ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့နှင့် တောင်ငူမြို့များအား ဒုတိယအကြိမ် အာဆီယံ အသန့်ရှင်းဆုံး ခရီးသွားမြို့တော် အဆင့် ပြိုင်ပွဲ ဝင်ရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း ပြည်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ထံမှ သိရသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် Asian Tourism Forum ၌ အာဆီယံ အသန့်ရှင်းဆုံး ခရီးသွားမြို့ တော်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်နှင့် တောင်ငူမြို့ရှိ သက်ဆိုင် ရာ တာဝန်ရှိသူများထံသို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဧရာဝတီသို့ ပြောသည်။
“လွှတ်တော်မှာ ကျနော်မေးတဲ့မေးခွန်းကို ဝန်ကြီးကပြန်ဖြေပေးတာကတော့၊ ဒါမြန်မာတနိုင်ငံလုံးက မြို့တွေအားလုံးကို ပြိုင်ဖို့ လမ်းညွှန်ထားတယ်။ ဒါပေမယ့် ပဲခူးတိုင်းအတွင်း ပြည်နဲ့ တောင်ငူကို ဝင်ပြိုင်ဖို့ သက်မှတ်ချက်တွေ ပြည့်မှီအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးကဖြေပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါ သတ်မှတ်ထားသည့် (Cirteria)များမှာ မြို့ပြစီမံကိန်း၊ သန့်ရှင်းမှု၊ သဘာ၀ ပတ်ဝန်းကျင် အနေအထား၊ အစားအစာ ၊ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအစရှိသည့် အချက်အလက်များ အပါ အဝင် ၁၀၈ ချက်ရှိရာ အနည်းဆုံး အချက် ၅၄ ချက် ကိုက်ညီရန် လိုအပ်ကြောင်း သိရသည်။
သို့သော် သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် လွန်ခဲ့သည့် ၃လခန့်ကတည်းက ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍ ရေးဝန်ကြီးမှနေ၍ တိုင်းဒေသကြီးအဆင့် ကျန်းမာရေးဌာန၊ စည်ပင်၊ ဟိုတယ်နှင့်ခရီး စသည့်ဌာနများနှင့် ပြည်နှင့် တောင်ငူရှိ ခရိုင်ထွေအုပ်ရုံးများထံသို့ ညွှန်ကြားထားသော်လည်း လုပ်ဆောင်ထားခြင်းမရှိသေးကြောင်း ဦးကျော်ဇေယျမှ ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ညွှန်ကြားထားတာပါ။ ဒါပေမယ့် ဘာမှမလုပ်ဆောင်ရသေးပါဘူး။ အဲဒီလိုပျက်ကွက် တာနဲ့ ပတ်သက်လို့ ဝန်ကြီးက သူကိုယ်တိုင် ပြည်မှာလာပြီး အလုပ်ရုံးဆွေးနွေးပွဲ လေး လုပ်မယ်ပြောပါတယ်။ သတ်မှတ် ချက်တွေ ပြည့်မှီဖို့ အစိုးရလုပ်ပေးရမယ့် အချက်တွေရှိသလို အရပ်ဘက်အဖွဲ့အစည်းတွေပေါင်းပြီး စုပေါင်းအင်အားနဲ့လုပ်ရ မယ့် ကိစ္စတွေရှိပါတယ်။ အဲဒါတွေ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သွားကြဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်မြို့နှင့် တောင်ငူမြို့များသည် ရှေးယခင် မြန်မာမင်းများလက်ထက်ကတည်း တည်ထားခဲ့သည့် မြို့များဖြစ်ပြီး၊ ပြည်မြို့အနီး မှော်ဇာရှိ သရေခေတ္တရာ ပျူမြို့ဟောင်းမှာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က အသိ အမှတ်ပြုထားပြီးဖြစ်သည်။
အလားတူ တောင်ငူမြို့သည်လည်း ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်သည့် ဘုရင့်နောင် မင်းတြားကြီး နန်းစိုက်ရာ မြို့ဖြစ်ခဲ့ပြီး၊ ယခုတိုင် ကျုံးနှင့် နန်းတော်ရာတို့ကို ထိန်းသိမ်းထားဆဲ ရှိသေးသည်။
ပြည်မြို့ဒေသခံများကမူ အနေနဲ့ အာဆီယံအသန့်ရှင်းဆုံးခရီးသွားမြို့တော်အဆင့် ဝင်ရောက်ယှဉ် ပြိုင်ခြင်းအပေါ် ကြိုဆို ထောက်ခံပြီး ဆုရရှိခဲ့ပါက ဒေသတွင်း ခရီးသွားလုပ်ငန်းများ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလူဝင်းက ဧရာဝတီကိုပြောသည်။
“ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ဆုရရင်တော့ ခရီးသွားလုပ်ငန်းတွေသိသိသာသာ တိုးတက် လာမှာပါ။ ဘာကြောင့် လည်းဆိုတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ မြို့လည်းဖြစ်နေလို့ပါ။ ပြိုင်ပွဲမှာ ပထမ ရတာ မရတာထက် ဘာပဲပြော ပြော ဆုမရင်ခဲ့ရင်တောင် မြို့တော့သန့်သွားတာ ပေါ့ဗျာ။ စီမံဘဏ္ဍာဝန်ကြီး ၁၅ ရက်နေ့အစည်းအဝေးလာလုပ်ပြီးရင်တော့ ကျနော်တို့အပိုင်းက လုပ်နိုင်တာတွေ သေချာသိပြီးဆိုရင်တော့ အကောင်းဆုံး လုပ်သွားမှာပါ” ဟု ဦးလူဝင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံအနေနှင့် Asian Tourism Forum ပြိုင်ပွဲကို ၂၀၁၈ခု နှစ်က အာဆီယံအသန့်ရှင်း ဆုံးခရီးသွားမြို့တော် အဆင့် ပြိုင်ပွဲတွင် ကလောမြို့ ၊ပုဂံ နှင့် ပြင်ဦးလွင်မြို့တို့ ဆုရရှိခဲ့ပြီး ယခုဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အချိန် ၁၀ လ သာကျန်ရှိတော့ကြောင်း သိရသည်။