တရုတ်ပြည်ရဲ့ ကမ်းရိုးတမ်းဟာ မိုင်ပေါင်း ၁၁၀၀၀ ရှည်လျားပြီး အားလပ်ရက်အပန်းဖြေဖို့အတွက် ကမ်းခြေတွေ အများကြီးရှိပါတယ်။ ဒီလိုကမ်းခြေတွေထဲကနေ အလှဆုံးနဲ့ လူကြိုက်အများဆုံးကမ်းခြေကို ဧရာဝတီပရိသတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်။
(၁) Yalong Bay
တရုတ်ပြည်မှာ အကျော်ကြားဆုံးကမ်းခြေတခုဖြစ်တာကြောင့် အားလပ်ရက်မှာသွားမယ်ဆိုရင် လူတအားများပါတယ်။ စိမ်းပြာပြာရေတွေနဲ့အတူ သဲတွေက နူးညံံ့တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေလည်ပတ်တာများပါတယ်။ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တွေ၊ Top Ten ဝင်ဟိုတယ်တွေကို Yalong Bay မှာ အမြောက်အမြားတွေ့နိုင်ပါတယ်။
(၂) Wuzhizhou ကျွန်း
တရုတ်ပြည်ရဲ့မော်လ်ဒိုက်လို့တင်စားကြတာက Wuzhizhou ကျွန်းပါ။ ကျွန်းမှာတွေ့နိုင်တာက သစ်ပင်ကမ္ဘာနဲ့အတူ အရောင်စုံတဲ့ရေအောက်ပင်လယ်ပြင်ပါပဲ။ ရေငုပ်ခြင်းအတွက် ပထမဆုံးစီးပွားဖြစ်ကျွန်းတခုပါ။ အဲဒီကိုသွားရင် ရေငုပ်ပြီး ရေအောက်ကမ္ဘာကိုစူးစမ်းလေ့လာဖို့မမေ့ပါနဲ့။
(၃) Beidaihe Scenic Area
ငှက်ကြည့်လို့ရတဲ့နေရာတခုဖြစ်ပြီး သူ့ရဲ့ထူးခြားချက်က အေးမြတဲ့နွေရာသီနဲ့ နွေးထွေးတဲ့ဆောင်းရာသီ ဖန်တီး ပေးနိုင်တာပါပဲ။ နွေရာသီရဲ့နန်းတော်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ Beidaihe Scenic Area မှာ ဘေဂျင်းရဲ့အပူဒဏ်ကို ရှောင်ဖို့အတွက် လူတွေလာရောက်လည်ပတ် လေ့ရှိပါတယ်။ ရွှေရောင်သဲသောင်ပြင်နဲ့ နေရောင်ကို ခံစားချင်တယ်ဆိုရင် Beidaihe ကိုသွားလည်ပါ။
(၄) Gulangyu Beach
ကမ်းခြေမှာ စန္ဒယားပေါင်း အခု ၆၀၀ ရှိတဲ့အပြင် စိတ်ဝင်စားစရာ ဗိသုကာအနုပညာတွေကိုပါ ကြည့်ရှုခံစားနိုင်မှာပါ။ ကောင်းမွန်စွာထိန်းသိမ်းထားတဲ့ သမိုင်းဝင်အဆောက်အဦတွေကိုပါ လေ့လာရင်း ဘဝရဲ့အနှစ်သာရတွေကို အပြည့်အဝခံစားကြည့်နိုင်ပါတယ်။ ကမ်းခြေမှာလမ်းလျှောက်ရင်း အတွေးနယ်ချဲ့ဖို့လည်းအကြံပြုထားပါတယ်။
(၅) Tianya Haijiao
ချစ်သူစုံတွဲတွေသွားလည်သင့်တဲ့ကမ်းခြေတခုပါ။ ရိုမန်တစ်ဆန်တဲ့ပန်ချီုကားတချပ်လိုဖြစ်နေတဲ့ ကမ်းခြေဟာ တရုတ်ပြည်တောင်ပိုင်းက မလည်မဖြစ်နေရာတခုပါ။ တရုတ်စကားပုံတခုမှာဆိုရင် နင်နဲ့အတူ Tianya Haijiao သွားမယ်လို့ဆိုရင် သက်ဆုံးတိုင်အတူမခွဲရှိနေမယ်လို့ အဓိပ္ပာယ်ရပါတယ်တဲ့။
(၆) Putuoshan ကျွန်း
ဘာသာရေးဆိုင်ရာယဉ်ကျေးမှုထွန်းကားတဲ့ Putuoshan ကျွန်းဟာ ရိုမန်တစ်ဖြစ်သလို ကမ္ဘာမှာအသန့်ရှင်းဆုံး ကုန်းမြေလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ကမ်းခြေမှာလမ်းလျှောက်၊ ခရုခွံလေးတွေကောက်ယူလို့ ရေလှိုင်းအသံတွေနားထောင်ရင်း ငြိမ်းချမ်းဆိတ်ငြိမ်မှုကို ခံစားနိုင်ပါတယ်။ ဒီကျွန်းမှာ နာမည်ကြီးတာကတော့ ခြေလှမ်း တရာကမ်းခြေနဲ့ ခြေလှမ်း တထောင် ကမ်းခြေပါပဲ။ ဘာသာရေးဆိုင်ရာအဆောက်အဦတွေလည်းရှိတာကြောင့် စိတ်ရဲ့ငြိမ်းချမ်းမှုကို ကမ်းခြေသွားရင်းဖော်ထုတ်နိုင်ပါတယ်။