သင်ဟာ ပြည်တွင်းခရီးသွားခြင်းကို ငြီးငွေ့ပြီး နိုင်ငံခြားခရီးကို စတင်သွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ ကိုယ့်နေရပ်မဟုတ်တဲ့ နိုင်ငံကိုသွားမှာ ဖြစ်လို့ မတူညီတဲ့စရိုက်တွေ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်စေဖို့ နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်အဖြစ် ခရီးသွားမယ့်သူတွေ ပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြပေးချင် ပါတယ်။
(၁) လုံခြုံရေး
နိုင်ငံခြားကို သွားဖို့အတွက် ပထမဆုံးလိုအပ်တဲ့ အရာကတော့ Passport ပဲ ဖြစ်ပါတယ်။ သင့် Passport ကို မူရင်းသာမက မိတ္တူပါကူးပြီး ယူသွားဖို့ အကြံပေးချင်ပါတယ်။ မတော်တဆ သင့်ရဲ့ Passport ပျောက်သွားသည်ရှိသော် သင့်ရဲ့နေထိုင်မှုကို ဒုက္ခမဖြစ်စေဖို့ မိတ္တူကူးထားတဲ့ Passport ဆောင်သွားတာအဆင်ပြေပါလိမ့်မယ်။
ဒါ့အပြင် နောက်ထပ်မိတ္တူကို သင်ယုံကြည်ရတဲ့ သူတယောက်ယောက်ဆီမှာ ထပ်မံ အပ်နှံထားသင့်ပါသေးတယ်။ တကယ်လို့မှ သင်စိတ်ချရတဲ့သူမရှိဘူးဆိုရင် Eletronics Copy ကူးပြီး သင့်ဖုန်းထဲမှာ ထပ်မံသိမ်းဆည်းထားသင့်ပါတယ်။ သင်သွားမယ့် နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း သွားရောက်သတင်းပို့ထားရပါမယ်။ ဒါမှသာ သင်လည်ပတ်နေတဲ့ နိုင်ငံမှာ ပြဿနာ တစုံတရာရှိလာရင် သင့်ကိုသံရုံးဖက်က ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
(၂) ကျန်းမာရေး
သင့်ကျန်းမာရေးအတွက် လိုအပ်တာတွေ အားလုံးကို စစ်ဆေးသွားပါ။ ထိုးဖို့လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထား ကြောင်းကို သေချာအောင်ပြုလုပ်ရပါမယ်။ နောက်ပြီး နိုင်ငံခြားသွားတဲ့သူတွေလုပ်ဖို့ လိုအပ်တဲ့ အသက်အာမခံ စတာ တွေကို သေချာစွာလုပ်ထားဖို့ လိုအပ်ပါတယ်။
သင်သောက်နေကျ ဆေးတွေရှိတယ်ဆိုရင် သင်သွားမယ့် နိုင်ငံမှာ ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အကိုက်အခဲ ပျောက်ဆေးစတာတွေကို သတ်မှတ် အရေအတွက်ထက် ပိုပြီးပါမသွားအောင် စုံစမ်းဖို့လည်း လိုပါသေးတယ်။
(၃) ငွေကြေး
သင်သွားမယ့်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကွာဟမှုတွေကို ကြိုတင်လေ့လာသွားဖို့ လိုပါတယ်။ ဥပမာ အနောက်နိုင်ငံ တွေက ငွေကြေးဟာ မြန်မာနိုင်ငံထက် ပိုမြင့်ပေမယ့် အာရှက တချို့နိုင်ငံတွေရဲ့ ငွေကြေးဈေးက မြန်မာနိုင်ငံထက် ပိုပြီး နိမ့်တယ်ဆိုတာ သိထားဖို့လိုပါတယ်။
သင် ယူသွားမယ့် Credit Card က သင်လည်ပတ်မယ့်နိုင်ငံမှာ အလုပ်လုပ်ရဲ့လားဆိုတာကိုလည်း စုံစမ်းဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကတော့ သင်သွားမယ့်နိုင်ငံရဲ့ ငွေကြေးကို လက်မှာ ကိုင်ဆောင်ထားဖို့ပါပဲ။ Credit Card နဲ့ တချိန်လုံး ငွေရှင်းလို့ မရတာကို သိထားဖို့ လိုပါတယ်။
(၄) လျှပ်စစ်ပစ္စည်းအတွက် ပြင်ဆင်စရာများ
သင်သွားမယ့် နိုင်ငံနဲ့ မြန်မာနိုင်ငံက အသုံးပြုတဲ့ ဖုန်းအားသွင်းဖို့ ပလပ်ခေါင်းတွေ၊Voltage တွေ မတူတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သွားမယ်ဆိုရင် သင့်အားသွင်းကြိုးစတာတွေက နိုင်ငံတကာ စံညွှန်းနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေဖြစ်ဖို့ ပြင်ဆင်သွားရပါမယ်။ တခါတရံမှာ သင်ယူလာတဲ့ ပစ္စည်းကို အားသွင်းဖို့အတွက် သင်သွားရောက်မယ့် နိုင်ငံရဲ့ Voltage မနိုင်တာတွေ ဖြစ်တတ်လို့ ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။
(၅) အထုတ်အပိုးပြင်ခြင်း
သင့် Luggage ထဲမှာ ထည့်မယ့် အဝတ်တွေအပြင် သင်ထသွားထလာ သယ်သွားမယ့် ကျောပိုးအိတ်၊လက်ကိုင်အိတ် စတဲ့ အိတ်တွေမှာ အဝတ်အပိုတွေ ထည့်သွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ မတော်တဆ Luggage က လေယာဉ်ကွင်းကို ရောက်ဖို့ ကြာနေတာ ဖြစ်ဖြစ်၊ပျောက်သွားတာ ဖြစ်ဖြစ် တခုခုဖြစ်ခဲ့ရင် သင့်မှာ အသင့်ဝတ်စရာ ရှိနေမှာပါ။
လေကြောင်းလိုင်းတွေဟာ သင်သယ်ဆောင်လာတဲ့ အိတ်တွေကို စစ်ဆေးပုံတွေ မတူပါဘူး။ ဒါကြောင့် သင်သွားမယ့် လေကြောင်းလိုင်းရဲ့ စစ်ဆေးပုံတွေကို သိထားဖို့ လိုပါတယ်။
နောက်ဆုံးတခုကတော့ သင်ကြိုက်တဲ့ မုန့်တွေ ယူသွားဖို့ပါပဲ။ သင်သွားမယ့်နိုင်ငံရဲ့ အစားအသောက်ကို သင်ကြိုက်မယ် ၊မကြိုက်ဘူးဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ဗိုက်ဟောင်းလောင်းမဖြစ်စေဖို့ သင်စားနေကျ မုန့်တွေ ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။
Ref;travelzoo.com