တခါတုန်းက အင်္ဂလန်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်ခဲ့ဖူးတဲ့ စင်ကာပူနိုင်ငံဟာ ယခုအခါမှာ အရှေ့တောင်အာရှမှာ တည်ရှိပြီး ယခုအချိန်မှာတော့ တိုးတက်မှု နှုန်းမြင့်မြင့်နဲ့ စင်ကာပူနိုင်ငံဟာ လူတွေ ဖန်တီးပြုလုပ်ထားတဲ့ ကျွန်းတခုအဖြစ် သတ်မှတ်ထားကြပါတယ်။
စင်ကာပူ နိုင်ငံဟာ မကြာသေးခင်နှစ်များမှာ ကမ္ဘာလှည့်ခရီးသည်များရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကျွန်းနိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ စင်ကာပူကို ဗီဇာ မလိုဘဲ အလွယ်တကူ ခရီးသွားလို့ ရနေပါပြီ။ မြန်မာနိုင်ငံကနေ စင်ကာပူကို သွားမယ်ဆိုရင် လေယာဉ်စီးချိန် ၃ နာရီခန့် ကြာမြင့်ပါတယ်။
လေယာဉ်ခကတော့ အသွား အပြန် ဒေါ်လာ ၁၅၀ လောက် ကျသင့်မှာဖြစ်ပြီး ပရိုမိုးရှင်း ရှိချိန်တွေဆို ဒေါ်လာ ၁၂၀ လောက်ထိ ဈေးချပေးတတ်လို့ ဈေးသက်သက်သာသာနဲ့ သွားချင်တယ်ဆိုရင် ကြိုတင်လေ့လာပြီး သွားသင့်ပါတယ်။ စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံကနေ သွားမယ် ဆိုရင် တိုက်ရိုက် လေကြောင်းလိုင်းတွေ ရှိပါတယ်။
တခုသတိထားရမှာက စင်ကာပူနိုင်ငံမှာ အရာရာတိုင်း ဈေးကြီးတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ တစ်ရှူးတောင် အလကား မရပါဘူး။ ဒါပေမယ့် စင်ကာပူ လမ်းဘေး အစားအစာတွေကတော့ စင်ကာပူ ဒေါ်လာ ၄၊ ၅ ဒေါ်လာပဲ ရှိလိ့ု ဈေးသက်သာတယ်ဆိုနိုင်ပါတယ်။ စင်ကာပူ ဒေါ်လာ ၁ ဒေါ်လာကို မြန်မာငွေ ၁၀၈၀ ကျပ် ဝန်းကျင် ရှိပါတယ်။
“ခြင်္သေ့မြို့တော်”လို့ အဓိပ္ပာယ်ရတဲ့ စင်ကာပူနိုင်ငံကို လည်ပတ်မယ်ဆိုရင် အမျိုးမျိုးသော စားသောက်ကုန်တွေ၊ အဆင့်မြင့် ကုန်တိုက်ကြီးတွေ၊ မြေအောက်ရထားလမ်း ပို့ဆောင်ရေးတွေနဲ့ အဆင်မြင့်မြင့် လှပနေတဲ့ မြို့တော်ကို တွေ့ရမှာပါ။
(၁) Sentosa
အပန်းဖြေ ကျွန်းတခုဖြစ်တဲ့ Sentosa ဟာ စင်ကာပူရဲ့ တောင်ဖက်ပိုင်းမှာ ရှိပါတယ်။ မြို့ပြရဲ့ အငွေ့အသက်တွေကို မုန်းတဲ့ လူတွေအဖို့ Sentosa ဟာ လည်ပတ်ဖို့ အကောင်းဆုံး နေရာတခုပါ။ ဒီကမ်းခြေမှာ အပန်းဖြေရင်း အားကစား၊ Spa လုပ်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် အလှတရားကို ခံစားခြင်းစတာတွေ လုပ်နိုင်ပါတယ်။ Tiger Tower မှာ အင်ဒိုနီးရှားနိုင်ငံအထိ မှန်ပြောင်းနဲ့ Zoom ဆွဲပြီး ကြည့်ရင်း စိတ်လှုပ်ရှားစွာ လည်ပတ်လို့ ရပါသေးတယ်။
(၂) Universal Studio
စင်ကာပူနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးနေရာကတော့ Universal Studio ပါ။ ကလေးတွေရော ၊ လူကြီးတွေပါ သဘောကျလောက်မယ့် နေရာတခုဖြစ်ပါတယ်။ ဒီကစားကွင်းကြီးမှာရှိတဲ့ Show ပွဲတွေ ရိုလာကိုစတာတွေ Water World တွေ ရှိပါတယ်။ ဒီ Studio ရဲ့ အနားမှာပဲ “S.E.A Aquarian and Maritime Museum” လို့ခေါ်တဲ့ ရေအောက်ငါးပြတိုက် ရှိနေပါတယ်။ ဒီပြတိုက်ထဲမှာ ငါးမျိုးစိတ်ပေါင်း တသောင်းကျော်ကို ပြသထားပါတယ်။
(၃) Marlion Park
စင်ကာပူလို့ ပြောလိုက်တာနဲ့ လူတွေ တန်းမြင်ယောင်ကြတဲ့ ရုပ်တုပါ။ ဒီရုပ်တုကို ငါးကိုယ်ထည် ခြင်္သေ့ခေါင်းနဲ့ ပြုလုပ်ထားပြီး ပါးစပ်မှ ရေတွေထွက်တဲ့ ရုပ်တု ဖြစ်ပါတယ်။ ဒီရုပ်တုကို ၂၀၀၂ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၁ နှစ်မှာ လာရောက်ကြည့်ရှုသူ ၁ သန်းခန့် ရှိတဲ့နေရာ ဖြစ်ပါတယ်။
(၄) Helix Bridge
ဒီတံတားကတော့ စတီးတွေနဲ့ချည်း တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ ဒီတံတားကို လွန်ခဲ့တဲ့ ၁၁ နှစ် ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ထားပြီး ဒီတံတားဟာ Marina canter ကို Marina ပင်လယ်အော်နဲ့ ဆက်ထားပေးတဲ့ နေရာ ဖြစ်ပါတယ်။
နောက်ထပ်လည်ပတ်စရာတွေကတော့ မှန်တွေနဲ့ပဲ ပြုလုပ်ထားတဲ့ “Garden By The Bay” ၊ မှန်လုံ အဆောက်အဦထဲမှာ လူပြုလုပ်ထားတဲ့ ရေတံခွန်ကို ထည့်သွင်း တည်ဆောက်ထားတဲ့ “Cloud Forest” ၊ နိုင်ငံပေါင်းစုံက ပန်းပင်မျိုးစုံကို တစုတစည်းတည်း တွေ့ရမယ့် “Flower Dome” ၊ ငှက်မျိုးစုံကို မြင်တွေ့ရမယ် “Jurong Bird Park” ၊ ကမ္ဘာ့အမြင့်ဆုံး ရဟတ်တွေထဲက တခုအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ “Singapore Flyer” စတဲ့ နေရာတွေကို လည်ပတ်နိုင်ပါတယ်။
Ref; Travel.com , willflyforfood.com