နေတဲ့ ခရီးသွား အမ်မလီက ဆိုပါတယ်။
ဂျပန်ရဲ့ ယဉ်ကျေးမှုဓလေ့အရ ဒီကြောင်ပုံစံလေးတွေက လာဘ်လာဘကို ကိုယ်စားပြုတာပါ။ ထိုင်ဝမ်မှာနေတဲ့ အသက် ၃၁ နှစ်အရွယ် ဓာတ်ပုံပညာသင်ကျောင်းသား ယင်ချီ ကတော့ ဓာတ်ပုံရိုက်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နေလို့ လာဖြစ်ခဲ့တာပါတဲ့။ အင်စတာဂရမ်မှာ ပုံတင်ထားတာ မြင်လိုက်ရပြီးတည်းက ဒီကိုလာချင်စိတ် ပေါက်သွားတာလို့လည်း ဆိုပါတယ်။
သြဂုတ်လ ၈ ရက် နိုင်ငံတကာကြောင်များနေ့ မတိုင်ခင်ကတည်းက ဒီနေရာကို လာရောက်လည်ပတ်သူဦးရေ အများအပြား ရှိနေပါပြီ။ ဘုရားကျောင်းမှာ ကြောင်ရုပ်လေးတွေ ထားရှိတာကလည်း ၁၅ ရာစုမှာ ရှိခဲ့တဲ့ တာမ လို့ ခေါ်တဲ့ ကြောင်လေးကို အစွဲပြုပြုလုပ်ထားကြတာပါ။ ကြောင်လက်လေး ရှေ့နောက်သွားနေတဲ့ အရုပ်တွေကို စီးပွားရေး လုပ်ငန်းတွေနဲ့ ဈေးဆိုင်တွေမှာလည်း လာဘ်ခေါ် အဆောင်အဖြစ်ထားတာ တွေ့ဖူးကြမှာပါ။
ဂိုတိုကုဂျီဘုရားကျောင်းရဲ့ လက်ထောက်ဆရာတော်က “ဒီကြောင် ရုပ်လေးကို လာဘ်ဝင်အဆောင်အဖြစ်ထား ကြတယ်။ တကယ်လည်း ထားတဲ့နေရာမှာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပါတယ်။ ဘုရားကျောင်းကြီးကလည်း ဒီကြောင်ရုပ် လေးတွေကြောင့် နာမည်ကျော်ပြီး ဧည့်သည်အများအပြား လာရောက်ကြတယ်” လို့ မိန့်ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကျင်းပတော့မယ့် တိုကျိုအိုလံပစ်အားကစားပွဲကြီးမှာ ဧည့်သည်အမြောက်အမြား လာရောက် လည်ပတ်ကြမယ်လို့ မျှော်မှန်းထားကြသလို တိုကျိုမြို့မှာရှိတဲ့ ဂိုတိုကုဂျီ ဘုရားကျောင်းကြီးကိုလည်း ကမ္ဘာ့လှည့် ခရီးသွားတွေ စိတ်ဝင်စားစရာနေရာ တခုအဖြစ် သိရှိကြတော့မှာလည်း ဖြစ်ပါတယ်။
Ref: Channel News Asia