UAE ကို သွားလည်တဲ့အခါ ဒူဘိုင်းကို သွားမလည်ဘဲ အဘူဒါဘီကို သွားလည်မယ်ဆိုရင် ကြိုတင် လေ့လာ ထားစရာတွေ ရှိပါတယ်။ UAE ရဲ့မြို့တော်ဖြစ်တဲ့ အဘူဒါဘီ (Abu Dhabi) ဟာလည်း ကန္တာရအလယ်က ဝင့်ဝင့်ကြွားကြွားရှိတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ဒါကြောင့် အဘူဒါဘီကို သွားရောက်လည်ပတ်ရမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဗလီအနီးအနားက ဟိုတယ်မှာ မတည်းပါနဲ့
အစ္စလာမ်တွေဟာ တနေ့ကို ငါးကြိမ် ဘုရားဝတ်ပြုဖို့ နှိုးဆော်ကြပါတယ်။ ဒီအသံဟာ တမြို့လုံးကို လွှမ်းခြုံနေတာဖြစ်လို့ သင်ဟာ ဘယ်မှာနေနေ ကြားနေရမှာပါ။ သင်က တိတ်ဆိတ်မှုကို နှစ်သက်တဲ့ သူဆိုရင် ဗလီနားမှာ တည်းခိုခြင်းက အဆင်ပြေမှာ မဟုတ်ပါဘူး။
(၂) ဘယ်နေရာကိုမှ မြန်မြန်မရောက်နိုင်တာကို သတိထားပါ
ဒူဘိုင်းမှာ လူဦးရေထူထပ်တယ်ဆိုတိုင်း အဘူဒါဘီမှာ လူဦးရေနည်းမယ် မထင်လိုက်ပါနဲ့။ လူဦးရေ ၂ ဒဿမ ၃ သန်းဟာ ကန္တာရထဲက မြို့တမြို့ဖြစ်တဲ့ အဘူဒါဘီမှာ ရှိနေတာမလို့ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ စနေ၊တနင်္ဂနွေတွေမှာ ဆိုရင် ကားလမ်း အရမ်းပိတ်ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်တွေကို ရှောင်ပြီးသွားလာဖို့ တိုက်တွန်းချင်ပါတယ်။
(၃) ငြင်းဆိုတတ်ပါစေ
တကယ်လို့များ သင်ဟာ အဘူဒါဘီကိုသွားလည်ရင်း တယောက်ယောက်က သင့်ရှေ့မှာ မလိုအပ်တဲ့ စကားတွေပြောဆိုပြီး သင့်ကို မိတ်ဖွဲ့လာရင် အဲ့ဒီလူတွေကို ဝေးဝေးကသာ ရှောင်ပါ။ မူးယစ်ဆေးဝါး ကိုင်ဆောင်လာနိုင်ချေရှိတဲ့ လူအားလုံးကို ယောင်လို့တောင် မပတ်သက်မိဖို့ လိုပါတယ်။ UAE က မြို့တိုင်းမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေရှိမှုဟာ ကြီးမားတဲ့ ထောင်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် တယောက်ယောက်က တခုခုကို လာကမ်းလှမ်းရင် ငြင်းဆိုတတ်ပါစေ။
(၄) Ramadan ဥပုသ်လအတွင်း သွားမလည်ပါနဲ့
သင်ဟာ အစ္စလာမ် ဘာသာဝင် မဟုတ်ဘူးဆိုရင် Ramadan ဥပုသ်လအတွင်း သွားမလည်တာ အကောင်းဆုံးပါပဲ။ Ramadan ဥပုသ်လဟာ အစ္စလာမ်ပြက္ခဒိန်ရဲ့ ၉လမြောက် လဖြစ်ပြီး ဒီလမှာ အစ္စလာမ်ဘာသာဝင်တိုင်း ဥပုသ်ဝင်ကြလို့ ဆိုင်တွေ ဖွင့်လှစ်ခြင်း သိပ်မရှိပါဘူး။ ဒါကြောင့် ဒီဥပုသ်လကို ရှောင်ပြီးမှ သွားရောက် လည်ပတ်သင့်ပါတယ်။
(၅) ရိုင်းစိုင်းတဲ့ စကားတွေပြောခွင့် မရှိပါဘူး
ဘာသာရေးစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံဖြစ်လို့ ဆဲဆိုခြင်းတွေ၊ ကျိန်ဆဲခြင်းတွေ လုပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် သင်ဟာ ပါးစပ်စည်းစောင့်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီနိုင်ငံသားတွေကတော့ စည်းမဲ့ကမ်းမဲ့ ရိုင်းစိုင်းတဲ့ စကားတွေပြောတတ်တဲ့ အကျင့်ရှိရင် သူတို့နိုင်ငံကို လာမနေဘဲ ဖလော်ရီဒါက ကမ်းခြေကိုသာ သွားလည်ကြပါလို့ အကြံပေးလေ့ ရှိကြပါတယ်။
(၆) သင့်မှာ လိင်တူချစ်သူရှိရင် မသွားသင့်ပါဘူး
UAE ဟာလိင်တူချစ်သူတွေကို အပြင်းအထန် ကန့်ကွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ တကယ်လို့များ သင့်မှာ လိင်တူချစ်သူ ရှိနေတယ်ဆိုရင် မသွားဖို့ အကြံပေးချင်ပါတယ်။ အရမ်းသွားချင်ရင်တော့ လူလည်ခေါင်မှာ မချစ်ပြဖို့ လိုပါတယ်။
(၇) အဝတ်အစားကို သတိပြုပါ
သင်သွားရောက်လည်ပတ်မယ့်နိုင်ငံဟာ အစ္စလာမ်နိုင်ငံဖြစ်လို့ ဝတ်ဆင်မယ့် အဝတ်အစားကို သတိပြုရပါမယ်။ သူတို့ဟာ အမျိုးသမီးတွေကို လုံခြုံစွာဝတ်ဆင်ဖို့ စည်းမျဉ်းတွေ ထုတ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံကို သွားလည်မယ်ဆိုရင် လုံခြုံတွေအဝတ်အစားတွေကိုသာ ဂရုပြု ဝတ်ဆင်ဖို့ လိုပါတယ်။
Ref;destinationtips.com