ခရီးသွားတဲ့ အချိန်မှာ ကိုယ်သွားမယ့် ခရီးအတွက် စိတ်ဖိအားဆိုတာ လူတိုင်းဖြစ်လေ့ရှိတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားချိန်မှာ တချို့ပစ္စည်းတွေကို ကျန်ခဲ့လေ့ရှိတာ မထူးဆန်းပါဘူး။
ဒီတခါမှာတော့ ခရီးသွားတဲ့ အချိန်မှာ မေ့ကျန်လေ့ရှိတဲ့ ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါကို ဖတ်ပြီးတဲ့နောက်မှာ ဒီပစ္စည်းတွေကို သေချာ စာရင်းလုပ်ထားမယ်ဆိုရင် သင်ခရီးသွားတဲ့ အချိန်မှာ ဒီပစ္စည်းတွေ မေ့ကျန်ခဲ့မှာ မဟုတ်တော့ပါဘူး။
(၁) ဖုန်းအားသွင်းကြိုး
ဒီနေ့ခေတ်မှာ နည်းပညာဟာ အရမ်းကို အရေးပါနေပါပြီ။ လူတွေ တယောက်နဲ့ တယောက် ဆက်သွယ်ကြတဲ့ အဓိကပစ္စည်းကလည်း ဖုန်းပဲ ဖြစ်နေပါပြီ။ ဒါကြောင့် ခရီးသွားရင် မမေ့မလျော့ ယူသွားရမှာကတော့ ဖုန်းအားသွင်းကြိုးပါပဲ။ ဖုန်းပါပြီး ဖုန်းအားသွင်းကြိုး မပါတဲ့ ဒုက္ခက တော်တော် ဆိုးပါတယ်။ ဒါကြောင့်ဖုန်းအားသွင်းကြိုးကို မမေ့မလျော့ ယူသွားသင့်ပါတယ်။ ဝယ်လိုက်ရင် ရတာပဲ ဆိုပေမယ့် သင့်ဖုန်းနဲ့ ကိုက်ညီတဲ့ ကြိုးကို ရှာရပါဦးမယ်။ တွေ့ခဲ့ရင်လည်း သင့်ခရီးစရိတ်တွေ အလကား ကုန်နိုင်ပါတယ်။
(၂) မန်မိုရီကတ် အပို
မန်မိုရီကတ် အပိုဟာလည်း ခရီးသွားရင် မေ့နေကျ အရာတခုပါ။ ကင်မရာလည်း ပါသွားရက်နဲ့ မန်မိုရီ မလောက်လို့ ဓာတ်ပုံ မရိုက်ခဲ့ရရင် သင့်ခရီးစဉ်ရဲ့ အမှတ်တရတွေကို အပြည့်အဝ မှတ်တမ်း မတင်နိုင်ဘဲ ဖြစ်နေပါလိမ့်မယ်။
(၃) အရေးကြီး စာရွက်စာတမ်း မိတ္တူ
ဒီတခုကတော့ အားလုံးနီးပါး မေ့ကြတဲ့ အရာလို့တောင် ပြောလို့ ရပါတယ်။ ခရီးသွားတဲ့အချိန်မှာ Passport၊ မှတ်ပုံတင် စတာတွေဟာ မတော်တဆ ပျောက်ပျက်နိုင်ပါတယ်။ ဒါကြောင့် သင့်အတွက် အရေးကြီးတဲ့ စာရွက်၊ စာတမ်းတွေကို မိတ္တူဆွဲထားဖို့ မမေ့သင့်ပါဘူး။
(၄) အခြား မေ့ကျန်လေ့ရှိတဲ့ ပစ္စည်းများ
နောက်ထပ် ခရီးသွားတဲ့ အချိန်မှာ မေ့ကျန်လေ့ရှိတဲ့ ပစ္စည်းတွေကတော့ ပတ်တီး၊ သင်သောက်နေကျ ဆေးဝါးများ၊ ရေကူးဝတ်စုံ၊ သင့်သေတ္တာကို သော့ခတ်ဖို့ သော့၊ ခေါင်းဘီး၊ Sunscreen၊ နားကြပ်၊ ပိုက်ဆံအိတ်၊ အဆာပြေမုန့်၊ ထီး၊ မျက်မှန်၊ အနွေးထည်၊ လက်သန့်ဆေးရည် စတာတွေပဲ ဖြစ်ပါတယ်။ အခြားမေ့တတ်တာတွေကတော့ သင့်အလုပ်ကို ခွင့်တိုင်ဖို့နဲ့ အိမ်တံခါး သော့ခတ်ဖို့ စတာတွေကို မေ့လေ့ရှိကြပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
နိုင်ငံခြားကို ပထမဆုံးအကြိမ်ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်
တကိုယ်တော်ခရီးသွားတဲ့အခါ လုံခြုံမှုရှိအောင် ဘယ်လိုသွားမလဲ
အမျိုးသမီးတွေ တကိုယ်တော် ခရီးထွက်ခြင်းရဲ့ နောက်ကွယ်က အဆင်မပြေမှုများ
ခရီးသွားခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူး ၅ ခု
Ref; destinationtips.com